ခန္ဓာကိုယ်အတွင်းရှိ သွေးနီဥဆဲလ်တွေနဲ့ ဟေမိုဂလိုဘင်ပမာဏရှိသင့်တာထက်လျော့နည်းနေခြင်းကို သွေးအားနည်းခြင်းလို့ခေါ်ပါတယ်။ ဟေမိုဂလိုဘင်ဟာ ခန္ဓာကိုယ်အနှံ့အပြားဆီသို့ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးပါတယ်။ ဒါကြောင့် သွေးအားနည်းနေတဲ့အခါ အလွန်အမင်းမောပန်းခြင်း၊ ရင်တုန်ခြင်း၊ မူးဝေခြင်းစတာတွေကို ခံစားလာရတတ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောဂါရှိသူတွေမှာ အခြားသူတွေထက် သွေးအားနည်းခြင်းကို ပိုမိုခံစားရလေ့ရှိပါတယ်။
ကျောက်ကပ်ရောဂါရှိသူတွေ သွေးအားနည်းရခြင်း အကြောင်းအရင်းတွေကတော့-
(၁) သွေးနီဥဆဲလ်သစ်များ ထုတ်လုပ်နိုင်ဖို့ ဟော်မုန်းမထွက်ရှိခြင်း
ကျောက်ကပ်ဟာ ပုံမှန်အားဖြင့် erythropoietin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ Erythropoietin ဟာ ရိုးတွင်းခြင်ဆီကနေ သွေးနီဥဆဲလ်သစ်တွေကို ထုတ်လုပ်နိုင်ဖို့ လှုံဆော်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ကျောက်ကပ်ကောင်းစွာအလုပ်မလုပ်နိုင်တော့တဲ့အခါ erythropoietin လည်း မထွက်ရှိတော့ဘဲ သွေးနီဥဆဲလ်များလျော့နည်းလာကာ သွေးအားနည်းခြင်းကို
ခံစားလာရပါတယ်။
(၂) သွေးနီဥဆဲလ်များအချိန်မတိုင်မီသေဆုံးခြင်း
သွေးနီဥဆဲလ်တွေဟာ ပုံမှန်အားဖြင့် ရက်ပေါင်း ၁၂၀ခန့် ရှင်သန်နိုင်ပါတယ်။ ကျောက်ကပ်ရောဂါရှိသူတွေမှာ သွေးနီဥဆဲလ်တွေဟာ ရက်ပေါင်း ၇၀-၈၀ ခန့်သာ ရှင်သန်နိုင်ကြပါတယ်။ သွေးနီဥဆဲလ်အဟောင်းတွေ သေဆုံးကုန်ပြီး ဆဲလ်အသစ်တွေ လုံလောက်အောင် မဖြည့်တင်းနိုင်တော့တဲ့အခါ သွေးအားနည်းခြင်း ဖြစ်ပေါ်လာတတ်ပါတယ်။
(၃) သံဓါတ်နဲ့အခြားဗီတာမင်ဓါတ်တွေ လျော့နည်းနေခြင်း
ကျန်းမာတဲ့သွေးနီဥဆဲလ်တွေ ထုတ်လုပ်နိုင်ဖို့အတွက် သံဓါတ်၊ ဗီတာမင် B12 နဲ့ ဖောလစ်အက်စစ်တို့ မရှိမဖြစ်လိုအပ်ပါတယ်။ ကျောက်ကပ်မကောင်းတဲ့အခါ သံဓါတ်နဲ့အခြားလိုအပ်တဲ့ဓါတ်တွေ မလုံလောက်တော့တာကြောင့် သွေးအားနည်းခြင်း ခံစားလာရပါတယ်။
အခြားအကြောင်းအရင်းတွေကတော့-
(၄) မကြာခဏကျောက်ကပ်ဆေးရတာကြောင့် သွေးဆုံးရှုံးမှုများပြားခြင်း
(၅) အစာအာဟာရဓါတ်များချို့တဲ့ခြင်း စတဲ့အကြောင်းအရင်းတွေကြောင့်လည်းကျောက်ကပ်ရောဂါရှိသူတွေမှာ သွေးအားနည်းခြင်းကို ခံစားရတတ်ပါတယ်။
ကျောက်ကပ်ရောဂါရှိသူတွေမှာ သွေးအားနည်းခြင်းအပြင် သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့ရောဂါပြဿနာတွေပါ ရင်ဆိုင်လာရနိုင်တာကြောင့် ဆရာဝန်နဲ့အမြဲတိုင်ပင်ပြီး စားသောက်နေထိုင်မှုပုံစံကိုပါ အထူးဂရုပြုပေးရမှာဖြစ်ပါတယ်။
Author: Dr. Aye Myat Mon