ကိုယ်လက်ညောင်းညာကိုက်ခဲခြင်းသည် လူတိုင်းကြုံတွေ့နေကျ ပြဿနာတစ်ရပ်ဖြစ်ပါသည်။ ရာသီဥတုအကူးအပြောင်းဖြစ်တိုင်း ညောင်းညာကိုက်ခဲခြင်း ဖြစ်တတ်ပါသည်။ အထူးသဖြင့် အေးမြသော ဆောင်းရာသီတွင် ပိုမိုအဖြစ်များလေ့ရှိပါသည်။
ညောင်းညာကိုက်ခဲခြင်းသည် တစ်ခါတစ်ရံ အနှောင့်အယှက် အနည်းငယ်သာပေးတတ်သော်လည်း တစ်ခါတစ်ရံတွင်မူ ဒုက္ခကြီးကြီးမားမားပေးလေ့ရှိပါသည်။ ထို့ကြောင့် ကိုယ်လက်များ ညောင်းညာကိုက်ခဲခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများကို သိရှိမှတ်သားထားသင့်ပါသည်။
ရေသောက်ပါ
ရေဓာတ်လျော့နည်းနေလျှင် ကြွက်သားများ၏ လုပ်ငန်းဆောင်တာများ၏ စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်ပါသည်။ ထို့ပြင် ကြွက်သားများ နာကျင်ခြင်း၊ ကိုယ်လက် ညောင်းညာ ကိုက်ခဲခြင်းများကိုလည်း ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ရေများများသောက်ခြင်းဖြင့် ရေဓာတ်ပြည့်ဝနေအောင် ထိန်းသိမ်းကာ ကိုယ်လက်များ ညောင်းညာ ကိုက်ခဲခြင်းကို သက်သာစေနိုင်ပါသည်။
တစ်ခါတစ်ရံတွင် ပြင်းထန်သော လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းကြောင့် ချွေးထွက်များကာ ကိုက်လက်များ ညောင်းညာကိုက်ခဲပါက ခန္ဓာကိုယ်တွင် ရေဓာတ်အပြင် သတ္တုဓာတ်ဆားများပါ လျော့နည်းနေခြင်း ဖြစ်နိုင်ပါသည်။ ထိုအခါမျိုးတွင် ရေကိုသာမက သီးစုံဓာတ်ဆား၊ ရေဆူဆေးပြား စသည်တို့ကိုပါ သောက်သုံးပေးနိုင်ပါသည်။
လေ့ကျင့်ခန်း ပြုလုပ်ပါ
ကိုယ်လက်များ ညောင်းကိုက်လာသောအခါ လှုပ်ရှားမှုမပြုဘဲ ငြိမ်ငြိမ်သက်သက် နားနေချင်စိတ်များ ဖြစ်ပေါ်လာတတ်ပါသည်။ ထိုသို့ နားနေခြင်းထက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်လိုက်ခြင်းသည် ညောင်းညာကိုက်ခဲခြင်းကို ပိုမိုသက်သာစေနိုင်ပါသည်။ လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် သွေးလှည့်ပတ်စီးဆင်းခြင်းကို ပိုမိုမြန်ဆန်သွက်လက်လာစေနိုင်သည့်အပြင် အကြောအခြင်များကိုလည်း ပြေလျော့စေနိုင်ပါသည်။ ထို့ကြောင့် ညောင်းညာခြင်းကို များစွာ သက်သာစေနိုင်ပါသည်။
ထို့ပြင် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် နာကျင်ကိုက်ခဲမှုများကိုလည်း သက်သာစေနိုင်ပါသည်။ ထိုသို့ လေ့ကျင့်ခန်းပြုလုပ်သောအခါ ပြင်းပြင်းထန်ထန် စတင်ပြုလုပ်ခြင်း မပြုသေးဘဲ အကြောလျှော့လေ့ကျင့်ခန်းများ၊ သွေးပူလေ့ကျင့်ခန်းများကို စတင်ကာ ပြုလုပ်သင့်ပါသည်။ ထို့ကြောင့် မိမိခံနိုင်သည့် ပမာဏအလိုက် လေ့ကျင့်ခန်း၏ ပြင်းထန်မှုကို ချိန်ညှိသင့်ပါသည်။
သို့သော် ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကြောင့် ကြွက်သားများ ပိုမိုနာကျင်မှုမရှိစေရန်ကိုမူ ဂရုစိုက်သင့်ပါသည်။
နှိပ်နယ်ခြင်းကို ခံယူပါ
လေ့လာတွေ့ရှိမှုများအရ စနစ်ကျသော နှိပ်နယ်ခြင်းကို ခံယူခြင်းသည် ကြွက်သားများ၊ အကြောအခြင်များကို ပြေလျော့စေနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် သွေးလှည့်ပတ် စီးဆင်းမှုကိုလည်း ကောင်းမွန်စေကာ ညောင်းညာကိုက်ခဲခြင်းကို သက်သာစေနိုင်ပါသည်။ အကြောအခြင်များကို ပြေလျော့စေသောကြောင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းကိုလည်း အထောက်အကူ ပြုနိုင်ပါသည်။ ကောင်းမွန်ပြည့်ဝသော အိပ်စက်ခြင်းသည် ကိုယ်လက်များ ညောင်းညာကိုက်ခဲခြင်းကို သက်သာစေရန် အထောက်အကူပြုပေးနိုင်ပါသည်။
