ရာသီဥတု အေးမြလာသည်နှင့်အမျှ အအေးမိခြင်း၊ ရာသီတုပ်ကွေး ဖြစ်ပွားခြင်းသည် အဖြစ်များလာလေ့ရှိကြပါသည်။
ထိုသို့ ဖြစ်ပွားသောအအေးမိဖျားနာခြင်းနှင့် ရာသီတုပ်ကွေးဖြစ်ခြင်းတို့၏ လက္ခဏာများသည် လွန်စွာမှ ဆင်တူလေ့ ရှိပါသည်။ အဆိုပါရောဂါတို့၏ နောက်ဆက်တွဲဆက်လက်ဖြစ်ပွားနိုင်သော ပြဿနာများသည် တူညီခြင်း မရှိသဖြင့် မည်သည့်ရောဂါဖြစ်ပွားနေကြောင်းကို ခန့်မှန်းသိရှိနိုင်လျှင် အကောင်းဆုံးပင်ဖြစ်ပါသည်။
အများအားဖြင့် ရာသီတုပ်ကွေးဖြစ်ပွားသောအခါ ဖြစ်ပေါ်သော ရောဂါလက္ခဏာများသည် အအေးမိသည့်အခါ ဖြစ်ပေါ်လေ့ရှိသော ရောဂါလက္ခဏာများထက် ပို၍ပြင်းထန်လေ့ရှိပါသည်။ ရောဂါလက္ခဏာတစ်ခုချင်းစီ၏ ကွဲပြားခြားနားချက်များကို အောက်ပါအတိုင်း လေ့လာမှတ်သားနိုင်ပါသည်။
ဖြစ်ပွားစေသော အကြောင်းရင်း
အအေးမိခြင်းကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးများမှာ Rhinoviruses, Parainfluenza စသော ဗိုင်းရပ်စ်များဖြစ်ပါသည်။ သို့သော် ရာသီတုပ်ကွေးကို ဖြစ်စေသော ဗိုင်းရပ်စ်မှာ Influenza Viruses တစ်မျိုးတည်းသာ ဖြစ်ပါသည်။
ပြင်းထန်မှု
ယေဘုယျအားဖြင့် ရာသီတုပ်ကွေးသည် အအေးမိခြင်းထက် ပိုမို ပြင်းထန်လေ့ရှိပါသည်။
စတင်ဖြစ်ပွားခြင်း
အအေးမိခြင်းသည် ရောဂါလက္ခဏာများ တဖြည်းဖြည်းဖြင့် စတင်တတ်ပါသည်။ သို့သော် ရာသီတုပ်ကွေးသည် ရောဂါလက္ခဏာများ ရုတ်တရက် ပေါ်ပေါက်လာတတ်ပါသည်။
ကိုယ်အပူချိန်မြင့်တက်ခြင်း
လူကြီးများ အအေးမိသည့်အခါ ကိုယ်အပူချိန်မြင့်တက်လာခြင်းသည် ဖြစ်ပွားခဲပါသည်။ ကိုယ်အပူချိန် မြင့်တက်လျှင်လည်း အနည်းငယ်သာ မြင့်တက်လေ့ရှိပါသည်။ ကလေးငယ်များတွင်မူ အအေးမိသည့်အခါ ကိုယ်အပူချိန်မြင့်တက်ခြင်း ပိုမိုဖြစ်ပွားလေ့ရှိပါသည်။ ရာသီတုပ်ကွေးဖြစ်ပွားလျှင်မူ အများအားဖြင့် လူကြီးရော ကလေးပါ ကိုယ်အပူချိန် မြင့်တက်လာလေ့ ရှိပါသည်။
နှာစေးခြင်း
အအေးမိသည့်အခါ အများအားဖြင့် နှာစေး၊ နှာမွှန်တတ်ပါသည်။ ရာသီတုပ်ကွေးတွင်မူ နှာစေးနှာမွှန်ခြင်းကို တစ်ခါတစ်ရံမှသာ တွေ့ရပါသည်။
နှာချေခြင်း
အအေးမိသည့်အခါ အများအားဖြင့် နှာချေတတ်ပါသည်။ သို့သော် ရာသီတုပ်ကွေးတွင်မူ တစ်ခါတစ်ရံမှသာ နှာချေလေ့ရှိပါသည်။
ချောင်းဆိုးခြင်း
အအေးမိဖျားနာသည့်အခါ ချောင်းဆိုးခြင်းသည် တစ်ခါတစ်ရံမှ ဖြစ်လေ့ရှိသကဲ့သို့ ချောင်းဆိုးသည့်အခါတွင်လည်း အနည်းငယ်သာ ဆိုးလေ့ရှိပါသည်။ ရာသီတုပ်ကွေးတွင်မူ ချောင်းဆိုးလေ့ရှိပြီး အနည်းငယ် ပိုမိုပြင်းထန်လေ့ရှိပါသည်။
လည်ပင်းနာခြင်း
အအေးမိခြင်း ဖြစ်သည့်အခါ လည်ပင်းနာခြင်း ဖြစ်လေ့ရှိပါသည်။ သို့သော် ရာသီတုပ်ကွေးတွင်မူ လည်ပင်းနာခြင်း တစ်ခါတစ်ရံမှသာ ဖြစ်လေ့ရှိပါသည်။
