ခေါင်းတစ်ခြမ်းတည်းကိုက်ခြင်းသည် တစ်ခါတစ်ရံတွင် ပြင်းထန်ခြင်း မရှိသော်လည်း တစ်ရံတစ်ရံတွင်မူ ပြင်းပြင်းထန်ထန် ကိုက်လေ့ရှိပါသည်။ အချို့သူများတွင် ပျို့၊ အန်ခြင်းများပါ ဖြစ်ပွားလေ့ရှိပါသည်။ နာရီအနည်းငယ်ကြာအောင် ကိုက်တတ်ပြီး တစ်ခါတစ်ရံတွင် ၂ ရက်၊ ၃ ရက်အထိ ကိုက်ခဲတတ်ပါသည်။ စူးရှသော အလင်းရောင်၊ ဆူညံသံများကြောင့် ပိုမို ပြင်းထန်လာလေ့ရှိပါသည်။ ထို့ကြောင့် တိတ်ဆိတ်သောအခန်းထဲတွင် မီးများကို မှိတ်ကာ နားနေခြင်းအားဖြင့် ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်ပါသည်။
စိတ်ဖိစီးမှု
စိတ်ဖိစီးမှုသည် ခေါင်းတစ်ခြမ်းကိုက်စေခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပါသည်။ စိတ်ဖိစီးမှု များပြားလာသည့်အခါ ခန္ဓာကိုယ်မှ ဓာတုပစ္စည်းတစ်မျိုး ထွက်ပေါ်လာပါသည်။ အဆိုပါ ဓာတုပစ္စည်းသည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ထို့ပြင် စိတ်ဖိစီးမှုများပြားခြင်းအပြင် စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ပူပန်မှုများပြားခြင်းများသည် ကြွက်သားများ၏ တင်းအားများကို ပိုမိုများပြားလာစေနိုင်သကဲ့သို့ သွေးကြောများကို ကျယ်လာစေပါသည်။ ထိုကဲ့သို့ ဖြစ်ပေါ်ခြင်းများသည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ပိုမိုဆိုးရွားစေရန် ဝိုင်းဝန်းလုပ်ဆောင်ပေးပါသည်။
ဟော်မုန်း
အထူးသဖြင့် အမျိုးသမီးများတွင် ခေါင်းတစ်ခြမ်းကိုက်ရခြင်းသည် အမျိုးသမီးဟော်မုန်းတစ်မျိုးဖြစ်သည့် အီစတိုဂျင်ဟော်မုန်းနှင့် ဆက်စပ်မှုရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် ဟော်မုန်းအပြောင်းအလဲ ဖြစ်ပွားလေ့ရှိသော အချိန်ဖြစ်သည့် ရာသီလာသည့်အချိန်တွင် မိန်းကလေး အတော်များများ ခေါင်းကိုက်လေ့ရှိကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် မြီးကောင်ပေါက်ချိန်နှင့် မီးယပ်သွေးဆုံးချိန်များတွင် ခေါင်းကိုက်ခြင်း စတင်ဖြစ်ပေါ်ခြင်း သို့မဟုတ် ပျောက်ကင်းခြင်းများ ဖြစ်ပွားလေ့ရှိပါသည်။
အကိုက်အခဲပျောက်ဆေး အလွန်အကျွံသုံးခြင်း
ခေါင်းကိုက်ခြင်းကို သက်သာစေရန်အတွက် အကိုက်အခဲပျောက်ဆေးများကို အသုံးပြုလေ့ရှိကြပါသည်။ သို့သော် လူအများစု သတိမပြုမိသည့် အချက်တစ်ခုမှာ အကိုက်အခဲပျောက်ဆေးများကို မကြာခဏ အလွန်အကျွံ အသုံးပြုပါကလည်း ထိုအကိုက်အခဲ ပျောက်ဆေးများကို မသောက်သုံးတော့သည့်အချိန်တွင် ခေါင်းကိုက်ခြင်းဖြစ်ပွားတတ်ကြောင်း ဆိုသည့်အချက်ဖြစ်ပါသည်။
ထိုအခါ ခေါင်းကိုက်ပျောက်စေရန်အတွက် နောက်ထပ် အကိုက်အခဲ ပျောက်ဆေးဝါးများကို ထပ်မံသောက်သုံးမိကာ ထိုသို့ ထပ်မံသောက်သုံးခြင်းကြောင့် ထပ်မံခေါင်းကိုက် လာပါတော့သည်။ ဤနည်းအားဖြင့် မုန့်လုံးစက္ကူကပ်ကာ ခေါင်းကိုက်ခြင်းဝေဒနာကို ကာလရှည်ကြာစွာ ခံစားရပါတော့သည်။
တစ်ခါတစ်ရံတွင် ခေါင်းကိုက်ခြင်းကြောင့် မဟုတ်ဘဲ အခြားအင်္ဂါအစိတ်အပိုင်းများ နာကျင် ကိုက်ခဲခြင်းကြောင့် အလွန်အကျွံသောက်သုံးမိသော အကိုက်အခဲများကြောင့်လည်း ခေါင်းကိုက်ခြင်း ဝေဒနာ ခံစားလာရတတ်ပါသည်။
