အူရောင်ငန်းဖျားရောဂါသည်(Typhoid) Salmonella Typhi or Salmonella Paratyphi ဗက်တီးရီးယားပိုးများကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါဖြစ်ပါသည်။ Paratyphi ကြောင့်ဖြစ်သော အူရောင်ငန်းဖျားသည် Salmonella Typhi ပိုးလောက် ပြင်းထန်လေ့မရှိပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဖော်ပြချက်ဒေတာအရ တစ်နှစ်လျှင် လူဦးရေ ၁၁သန်းမှ၂၁ သန်းသည် အူရောင်ငန်းဖျားရောဂါကြောင့် ဖျားနာခြင်းကိုခံစားနေရပါသည်။
အူရောင်ငန်းဖျားရောဂါသည် မသန့်ရှင်းသော အစားအသောက်၊ ရေမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ရောဂါပိုးကို ကူးစက်ခံထားရသော လက္ခဏာမပြသည့်သယ်ဆောင်သူက အစားအစာ၊ ရေတို့ကို ထိတွေ့ကိုင်တွယ်ရာမှ အခြားတစ်ယောက်ဆီသို့ အစာအိမ်အူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခံရခြင်းဖြစ်သည်။ ရောဂါပိုးကူးစက်ခံရသူတိုင်းသည် ရောဂါလက္ခဏာပြလေ့မရှိဘဲ အချို့တွင်လက္ခဏာမပြသည့် သယ်ဆောင်သူအဖြစ်သာ ရှိနေတတ်ပါသည်။
မသန့်ရှင်းသော အစားအသောက်မှတစ်ဆင့် ကူးစက်ခံရပြီး ၁-၂ ပတ်ကြာလျှင် ရောဂါလက္ခဏာပြလေ့ရှိသည်။ အစားအစာမှပါလာသော ရောဂါပိုးသည် အစာအိမ်အူလမ်းကြောင်းတစ်လျှောက်ရောက်ရှိပြီး အူသိမ်ပိုင်းမှ ခန္ဓာကိုယ်၏ အခြားအဂ်ါအစိတ်အပိုင်းများနှင့် သွေးထဲသို့ပျံ့နှံ့ရောက်ရှိ ပေါက်ဖွားပြီး ရောဂါကိုဖြစ်စေပါသည်။ ကူးစက်ခံရသူ၏ ကိုယ်ခံအားပေါ် မူတည်ပြီး ၁-၂ ပတ်ကြာလျှင် လက္ခဏာများခံစားရနိုင်ပါသည်။ ရက်သတ္တပတ် ၃ ပတ်အတွင်း ရောဂါလက္ခဏာပေါ်ပေါက်ပြီး စတုတ္ထအပတ်တွင် ပြန်လည်သက်သာလေ့ရှိသည်။
အဖျားတက်ခြင်း အပူချိန် 103–104°ဖာရင်ဟိုက် (39–40° ဆဲလ်စီးယပ်စ် ) ထိမြင့်ပြီး ပုံမှန်ကိုယ်အပူချိန်ထိမရောက်ဘဲ လှေကားထစ်ကဲ့သို့ တောက်လျှောက်တက်ခြင်း ရှိတတ်ပါသည်။ အားအင်ချည့်နဲ့ခြင်း၊ ချောင်းဆိုးခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းချုပ်ခြင်း ဒါမှမဟုတ် ဝမ်းလျှောခြင်း၊ ခန္ဓာကိုယ်တွင် အနီအစက်အပျောက်များထွက်ခြင်းတို့ တွေ့ရတတ်သည်။ အူလမ်းကြောင်း ပိုးဝင်ရောင်ရမ်းမှု ဖြစ်သောကြောင့် အဖတ်အစာမာမာစားလျှင် ရောင်ရမ်းမှုပိုဆိုးပြီး အဖျားတက်သောကြောင့် အူရောင်ငန်းဖျားရောဂါဟုခေါ်ကြခြင်းဖြစ်သည်။
ရောဂါလက္ခဏာများသည် တစ်လခန့်ကြာသည်ထိ ရှိနေနိုင်သော်လည်း ကူးစက်ခံရပြီး ကုသမှုခံယူလျှင် ၂ ပတ်အကြာတွင် ပြန်လည်သက်သာလာတတ်သည်။ သို့သော် ရောဂါဖြစ်ပွားသူများ၏ ၁၀ရာခိုင်နှုန်းခန့်တွင် နှစ်ပတ်အတွင်း ဒုတိယအကြိမ် ရောဂါပြန်ဖြစ်ခြင်း ရှိတတ်၍ မှန်ကန်သော ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။ အူရောင်ငန်းဖျားရောဂါဖြစ်ပြီး ပြန်ကောင်းလာသူများတွင် တစ်နှစ်အတွင်းရောဂါထပ်မံ ဖြစ်ပွားနှုန်းလည်း အလွန်များတတ်ပါသည်။
အူရောင်ငန်းဖျားရောဂါဖြစ်ပြီး ပြန်သက်သာလာသူများ၏ ၅ ရာခိုင်နှုန်းခန့်ဟာ နာတာရှည် လက္ခဏာမပြသည့် ပိုးသယ်ဆောင်သူအဖြစ် ရှိနေတတ်ပါသည်။ ထိုသူများမှတစ်ဆင့် အူရောင်ငန်းဖျားရောဂါပိုးကို အခြားသူများထံသို့ ပင်မဖြန့်ဝေသူအဖြစ် နှစ်ပေါင်းများစွာအထိ ရှိနေတတ်ပါသည်။ ထို့ကြောင့် အစားအသောက် ချက်ပြုတ်ကိုင်တွယ်သူများကို နှစ်စဉ်ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးရန် လိုအပ်ပါသည်။
Typhoid သည် ဗက်တီးရီးယားပိုးကြောင့် ဖြစ်သောကြောင့် ပဋိဇီဝ ပိုးသတ်ဆေးများ အသုံးပြု၍ ကုသနိုင်သည်။ အသက်အန္တရာယ်ရှိသည်ထိ ပြင်းထန်နိုင်သော ရောဂါဖြစ်သည့်အတွက် ဖျားနာခြင်း၊ အစာမဝင်ဘဲ နုံးချည့်ခြင်း၊ ဝမ်းလျှောခြင်းကဲ့သို့ လက္ခဏာများရှိလျှင် ဆရာဝန်နှင့်ပြသပြီး လိုအပ်သော သွေးဖောက်စစ်ခြင်း Widal Test၊ ဝမ်းစစ်ဆေးခြင်းသို့ စစ်ဆေးကြည့်ပြီး Ciprofloxacin, Azithromycin, Cephalosporin အစရှိသည့် ပိုးသတ်ဆေးအုပ်စုများ၊ လိုအပ်သော ခန္ဓာကိုယ် အရည်ဓာတ်ဖြည့်ပေးသည့် ကုသမှုများ (IV Fluids, Oral Rehydration) ကို အချိန်မှီရရှိနိုင်အောင် ဆောင်ရွက်ရပါမည်။