Aplastic သွေးအားနည်းရောဂါဆိုသည်မှာ ရိုးတွင်းခြင်ဆီမှ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသော သွေးနီဥ၊ ကိုယ်ခံစွမ်းအားအတွက် လိုအပ်သောသွေးဖြူဥ နှင့် သွေးထွက်သံယိုဖြစ်လာလျှင် သွေးတိတ်စေသော သွေးမွှားဓာတ်များကိုလုံလောက်အောင်မထုတ်ပေးနိုင်ခြင်း သို့မဟုတ် လုံး၀ ထုတ်မပေးသော ရောဂါတစ်မျိုးဖြစ်သည်။ အဖြစ်များသော ရောဂါတော့တစ်မျိုးမဟုတ်ပေ။
ဆယ်ကျော်သက်အရွယ်များ ၊ လူငယ်များနှင့် အသက်ကြီးသူများတွင် အဖြစ်များသည်။ အမျိုးသားနှင့် အမျိုးသမီးများတွင် ဖြစ်ပွားနှုန်းတူညီပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ်များသည်။
ကလေးသူငယ်များတွင် အဖြစ်များသော Aplastic သွေးအားနည်းရောဂါသည် မျိုးရိုးဗီဇပြဿနာကြောင့် ဖြစ်သည်။ သွေးကင်ဆာ ပြောင်းနိုင်သောအခြေအနေရှိကာ စိုးရိမ်ရသောအခြေအနေဖြစ်ကာ ဆရာ၀န်နှင့် ပုံမှန်ဆေးကုသမှု ခံယူရမည်။
Aplastic သွေးအားနည်း ရောဂါလက္ခဏာများမှာ နုံးချိနေခြင်း၊ အသက်ရူမ၀ခြင်း၊ နှလုံးခုန် မြန်ခြင်း သို့မဟုတ် နှလုံးခုန် မမှန်ခြင်း၊ သွေးအားနည်း၍ ဖြူဖတ်ဖြူရော် ဖြစ်နေခြင်း၊ ရောဂါပိုး ခဏခဏ ၀င်ခြင်း၊ နှာစေးချောင်းချိုး မကြာခဏဖြစ်ခြင်း၊ သွေးခြည်ဥလွယ်ခြင်း၊ အရေပြားတွင် အနီစက်များ ထွက်ခြင်း၊ သွေးမတိတ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း တစ်လျှောက် သွေးယိုဆီးမှုရှိခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အဖျားရှိခြင်းတို့ ဖြစ်သည်။
ထိုလက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ဆရာ၀န်နှင့် တွေ့ဆုံကာ ကုသမှုခံယူရမည်။ လိုအပ်သောစမ်းသပ်မှု များပြုလုပ်ကာ စောစီးစွာ ကုသရမည်။ ရောဂါပိုး၀င်ခြင်းနှင့် သွေးမတိတ်ခြင်းသည် အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေ ဖြစ်သည်။ ပေါ့ပေါ့ဆဆ မနေသင့်။ ကုသမှုမခံယူလျှင် အသက်သေဆုံးနိုင်သည်။
အဖြစ်အများဆုံး Aplastic သွေးအားနည်းရောဂါသည် မိမိ၏ရိုးတွင်းချဥ်ဆီကို မိမိကိုယ်ခံအားမှ ပြန်တိုက်ခိုက်သောကြောင့် ဖြစ်သည်။ ထို့ပြင် အောက်ပါ အချက်များကြောင့်လည်း Aplastic သွေးအားနည်း ရောဂါ ဖြစ်တတ်သည်။
၁။ ကင်ဆာကုထုံးများဖြစ်သော ကင်ဆာဆေးသွင်းခြင်းနှင့် ဓာတ်ရောင်ခြည် ကုထုံးများကြောင့် ရိုးတွင်းခြင်ဆီအတွင်းရှိ သွေးနီဥ၊ သွေးဖြူဥနှင့် သွေးမွှားများ ထုတ်လုပ်မှုကိုထိခိုက်ကာ Aplastic သွေးအားနည်း ရောဂါ ယာယီဖြစ်ပွားတတ်သည်။
၂။ စိုက်ပျိုးရေးတွင် အသုံးပြုသော ပိုးသတ်ဆေးများနှင့် ဓာတ်ဆီတွင်ပါ၀င်သော Benzene တို့သည်လည်း Aplastic သွေးအားနည်းရောဂါနှင့် ဆက်စပ်နေသည်။ ထိတွေ့မှုကိုရှောင်ရှားပါက ရောဂါပြန်လည်သက်သာလာမည်။
၃။ သွေးလေးဖက်နာတွင်သုံးသောဆေးများနှင့် ဗက်တီးရီးယားရောဂါပိုးကိုသတ်သော ပဋိဇီ၀ဆေးများ သုံးစွဲခြင်းကြောင့်လည်း Aplastic သွေးအားနည်းရောဂါ ဖြစ်ပွားတတ်ပါသည်။
၄။ Autoimmune Disorder ဟုခေါ်သော မိမိကိုယ်ခံအား စနစ်မှ မိမိကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်များကို ပြန်လည် တိုက်ခိုက်သောရောဂါများတွင် လည်း Aplastic သွေးအားနည်း ရောဂါဖြစ်ပွားတတ်ပါသည်။
၅။ အသည်းရောင်အသား၀ါရောဂါပိုး၊ Epstein-barr Virus၊ Cytomegalovirus, Parvovirus B19 နှင့် HIV ရောဂါပိုးများကြောင့်လည်း Aplastic သွေးအားနည်းရောဂါ ဖြစ်ပွားတတ်ပါသည်။
၆။ ကိုယ်၀န်ဆောင်နေစဥ် အတွင်းလည်း ဖြစ်ပွားတတ်ပါသည်။
ပြင်းထန်သော Aplastic သွေးအားနည်း ရောဂါသည် အသက်သေဆုံးစေနိုင်သည်။ ရောဂါအခြေအနေပေါ် မူတည်၍ ဆေးသွင်း၍ ကုသခြင်း၊ သွေးသွင်း၍ ကုသခြင်းနှင့် ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းဟူ၍ရှိသည်။ မပေ့ါဆသင့်သောရောဂါတစ်ခု ဖြစ်သောကြောင့် သွေးအားနည်းလက္ခဏာများခံစားရပါက နီးစပ်ရာ ဆရာ၀န်နှင့် ကုသမှုခံယူသင့် ပါသည်။
Author: Dr. Aye Chan Moe