တစ်သက်မှာတစ်ခါတော့ ဇက်ကြောတက်ခြင်း(သို့မဟုတ်)နာကျင်ခြင်းကိုခံစားဖူးကြမှာပါ။ အလွန်နေရခက်တဲ့ဝေဒနာတစ်မျိုးဖြစ်ပြီး ကွန်ပျူတာနဲ့အချိန်ကြာမြင့်စွာအလုပ်လုပ်ရတဲ့လူတွေနဲ့ အထိုင်များတဲ့လူတွေမှာ အဖြစ်များတတ်ပါတယ်။ အရင်ကနဲ့စာရင် ဇက်ကြောတက်ခြင်းဟာ လူကြီး၊ လူငယ်မရွေးပိုမိုအဖြစ်များလာပါတယ်။ သာမန်ဇက်ကြောတက်ခြင်း/နာခြင်းဟာ အိမ်တွင်းကုသမှုနဲ့တင် သက်သာလေ့ရှိပေမဲ့ တစ်ခါတစ်ရံမှာပိုပြီးဆိုးလာတဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ဆရာမတွေနဲ့ဆွေးနွေးတိုင်ပင်ကုသဖို့လိုအပ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေရှိခဲ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြသဖို့တိုက်တွန်းချင်ပါတယ်။
(၁) အရမ်းနာကျင်လာပြီး ဇက်ကြောတစ်ဝိုက်ရောင်ရမ်းလာလျှင်
(၂) ရက်အတော်ကြာတဲ့အထိမသက်သာဘဲ ပိုဆိုးလာလျှင်
(၃) ဇက်နားတစ်ဝိုက်တွင်နာကျင်ခြင်းမဟုတ်ဘဲ လက်မောင်းနဲ့ခြေထောက်ထိ နာကျင်လာလျှင်
(၄)မတော်တဆမှုများကြောင့်ဖြစ်ပေါ်လာသောဇက်ကြောနာခြင်း/တက်ခြင်းများ (ဥပမာ-ယာဉ်မတော်တဆဖြစ်မှု၊ အမြင့်မှပြုတ်ကျခြင်း၊ ခေါင်းကိုတစ်ခုခုဖြင့်ရိုက်နှက်ခံရခြင်း) တို့ကြောင့် နောက်ဆက်တွဲ ဇက်ကြောနာခြင်း/တက်ခြင်းများ
ဆက်လက်ပြီးတော့ ဇက်ကြောတက်ခြင်းကို သက်သာစေမယ့်နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးပါ့မယ်။
(၁) အိပ်စက်တဲ့ပုံစံအနေအထားမှန်ကန်ပါစေ
အိပ်စက်တဲ့ပုံစံအနေအထားမမှန်ခြင်းကြောင့်လည်း တစ်ခါတစ်ရံမှာဇက်ကြောတက်တတ်ပါတယ်။ ဒါ့ပြင် ခေါင်းအုံးရွေးချယ်တဲ့နေရာမှာလည်းမှန်ကန်ဖို့လိုအပ်ပါတယ်။ အိပ်စက်တဲ့အခါမှာ သင့်ခေါင်းအောက်မှာ ခေါင်းအုံးတွေအများကြီးမခံထားသင့်ပါဘူး။ အကယ်၍ခံထားခဲ့မယ်ဆိုရင် ဇက်ကြောတစ်လျှောက်မှာရှိတဲ့ အာရုံကြောလေးတွေ နာကျင်လာပြီးတော့ ဇက်ကြောတက်လာတတ်ပါတယ်။ ဒါကြောင့်အိပ်စက်တဲ့အခါမှာ မိမိခေါင်းလွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့မနိမ့်မမြင့် အိစက်တဲ့ခေါင်းအုံးမျိုး ရွေးချယ်သင့်ပါတယ်။
(၂) မျက်စိအမြင်အာရုံကို ဂရုစိုက်ပါ
တစ်ခါတလေမှာ မျက်စိအမြင်စွမ်းအားလျော့နည်းလာရင်လည်း ဇက်ကြောတက်တတ်ပါတယ်။ မျက်စိအမြင်အာရုံလျော့နည်းလာတဲ့အချိန်မှာ ကိုယ်နဲ့သင့်တော်တဲ့ပါဝါမျက်မှန်ကိုရွေးချယ်တပ်ဆင်ဖို့လိုအပ်ပါတယ်။ အကယ်၍ကိုယ်က မျက်မှန်သမားဆိုရင် ကိုယ့်မျက်စိအမြင်စွမ်းအားကို ခြောက်လတစ်ခါလောက် စစ်ဆေးပေးသင့်ပါတယ်။ ဒါမှသာ ကိုယ့်မျက်စိနဲ့ကိုက်ညီမယ့် ပါဝါမျက်မှန်ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။
(၃) ကွန်ပျူတာနဲ့ ဖုံးသုံးစွဲတာကို လျှော့ချပေးပါ
များသောအားဖြင့် အထိုင်များတဲ့လူတွေနဲ့ (Screen Time) ဖုံးသုံးစွဲချိန်ကြာမြင့်တဲ့လူတွေမှာ ဇက်ကြောတက်တာကိုပိုခံစားရတတ်ပါတယ်။ အကယ်၍ကွန်ပျူတာ သုံးစွဲမယ်ဆိုရင်လည်း ကွန်ပျူတာမျက်နှာပြင်ကို ကိုယ့်မျက်စိနဲ့တစ်တန်းတည်းထားပြီး ခါးကိုလည်းတည့်မတ်စွာထားရပါမယ်။ ကွန်ပျူတာမျက်နှာပြင်အလင်းကိုလည်း တတ်နိုင်သလောက်လျှော့ချထားပီးတော့ ကိုယ့်မျက်စိနဲ့ကြည့်လို့အဆင်ပြေမယ့် အနေအထားမျိုးရွှေ့ပြောင်းပေးရပါမယ်။ ဖုန်းနဲ့ Tablet စတဲ့အလင်းပြန်ပစ္စည်းများ သုံးစွဲတဲ့အချိန်ကိုလည်း တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။
(၄) လမ်းများများလျှောက်ပါ
လမ်းများများလျှောက်ပေးခြင်းအားဖြင့် ဇက်ကြောတက်တာကို သိသိသာသာသက်သာ စေနိုင်ပါတယ်။
(၅) ရေခဲ (သို့မဟုတ်) ရေနွေးအိတ်လေးကပ်ပေးပါ
ဇက်ကြောတက်နေတဲ့အချိန်မှာ ဇက်ကြောတစ်ဝိုက်ကို ရေခဲ(သို့မဟုတ်) ရေနွေးအိတ်လေးကပ်ပေးခြင်းအားဖြင့်လည်း နာကျင်မှုကို သက်သာစေပါတယ်။
(၆) လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ နှိပ်နယ်ပေးခြင်း
လည်ပင်းနဲ့ ခေါင်းလေ့ကျင့်ခန်းကို ပုံမှန်လေးစနစ်တကျပြုလုပ်ပေးမယ်ဆိုရင်လည်း ဇက်ကြောတက်တာကိုသိသိသာသာလျော့နည်းသက်သာစေမှာပါ။ တစ်ခါတစ်ရံမှာ ကျီးပေါင်းနဲ့ သွေးတိုးခြင်းစတဲ့ ရောဂါများကြောင့်လည်း ဇက်ကြောတက်တတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်လေးပြုလုပ်ပေးဖို့အလွန်အရေးကြီးပါတယ်။၏