Anemia ဆိုတာဟာ သွေးနီဥဆဲလ်တွေနည်းပါးတာ ဒါမှမဟုတ် ကောင်းစွာအလုပ်မလုပ်နိုင်တာကြောင့် သွေးအားနည်းရောဂါဖြစ်ခြင်းကို ဆိုလိုပါတယ်။ သံဓာတ်အားနည်းလို့ သွေးအားနည်းရောဂါဖြစ်တတ်တာကိုတော့ လူတိုင်းသိကြပြီးဖြစ်ပါတယ်။ သံဓာတ်အပြင် Vitamin B12 နဲ့ Folic acid တို့ချို့တဲ့ရင်လည်း သွေးအားနည်းရောဂါ ဖြစ်လာတတ်ပါတယ်။ ၎င်းကို Vitamin Deficiency Anemia လို့ခေါ်ပါတယ်။
Vitamin deficiency Anemia ဖြစ်စေတဲ့အကြောင်းအရင်းများ
၁။ Vitamin B12 နဲ့ Folic Acid တို့ပါဝင်တဲ့ အစားအစာတွေ လုံလောက်စွာ မစားခြင်း
Vitamin B12 ကအဓိကအားဖြင့် အသား၊ နို့၊ ဥ စတာတွေမှာပါဝင်ပြီး Folic Acid ကတော့ အစိမ်းရင့်ရောင်အရွက်တွေနဲ့ အသည်းစတာတွေမှာ ပါဝင်ပါတယ်။ ဒါကြောင့် အသီးအရွက်ဘဲစားတဲ့ သက်သက်လွတ်သမားတွေဆိုရင် Vitamin B12 ချို့ယွင်းတာမျိုးအဖြစ်များပြီး B12 deficiency Anemia ဖြစ်တတ်ပါတယ်။
၂။ မိမိအူလမ်းကြောင်းမှာ ချို့ယွင်းချက်ရှိတာကြောင့် Vitamin B12နဲ့ Folic Acid တို့ ကောင်းစွာမစုပ်ယူနိုင်ခြင်း
Crohn’s Disease နဲ့ Celiac Disease တို့လိုရောဂါတွေရှိရင် ဒါမှမဟုတ် အူလမ်းကြောင်းခွဲစိတ်မှု ပြုလုပ်ထားဖူးရင် Vitamin B12နဲ့ Folic Acid တို့ကို အူလမ်းကြောင်းမှ စုပ်ယူနိုင်မှု လျော့နည်းသွားတတ်ပါတယ်။
၃။ Pernicious Anemia
အူလမ်းကြောင်းမှ Vitamin B12 ကို စုပ်ယူနိုင်ဖို့ Intrinsic Factor လိုအပ်ပါတယ်။ မိမိရဲ့ကိုယ်ခံအားဆဲလ်တွေက အစာအိမ်မှာရှိတဲ့ Intrinsic Factor ထုတ်လုပ်တဲ့ဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ Vitamin B12 ကိုလည်း ကောင်းစွာမစုပ်ယူနိုင်တော့တဲ့အတွက် သွေးအားနည်းရောဂါ ခေါ် Pernicious Anemia ကို ခံစားရစေပါတယ်။
Vitamin deficiency Anemia ဖြစ်ရင် ဘာတွေခံစားရနိုင်လဲ
Vitamin Deficiency Anemia ဟာ ချက်ချင်းထဖြစ်တာမျိုးမဟုတ်ဘဲ လပေါင်းများစွာ နှစ်ပေါင်းများစွာကြာမှ လက္ခဏာတွေ စတင်ခံစားရလာတာဖြစ်ပါတယ်။ အများဆုံးခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ မောပန်းလွယ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ မူးဝေခြင်း၊ အသားအရောင်ဖြူဖျော့ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ ခြေလက်တွေထုံကျင်ခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ ကြွက်သားအားနည်းခြင်း၊ မေ့လျော့ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနဲ့ အကျင့်စရိုက်များပြောင်းလာခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Vitamin Deficiency Anemia ဖြစ်ရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ
Vitamin B12 နဲ့ Folic Acid တို့ ချို့တဲ့ပြီး သွေးအားနည်းရောဂါကို မကုသဘဲ အချိန်ကြာမြင့်စွာ ထားမယ်ဆိုရင် ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကတော့-
