လူ့ခန္ဓာကိုယ်၏ အစွန်အဖျားဖြစ်သော ခြေ၊ လက်အင်္ဂါအစိတ်အပိုင်းများတွင် အာရုံခံနိုင်သည့် အာရုံကြောအစုအဖွဲ့များဖြင့် ဖွဲ့စည်းထားပါသည်။ ထိုအာရုံကြောများသည် ဦးနှောက်နဲ့ အာရုံကြောမကြီးကို ချိတ်ဆက်ပြီး အစိတ်အပိုင်းတစ်ခုချင်းစီ လှုပ်ရှားမှု၊ ပုံမှန်အာရုံခံနိုင်မှုများ လုပ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးပါသည်။ အာရုံကြောတစ်ချောင်းတည်း သို့မဟုတ် မတူညီသောနေရာများရှိ အာရုံကြောများတွင် ထိခိုက်ပျက်စီးခြင်း၊ အာရုံကြောကိုပြင်ပမှ ဖိခံရခြင်းစသည်တို့ကြောင့် အာရုံကြောပျက်စီးပြီး ထုံကျင်ခြင်းဝေဒနာများ ဖြစ်ပေါ်တတ်သည်။
ခြေလက်ရှိအာရုံကြောများ အားနည်းသည့်အခါ ခြေလက်များမကြာခဏ ထုံခြင်းကို ခံစားရနိုင်ပါသည်။ အမျိုးအစား ၂ ဆီးချိုရောဂါရှိသူများ၏ ၅၀% တွင် အာရုံကြောထိခိုက်အားနည်းခြင်း Diabetic Peripheral Neuropathy -DPN ကို ခံစားရနိုင်ပါသည်။ ဆီးချိုကြောင့် အာရုံကြောအားနည်းခြင်းသည် သွေးတွင်းသကြားဓာတ်ကို ကောင်းစွာမထိန်းနိုင်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာအဖြစ် (Microvascular Complication)အတွေ့များတတ်ပြီး ခြေထောက်များထုံခြင်းကို အဓိကခံစားရတတ်ပါသည်။
ဆီးချိုရောဂါနှင့် မသက်ဆိုင်ဘဲ အခြားအကြောင်းရင်းများကြောင့်လည်း အာရုံကြောအားနည်းခြင်း ဖြစ်နိုင်ပါသည်။ ရေယုန်ဗိုင်းရပ်စ်၊ ရေကျောက်၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ HIV နှင့် အချို့ကူးစက်ရောဂါများတွင် ခြေလက်များမကြာခဏ ထုံခြင်းလက္ခဏာကို တွေ့ရှိရပါသည်။ လည်ပင်းနှင့်ကျောရိုး ထိခိုက်ဒဏ်ရာရခြင်း၊ ကျီးပေါင်းဖြစ်ခြင်း၊ အလုံးအကြိတ်ထွက်ခြင်းတို့ကြောင့် အာရုံကြောမကြီးကို ထိခိုက်နိုင်ပြီး ခြေလက်များမကြာခဏ ထုံခြင်းကိုခံစားရနိုင်သည်။
မျိုးရိုးလိုက်ဖြစ်ပွားတတ်သော ရောဂါအချို့၊ မိသားစုတွင် အာရုံကြောအားနည်းသည့် ရောဂါရာဇဝင်ရှိသူများ၊ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့သောရောဂါ၊ Multiple Sclerosis (MS) ကဲ့သို့ရောဂါများ၊ ကိုယ်ခံအားစံလွဲရောဂါများ Autoimmune Diseases ဖြစ်သော အရေပြားလေးဖက်နာ Systemic Lupus Erythematosus နှင့် သွေးလေးဖက်နာ Rheumatoid Arthritis ရောဂါများ၏ ကနဦးအဆင့်များတွင်လည်း အာရုံကြောများ ထိခိုက်မှုကြောင့် ခြေလက်များမကြာခဏထုံခြင်းကို ကြုံတွေ့ရတတ်ပါသည်။
အရက်အလွန်အကျွံသောက်သုံးခြင်းသည် ဗီတာမင်နှင့်အာဟာရချို့တဲ့ခြင်းနှင့် အာရုံကြောများကို ထိခိုက်စေခြင်းတို့ကြောင့် အာရုံကြောအားနည်းခြင်းကို ဖြစ်စေနိုင်ပြီး ခြေလက်များထုံခြင်းကို ဖြစ်စေနိုင်သည်။ အစာအာဟာရချို့တဲ့ခြင်း၊ အစားရှောင်သူများ၊ သက်သတ်လွတ်စားသူများ၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါရှိသူများ/ ခွဲစိတ်ဖူးသူများတွင် ဗီတာမင်ဘီ Vit B-12 ချို့တဲ့ခြင်းကြောင့် အာရုံကြောအားနည်းခြင်း ဖြစ်တတ်ပြီး ခြေလက်များမကြာခဏထုံခြင်းကို ကြုံတွေ့ရနိုင်ပါသည်။
နှစ်ကြာရှည် ဆေးလိပ်သောက်သုံးတတ်သူများတွင် သွေးကြောများကို သွေးထောက်ပံ့မှုထိခိုက်ပြီး အာရုံကြောသို့သွေးထောက်ပံ့မှု လျော့နည်းပြီး အာရုံကြောအားနည်းကာ ခြေလက်များ မကြာခဏထုံတတ်ပါသည်။ အချို့သောကင်ဆာရောဂါများနှင့် ကင်ဆာရောဂါ ကုသဆေးအချို့ကြောင့်လည်းကောင်း၊ ပြဒါး၊ အာဆင်းနစ်၊ ခဲဆိပ်ကဲ့သို့ သတ္တုပစ္စည်းများ အဆိပ်သင့်ခြင်းကြောင့်လည်းကောင်း ခြေလက်များ မကြာခဏထုံခြင်းဝေဒနာကို ခံစားရနိုင်ပါသည်။
ခြေလက်များမကြာခဏထုံကျင်ခြင်းကို ခံစားနေရသူများတွင် ခြေ၊လက်များ အားနည်းလာခြင်း၊ မလှုပ်ရှားနိုင်တော့ခြင်း၊ သတိမေ့မြောခြင်း၊ ရုတ်တရက်ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ စကားမပြောနိုင်ခြင်း၊ အစာမမျိုနိုင်ခြင်း၊ ဆီးဝမ်းမသွားနိုင်ခြင်း စသည့်လက္ခဏာများ ပေါ်လာလျှင် ဆေးရုံဆေးခန်းသို့ သွားရောက်စစ်ဆေးကုသမှု ခံယူရန်လိုအပ်ပါသည်။
Author: Dr. Yee Mon