ရေနွေးစိမ်ပါ
ရေနွေးစိမ်ခြင်းသည် သွေးလှည့်ပတ်မှုကို ကောင်းစေခြင်း၊ ကြွက်သားများကို ပြေလျော့စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိသောကြောင့် ကိုယ်လက်များ ညောင်းညာကိုက်ခဲခြင်းများကိုလည်း သက်သာစေနိုင်ပါသည်။ အကယ်၍ ရေနွေးစိမ်ခြင်းတစ်ခုတည်းဖြင့် ကိုယ်လက်ညောင်းညာကိုက်ခဲခြင်း မသက်သာပါက ဆားခါး ၂ ခွက် (ထမင်းစားဇွန်းဖြင့်ဆိုသော် ဇွန်း ၃၀ ခန့်)ကို ရေနွေးဇလုံထဲသို့ထည့်ကာ စိမ်နိုင်ပါသည်။ ဆားခါးတွင်ပါရှိသော မဂ္ဂနီဆီယမ်ဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူကာ ညောင်းညာကိုက်ခဲခြင်းများကို သက်သာစေနိုင်ပါသည်။
ရေခဲကပ်ပါ
ရေခဲသည်လည်း ရေနွေးကဲ့သို့ပင် ကိုယ်လက် ညောင်းညာ ကိုက်ခဲခြင်းကို သက်သာစေနိုင်ပါသည်။ အထူးသဖြင့် ကြွက်သားများ ရောင်ရမ်းမှုကြောင့် ဖြစ်ပွားသော ညောင်းညာကိုက်ခဲခြင်းများကို ပိုမိုသက်သာစေနိုင်ပါသည်။
ရေခဲတုံးကို အဝတ်ပါးပါးတစ်ထပ် သို့မဟုတ် အိတ်တစ်ခုခုဖြင့်ထည့်ပြီး ညောင်းညာကိုက်ခဲနေသော ကြွက်သားကို ကပ်ပေးနိုင်ပါသည်။ ရေခဲတုံး၏ အအေးဒဏ်ကြောင့် ကြွက်သားများ ရောင်ရမ်းခြင်းကို သက်သာစေကာ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်သကဲ့သို့ နာကျင်ကိုက်ခဲမှု သတင်းပေးပို့ချက်များကို ဦးနှောက်ဆီသို့ပို့ဆောင်ပေးသော အာရုံကြောများကို ထုံထိုင်းစေကာ ညောင်းညာကိုက်ခဲမှုများကို ဦးနှောက်က သိရှိခြင်း မရှိတော့သောကြောင့်လည်း ညောင်းညာကိုက်ခဲခြင်းများကို သက်သာစေနိုင်ပါသည်။ ရေခဲကပ်ခြင်းကို တစ်ကြိမ်တစ်ခါပြုလုပ်လျှင် မိနစ် ၃၀ ခန့် ပြုလုပ်ပေးနိုင်ပါသည်။
ဆေးလိမ်းပါ
ကိုယ်လက်များ ညောင်းကိုက်နေပါက လိမ်းဆေးများကို လိမ်းပေးခြင်းအားဖြင့်လည်း သက်သာပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်ပါသည်။ ထိုသို့လိမ်းသောအခါ အနောက်တိုင်းဆေးဝါးများကို လိမ်းနိုင်သကဲ့သို့ တိုင်းရင်းဆေးပညာဖြင့် ထုတ်လုပ်ထားသော လိမ်းဆေးများကိုလည်း လိမ်းပေးနိုင်ပါသည်။
ဖြစ်နိုင်ပါက ဆေးလိမ်းပြီးနောက် ညောင်းညာကိုက်ခဲနေသောနေရာကို အဝတ်ပါးပါးလေး တစ်ထပ်ဖြင့် အုပ်စည်းထားပေးခြင်းအားဖြင့်လည်း ဆေး၏ အစွမ်းသတ္တိကို ပိုမိုထိရောက် လျင်မြန်စွာ ရရှိနိုင်ပါသည်။
ဆေးသောက်ပါ
ကိုယ်လက်များ ညောင်းညာကိုက်ခဲမှုကို သက်သာစေနိုင်သော၊ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူသောက်သုံးနိုင်သော ဆေးဝါးများ များစွာရှိပါသည်။ အဆိုပါ ဆေးဝါးများထဲမှ သင့်တော်ရာ ဆေးဝါးတစ်မျိုးမျိုးကို သောက်သုံးပေးခြင်းအားဖြင့်လည်း ကိုယ်လက်ညောင်းညာ ကိုက်ခဲခြင်းကို သက်သာစေနိုင်ပါသည်။
သို့သော် အဆိုပါအကိုက်အခဲပျောက်ဆေးများသည် အစာအိမ်နှင့် အူလမ်းကြောင်းကို ထိခိုက်စေနိုင်သဖြင့် အစာတစ်ခုခု စားသောက်ပြီးမှ သောက်ခြင်း၊ သို့မဟုတ် အစာအိမ်ဆေးများနှင့် တွဲ၍သောက်သုံးပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါသည်။
အထက်တွင် တင်ပြခဲ့သော နည်းလမ်းများထဲမှ သင့်တော်အဆင်ပြေသည့် နည်းလမ်းများကို အသုံးပြုခြင်းအပြင် အာဟာရပြည့်ဝအောင် ဂရုစိုက်၍ စားသောက်ခြင်း၊ အိပ်ရေးဝအောင် အိပ်စက်ခြင်းအားဖြင့်လည်း ကိုယ်လက်များ ညောင်းညာကိုက်ခဲခြင်းကို သက်သာပါစေကြောင်း ရေးသားအပ်ပါသည်။
Author: ဒေါက်တာမိုး (ဆေး ၁)