အပူချိန်ပြင်းပြင်း နေရောင်အောက်ကို မလွဲမရှောင်သာသွားရတဲ့အခါ ကြုံတွေ့ရလေ့ရှိတာကတော့ အပူချိန်လွန်ကဲလို့ ခေါင်းကိုက်ခြင်းပဲဖြစ်ပါတယ်။ နေပူထဲအချိန်ကြာရှည်နေလျှင် ရေဓာတ်ဆုံးရှုံးခြင်းကြောင့် ခန္ဓာကိုယ်ရှိသွေးကြောများ ကျုံ့လာခြင်းကြောင့် ခေါင်းကိုက်ခြင်းကို ခံစားရတာဖြစ်ပါတယ်။ အပူချိန်များသည့်အခါ လည်ပင်းနှင့် ဦးခေါင်းရှိ သွေးကြောနှင့် အာရုံကြောများ ပြေလျော့ပြီး ဘေးဖက်ရှိသွေးကြောများအပေါ် ဖိအားဖြစ်စေ၍လည်း ခေါင်းကိုက်တတ်သည်။
အပူဒါဏ်ကြောင့် ရေနှင့်ဓါတ်ဆား ဆုံးရှုံးသည့်အခါ ခန္ဓာကိုယ်၏ အပူချိန်ထိန်းညှိစနစ် Thermoregulation ချို့ယွင်းကာ ကိုယ်တွင်းအပူချိန်တက်လာစေပါသည်။ ထိုသို့ မြင့်တက်လာသော ကိုယ်အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက်ကျော်လျှင် အာရုံကြောစနစ်ကို ထိခိုက်ကာ ခေါင်းကိုက်ခြင်းဝေဒနာ ဖြစ်ပေါ်လာတတ်ပါသည်။ အပူနဲ့ဆိုင်တဲ့ ရောဂါများဖြစ်တဲ့ အပူရှပ်ဖိစီးခြင်း heat stress ၊ အပူရှပ်အားအင်ကုန် နုံးချည့်ခြင်း heat exhaustion နှင့် အပူရှပ်ခြင်း heat stroke စသည့် အခြေအနေများတွင်လည်း ခေါင်းကိုက်ခြင်းကို ခံစားရနိုင်သည်။
နေပူချိန်ပြင်းသည့်အချိန် ကိုယ်လက်လှုပ်ရှား အလွန်အကျွံပြုလုပ်ခြင်းကြောင့် ချွေးထွက်များပြီး ရေနှင့်ဓါတ်ဆား ဆုံးရှုံးကာ ခေါင်းကိုက်တတ်သည်။ နေပူပြင်းသည့်အချိန် အနံ့ပြင်းသည့် ရေမွှေး၊ အမွှေးနံ့သာများ အသုံးပြုမိလျှင်လည်း ခေါင်းကိုက်တတ်သည်။ ရာသီဥတု ပူပြင်းသည့်အခါ အစားစားချင်စိတ် လျော့နည်းပြီး အစားကောင်းကောင်း မစားနိုင်သောကြောင့် သွေးတွင်းသကြားဓါတ် ကျဆင်းလွယ်ပြီး ခေါင်းကိုက်နိုင်သည်။
ခေါင်းတခြမ်းကိုက်ရောဂါ migraine အခံရှိသူများသည် အပူချိန်လွန်ကဲသည့်အချိန်များတွင် ပို၍ခေါင်းကိုက်တတ်သည်။ အပူချိန်လွန်ကဲသော အချိန်တွင် ရေဓါတ်ခမ်းခြောက်မှုကို ဖြစ်စေသော ကဖင်းဓါတ်ပါသည့် ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်၊ အရက်၊ ဘီယာကဲ့သို့ ယမာကာများ သောက်သုံးခြင်းသည် ခေါင်းကိုက်ခြင်းကို ပိုဆိုးစေနိုင်သည်။ အပူချိန်လွန်ကဲသည့်အခါ မိမိသောက်သုံးနေကြဆေးများကို မသောက်မိခြင်း၊ ဆေးအာနိသင် လျော့ကျခြင်းတို့ကြောင့်လည်း ခေါင်းကိုက်တတ်သည်။
မိမ်တို့စားသုံးသော အစားအစာများကြောင့်လည်း ခေါင်းကိုက်ခြင်း ခံစားရနိုင်သည်။ ဟော့ဒေါ့၊ ဘေကွန်၊ ဆာလာမီ၊ အသားပြားများကဲ့သို့ နိုက်ထရိတ် nitrites ပါဝင်သော ပြုပြင်ထားသည့် အစားအစာများ၊ အချဉ်ဖောက်ထားသော အစားအစာများ၊ ရက်ကြာနေသော ချိစ်များ၊ ချောကလက်စသည်တို့သည် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ နွေရာသီ အားလပ်ရက်များတွင် အပြင်ထွက်လည်ပါတ် ခရီးသွားသူများကြောင့် လေထုညစ်ညမ်းမှု ပိုဖြစ်တတ်ပြီး လေထုထဲရှိ ခဲသတ္တု Lead၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်နှင့် ဆာလ်ဖာဒိုင်အောက်ဆိုဒ်ကဲ့သို့ ဓါတ်ငွေ့များကြောင့်လည်း ခေါင်းကိုက်နိုင်ပါသည်။
အပူချိန်လွန်ကဲသော အချိန်များတွင် တတ်နိုင်သ၍ အိမ်ထဲ၌သာနေခြင်း၊ နေပူထဲသွားလျှင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်ကဲ့သို့အကာအကွယ်များဝတ်ဆင်ခြင်း၊ နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ခြင်း၊ ရေနှင့်ဓါတ်ဆားရည် လုံလောက်စွာဖြည့်ပေးခြင်း၊ မွှေးရနံ့မပါသော sunscreen ကိုသာ အသုံးပြုခြင်း၊ သက်တောင့်သက်သာဖြစ်စေမည့် ချည်ထည်အဝတ်အစား ဝတ်ဆင်ခြင်း၊ ရေဓါတ်ခမ်းခြောက်စေသည့် အစားအသောက်၊ အရက်သေစာ၊ မူးယစ်ဆေးသုံးစွဲမှု ရှောင်ကျဉ်ခြင်း၊ ဆရာဝန်ညွှန်ကြားချက် မလိုသည့် ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေး အသုံးပြုခြင်းတို့ဖြင့် ခေါင်းကိုက်ခြင်းကို ကာကွယ်ကုသနိုင်သည်။
ခေါင်းကိုက်ခြင်းအပြင် ကိုယ်အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက်ကျော်ခြင်း၊ ချွေးများ အလွန်အကျွံ ထွက်ပြီး မူးမော်ခြင်း၊ ပျို့အန်ခြင်း၊ ကြွက်တက်ခြင်း၊ နုံးခြင်း၊ ခြေဖျားလက်ဖျား အေးပြီး ရင်တုန်ခြင်း၊ ဆီးမသွားနိုင်ခြင်း သို့ ဆီးထွက်နည်းခြင်း၊ ချွေးမထွက်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ပူခြင်း၊ သတိလစ်ခြင်း စသည့်လက္ခဏာများရှိလျှင် ကျန်းမာရေးစောင့်ရှောက်သည့် နေရာများသို့ အမြန်သွားရောက်ရန် လိုအပ်ပါသည်။
Author: Dr. Yee Mon