ခေါင်းကိုက်ခြင်း
အအေးမိသည့်အခါ ခေါင်းကိုက်ခြင်း ဖြစ်ခဲပါသည်။ ရာသီတုပ်ကွေးဖြစ်သည့်အခါတွင်မူ ခေါင်းကိုက်ခြင်း အဖြစ်များလေ့ရှိပါသည်။
ကိုယ်လက်ကိုက်ခဲခြင်း
အအေးမိသည့်အခါ ကိုယ်လက်ကိုက်ခဲခြင်း အနည်းငယ်သာဖြစ်ပွားလေ့ရှိပါသည်။ ရာသီတုပ်ကွေးတွင်မူ အများအားဖြင့် ကိုယ်လက်ကိုက်ခဲခြင်း ပိုမို ပြင်းထန်လေ့ရှိပါသည်။
နုံးချည့်ခြင်း
အအေးမိသည့်အခါ နုံးချည့်ခြင်း တစ်ခါတစ်ရံမှသာ ဖြစ်ပွားလေ့ရှိပါသည်။ သို့သော် ရာသီတုပ်ကွေးဖြစ်ပွားသည့်အခါတွင်မူ အများအားဖြင့် နုံးချည့်ခြင်း ဖြစ်ပွားလေ့ရှိပြီး သီတင်းပတ် ၂ ပတ်၊ ၃ ပတ်ကြာသည်အထိ ဆက်လက် နုံးချည့်နေတတ်ပါသည်။
နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ
အအေးမိခြင်းသည် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပွားမှု နည်းပါးတတ်ပါသည်။ သို့သော် ရာသီတုပ်ကွေးသည် နမိုးနီးယားရောဂါဖြစ်လာခြင်း၊ လေပြွန်ရောင်ရမ်းခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ ဆေးရုံတက်ရခြင်း စသည့် ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများ ဆက်လက် ဖြစ်ပွားတတ်ပါသည်။
ကုသခြင်း
အအေးမိခြင်းနှင့် ရာသီတုပ်ကွေးများကို အလုံးစုံ ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဝါးများ မရှိပါ။
သို့သော် အအေးမိခြင်းနှင့် ရာသီတုပ်ကွေးတို့ကြောင့် ဖြစ်ပေါ်လာသော ရောဂါဝေဒနာများကို သက်သာစေရန် သောက်သုံးနိုင်သော ဆေးဝါးများ ရှိပါသည်။
ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းများအတွက် အကိုက်အခဲပျောက်ဆေးများ သောက်သုံးပေးခြင်း၊ ချောင်းဆိုးခြင်းအတွက် ချောင်းဆိုးပျောက်ဆေးများ သောက်သုံးပေးခြင်း၊ နှာစေးခြင်းအတွက် နှာစေးပျောက်ဆေးများ သောက်သုံးပေးခြင်းစသည်ဖြင့် ရောဂါလက္ခဏာများကို သက်သာစေရန် ဆောင်ရွက်ပေးနိုင်ပါသည်။
သို့သော် သတိပြုရမည့်အချက်တစ်ခုမှာ ကလေးသူငယ်များ ခေါင်းကိုက်၊ ကိုယ်လက်ကိုက်ခြင်း ဖြစ်ပွားခဲ့ပါက သောက်သုံးသော အကိုက်အခဲပျောက်ဆေးများတွင် Aspirin ပါဝင်ခြင်း မရှိစေရန် ဂရုပြုရမည် ဖြစ်ပါသည်။ အဆိုပါ Aspirin သည် အခန့်မသင့်ပါက ကလေးသူငယ်များတွင် အသက်အန္တရာယ်အထိ စိုးရိမ်ရသော Reye’s Syndrome ကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါသည်။
အကယ်၍ ပန်းနာရင်ကျပ်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ အခံရှိသော လူနာများ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ပါက ဗိုင်းရပ်စ်ပိုးသတ်ဆေးများကို လိုအပ်ချက်အရ တစ်ခါတစ်ရံ ပေးလေ့ရှိပါသည်။
Author: ဒေါက်တာမိုး (ဆေး ၁)