ထို့ကြောင့် အကိုက်အခဲပျောက်ဆေးများကို ကာလရှည်ကြာ အများအပြား သောက်သုံးပြီးနောက် မသောက်တော့ဘဲ ရပ်လိုက်သည့်အချိန်တွင် ခေါင်းကိုက်ဝေဒနာ ခံစားလာရပါက အဆိုပါ ခေါင်းကိုက်ခြင်းသည် အကိုက်အခဲပျောက်ဆေးကြောင့်များ ဖြစ်လေမလားဆိုသည့်အချက်ကို အမြဲတမ်း ထည့်သွင်းစဉ်းစားသင့်ပါသည်။
ဦးခေါင်းဒဏ်ရာ ရရှိခြင်း
ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိပြီးသည့်နောက်တွင် နောက်ဆက်တွဲအနေဖြင့် ခေါင်းကိုက်ခြင်းဖြစ်ပွားလေ့ရှိပါသည်။ ပုံမှန်အားဖြင့် ထိခိုက်မှုဖြစ်ပွားပြီးနောက် တစ်ရက်၊ နှစ်ရက်တွင် စတင်၍ ကိုက်လေ့ရှိပါသည်။ တစ်ခါတစ်ရံတွင် လနှင့်ချီ၍ ဆက်လက်ကိုက်နေတတ်ပါသည်။ ထိုသို့ ကြာမြင့်စွာ ဆက်လက်ကိုက်ခဲနေသည့်တိုင်အောင် ကိုက်ခဲခြင်း ပြင်းထန်မှုသည် တစ်ပတ်နှစ်ပတ်မှ စတင်ကာ တဖြည်းဖြည်းနှင့် တိုးတက်သက်သာမှုရှိလာရမည် ဖြစ်ပါသည်။ အကယ်၍ တိုးတက် သက်သာမှုမရှိခဲ့ပါက ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသည်။
ထိပ်ကပ်နာဖြစ်ခြင်း
ထိပ်ကပ်နာဖြစ်ပွားသောအခါ ခေါင်းကိုက်ခြင်းသည်လည်း ဖြစ်ပွားလေ့ရှိပါသည်။ ထိုသို့ ဖြစ်ပွားသောအခါ ခေါင်းကိုက်ခြင်းအပြင် အစိမ်းရောင်၊ အဝါရောင် သို့မဟုတ် အညိုရောင် နှပ်ချေးပျစ်ပျစ်များပါ ကျလေ့ရှိပါသည်။ ရက်ပေါင်း အတန်ကြာသည်အထိ ခေါင်းကိုက်နေတတ်ပါသည်။
လည်ပင်းရိုးဆစ်ရောင်ရမ်းခြင်း
တစ်ခါတစ်ရံတွင် လည်ပင်းရိုးဆစ်ရောင်ရမ်းသောအခါတွင်လည်း ခေါင်းကိုက်ခြင်း ဖြစ်ပွားတတ်ပါသည်။ ထိုသို့ကိုက်ခဲသောအခါ အများအားဖြင့် ဦးခေါင်း၏ အနောက်ဘက်မှ စတင်ကာ ကိုက်ခဲလေ့ရှိပြီး တဖြည်းဖြည်းနှင့် ဦးခေါင်း၏ အရှေ့ပိုင်းနှင့် နားထင်များဆီသို့ ပျံ့နှံ့လာလေ့ရှိပါသည်။
လည်ပင်းလှုပ်ရှားမှုများသောအခါ ပိုမိုကိုက်ခဲလေ့ရှိပြီး လည်ပင်းကို လှုပ်ရှားမှုမရှိစေရန် ထိန်းပေးထားလျှင် ခေါင်းကိုက်ခြင်း ထူးထူးခြားခြား သက်သာတတ်ပါသည်။ အထူးသဖြင့် အရိုးအဆစ်များ ရောင်ရမ်းမှုများတတ်သည့် အရွယ်ဖြစ်သော အသက် ၅၀ ကျော်လာသောအခါ ဤကဲ့သို့ ခေါင်းကိုက်ခြင်းများ ဖြစ်ပွားလေ့ရှိပါသည်။
ဦးနှောက်အကျိတ်
ဦးနှောက်တွင် အကျိတ်တည်သောအခါ ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်ပါသည်။ သို့သော် ဦးနှောက် အကျိတ်တည်ခြင်း၏ တစ်ဝက်လောက်သာ ခေါင်းကိုက်ခြင်းကို လက္ခဏာအဖြစ် ပြသတတ်ကြပါသည်။ အခြားအဝက်လောက်မှာ ခေါင်းကိုက်ခြင်းဖြစ်ပွားမှု မရှိကြောင်း တွေ့ရပါသည်။
သို့သော် ခေါင်းကိုက်ခြင်းဖြစ်ပွားခြင်း အကြောင်းရင်း၏ ရာခိုင်နှုန်းအနည်းငယ်သာ ဦးနှောက်အကျိတ်ကြောင့် ဖြစ်တတ်ပါသည်။ ခေါင်းကိုက်ရခြင်း အကြောင်းရင်းအများစုမှာ ဦးနှောက်အကျိတ်ကြောင့် မဟုတ်ဘဲ အခြားအကြောင်းရင်းများကြောင့် ဖြစ်ခြင်းကြောင့် အလွန်အမင်း စိုးရိမ်ပူပန်ခြင်းမပြုသင့်ပေ။
အဆာလွန်ခြင်း
လေ့လာတွေ့ရှိမှုများအရ အဆာလွန်သောအခါ သို့မဟုတ် ထမင်းတစ်နပ်လွတ်သောအခါတွင် ခေါင်းတစ်ခြမ်းကိုက်တတ်ကြောင်း တွေ့ရှိရပါသည်။
ထို့ပြင် အဆာလွန်ခြင်းကြောင့် လေထခြင်း၊ အစာအိမ်တွင် အနာဖြစ်ခြင်း စသည့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားသော အခါတွင်လည်း ခေါင်းကိုက်ခြင်းကို လက္ခဏာတစ်ရပ်အနေနှင့် တွေ့ရှိရလေ့ရှိပါသည်။
Author: ဒေါက်တာမိုး (ဆေး ၁)