ဇင့်ဓာတ်ဆိုတာဟာ ခန္ဓါကိုယ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဇင့်ဓါတ်ဟာ ကိုယ်ခံအားစနစ်ကို အထောက်အပံ့ဖြစ်စေရုံသာမက အမြင်အာရုံကောင်းစေခြင်း၊ အနာကျက်စေခြင်း၊ ဝမ်းလျှောခြင်းကို သက်သာစေခြင်းစတဲ့ကောင်းကျိုးများစွာကို ရရှိစေမှာဖြစ်ပါတယ်။ လူ့ခန္ဓါကိုယ်မှဇင့်ထက်ကို ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့အတွက် ဇင့်ဓါတ်ပါဝင်တဲ့အစားအစာတွေဖြစ်တဲ့ အသား၊ ငါး၊ ပင်လယ်စာ၊ ပဲအမျိုးမျိုးစတာတွေကို လုံလောက်အောင်စားသုံးပေးရမှာဖြစ်ပါတယ်။
သို့သော်လည်း အချို့သူတွေမှာ အစာအိမ်ပြဿနာရှိလို့ဖြစ်စေ၊ သတ်သတ်လွတ်စား၍ဖြစ်စေ အစားအစာကို စုံစုံလင်လင်မစားမိတာကြောင့် ဇင့်ဓါတ်ကို လုံလောက်စွာမရရှိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ယင်းဓာတ်ပမာဏလုံလောက်စွာရရှိစေဖို့အတွက် ဇင့်ဓာတ်အားဆေးလေးတွေကို သောက်သုံးလေ့ရှိကြပါတယ်။
■ ဇင့်ဓာတ်အားဆေးတွေကို ဘယ်အချိန်မှာသောက်ရမလဲ?
ဇင့်ဓါတ်ဟာ အစာမရှိချိန်မှာသောက်သုံးရင် အထိရောက်ဆုံးဖြစ်ပါတယ်။ သို့သော်လည်း အချို့သူတွေမှာ ဇင့်ဟာအစာမကြေ၊ ရင်ပြည့်ရင်ကယ်ခြင်းတွေကို ဖြစ်စေတတ်တာကြောင့် အစာစားပြီးမှသောက်သုံးမယ်ဆိုရင် ပိုမိုသင့်လျော်ပါတယ်။ ဇင့်ဓာတ်အားဆေးသောက်ပြီး 2 နာရီအကြာအတွင်း အစာမစားမှသာ ခန္ဓါကိုယ်အူလမ်းကြောင်းမှ ဇင့်ဓါတ်ကို အပြည့်အဝစုပ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
■ ဇင့်ကို မနက်ပိုင်းသောက်သင့်လား၊ ညနေပိုင်းသောက်သင့်လား?
ဇင့်ကိုဘယ်အချိန်မှာ မဆိုသောက်သုံးနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီး ဇင့်အားဆေးများသောက်သုံးခြင်းဖြင့် အိပ်ရေးဝဝအိပ်ပျော်စေဖို့ အထောက်ပံ့ဖြစ်စေမှာဖြစ်ပါတယ်။
■ တစ်နေ့ကို ဇင့်ဘယ်လောက်သောက်သင့်သလဲ?
အမျိုးသမီးတွေဟာ တစ်နေ့လျှင်ဇင့်ဓါတ် အနည်းဆုံး 8mg ရရှိဖို့လိုအပ်ပြီး အမျိုးသားတွေကတော့ 11 mg လောက် ရရှိဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေကတော့ တစ်နေ့ကို 12mg လောက်ထိ ရရှိဖို့လိုပါတယ်။
■ဇင့်ကို နေ့တိုင်းသောက်သင့်သလား?
ဇင့်ကို တစ်နေ့လျှင် 50mg ထက်မကျော်ဘဲ နေ့တိုင်းသောက်သုံးပေးနိုင်ပါတယ်။ အထူးသဖြင့် သတ်သတ်လွတ်စားသုံးသူတွေ၊ အရက်အလွန်အကျွံသောက်သုံးသူတွေနဲ့ အူလမ်းကြောင်းကျန်းမာရေးပြဿနာရှိသူတွေဟာ ဇင့်ကိုနေ့တိုင်းသောက်ပေးရန် လိုအပ်ပါတယ်။
■ ဇင်ကို ဘယ်လိုအစားအစာတွေနဲ့တွဲပြီး မစားသုံးသင့်ဘူးလဲ?
ဇင့်ကို နို့နဲ့နို့ထွက်ပစ္စည်း၊ ကွေကာ၊ ပေါင်မုန့် စသဖြင့် ကယ်လ်စီယမ်၊ သံဓါတ်ပါဝင်တဲ့ အစားအစာတွေ၊ အမျှင်ဓါတ်များတဲ့အစားအစာတွေနဲ့ တွဲဖက်စားသုံးခြင်းကို ရှောင်ကြဥ်ရပါမယ်။ ဇင့်ဟာ အထက်ပါအစားအစာတွေနဲ့ ဓါတ်မတည့်တာမျိုးမဟုတ်ဘဲ ခန္ဓါကိုယ်မှဇင့်စုပ်ယူနိုင်စွမ်းကို လျော့ကျစေနိုင်တာကြောင့်ဖြစ်ပါတယ်။
■ ဇင့်ကို ဘယ်လိုဆေးတွေနဲ့တွဲသောက်တဲ့အခါမှာ သတိထားသင့်လဲ?
ပိုးသတ်ဆေး၊ ဆီးဆေး၊ သံဓါတ်အားဆေး၊ Calcium, phosphorus, copper တို့ပါဝင်တဲ့အားဆေးတွေ သောက်သုံးတဲ့အခါ ဇင့်နဲ့တွဲမသောက်မိဖို့ သတိပြုရပါမယ်။ ဆေးအချင်းချင်းဓါတ်ပြုမှုဖြစ်တဲ့အခါ ခန္ဓါကိုယ်အပေါ် ဇင့်ရဲ့ အကျိုးသက်ရောက်မှုဟာ လျော့နည်းသွားနိုင်ပါတယ်။
ဇင့်ဓါတ်ဟာ ခန္ဓါကိုယ်အတွက် ကျန်းမာရေးကောင်းကျိုးများစွာပေးနိုင်တာမို့ နေ့စဥ်လုံလောက်စွာရရှိဖို့ အရေးကြီးပါတယ်။ သို့သော်လည်း တန်ဆေးလွန်ဘေးဆိုတဲ့စကားအတိုင်း အလွန်အကျွံသောက်သုံးတာမျိုးကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။
Dr. Yee Mon