- မွေးရာပါချို့ယွင်းတဲ့ ကလေးမွေးဖွားလာနိုင်ခြင်း
ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေဟာ Folic Acid လိုအပ်မှု ပိုမိုများပြားတာကြောင့် Folic Acid အားဆေးတွေ သောက်သုံးပေးရခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ Folic Acid လုံလောက်စွာမရခဲ့ရင် မိခင်က Vitamin Deficiency Anemia ခံစားရနိုင်သလို မွေးလာမယ့်ကလေးလေးမှာလည်း ချို့ယွင်းချက်တွေပါလာနိုင်ပါတယ်။
- အာရုံကြောဆိုင်ရာရောဂါများ
Vitamin B12 ချို့တဲ့တာ အချိန်ကြာလာရင် အာရုံကြောပြဿနာတွေဖြစ်တဲ့ ခြေလက်ထုံကျင်ခြင်း၊ မေ့လျော့ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတွေကို ခံစားလာရတတ်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် Vitamin B12 က မရှိမဖြစ်လိုအပ်တာပဲဖြစ်ပါတယ်။
- အစာအိမ်ကင်ဆာ ဖြစ်လာနိုင်ခြင်း
Vitamin B12 Deficiency or Pernicious Anemia ဟာ အစာအိမ်ကင်ဆာဖြစ်လာစေနိုင်တဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။
Vitamin deficiency Anemia မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ
Vitamin B12 နဲ့ Folic Acid ချို့တဲ့ခြင်းဟာ လုံလောက်စွာမစားသုံးခြင်းကြောင့် အဖြစ်များပါတယ်။ ဒါကြောင့် သွေးအားနည်းခြင်းမဖြစ်ရအောင် ဗီတာမင်ပါဝင်တဲ့ အစားအစာတွေကို များများစားသုံးပေးဖို့ လိုအပ်ပါတယ်။
Vitamin B12 ပါဝင်တဲ့အစားအစာတွေကတော့ ကြက်သား၊ အမဲသား၊ ငါး၊ အသည်း၊ ကြက်ဥ၊ နွားနို့၊ ချိစ်၊ ဒိန်ချဥ် တို့ဖြစ်ပါတယ်။Folic Acid ပါဝင်တဲ့အစားအစာတွေကတော့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကညွတ်၊ လိမ္မော်သီး၊ သံပရာသီး၊ ဌက်ပျောသီး၊ စတော်ဘယ်ရီသီး၊ အသည်း၊ ကျောက်ကပ်၊ မှို၊ မြေပဲ စတာတွေဖြစ်ပါတယ်။
လူတစ်ယောက်ဟာတစ်နေ့ကို Vitamin B12- 2.4 Micrograms နဲ့ Folic acid- 400 Micrograms လောက်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေကတော့ ဗီတာမင်လိုအပ်မှု ပိုမိုများပြားမှာဖြစ်ပါတယ်။
Vitamin deficiency Anemia ရှိမရှိဘာတွေစစ်ဆေးရမလဲ
▪︎သွေးနီဥဆဲလ်ရဲ့ အရေအတွက်နဲ့ ပုံသဏ္ဍာန်စစ်ဆေးခြင်း
▪︎သွေးတွင်း Vitamin B12 နဲ့ folic Acid ပမာဏကိုစစ်ဆေးခြင်း
▪︎Pernicious Anemia ရှိမရှိသိနိုင်ရန် Intrinsic Factor ကို တိုက်ခိုက်တဲ့ Antibody ရှိမရှိစစ်ဆေးခြင်း စတာတွေပြုလုပ်လို့ရပါတယ်။
ဘယ်လိုကုသရမလဲ
Vitamin B12 နဲ့ Folic Acid ကို အားဖြည့်ဆေးဝါးအနေနဲ့ သောက်သုံးပေးရမှာဖြစ်ပါတယ်။ Pernicious Anemia ခံစားနေရသူတွေကတော့ Vitamin B12 ကို အမြဲမကြာခဏ ထိုးသွင်းနေရမှာဖြစ်ပါတယ်။
မိမိက အစားအစာတွေလည်း စုံလင်စွာမစားသုံးတာကြောင့် ဒါမှမဟုတ် သတ်သတ်လွတ်စားသူဖြစ်တာကြောင့် သွေးအားနည်းရောဂါ လက္ခဏာရပ်အချို့ကို ခံစားနေရပြီဆိုပါက ဆရာဝန်နဲ့တိုင်ပင်ပြသရမှာဖြစ်ပါတယ်။