အခုလိုရာသီအကူးအပြောင်းကာလမှာ ဖြစ်လေ့ရှိတဲ့ တုပ်ကွေးရောဂါဖြစ်ပွားလျှင် အလွန်ခံရခက်လှပါတယ်။ အလုပ်မလုပ်နိုင်၊ ကျောင်းမသွားနိုင်တဲ့အထိ ခံစားရဆိုးရွားပါတယ်။ လည်ချောင်းနာ၊ နှာပိတ်၊ နှာရည်ကျ၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ ဖျား၊ ကိုယ်လက်ကိုက်ခဲစသောတုပ်ကွေးလက္ခဏာတွေဟာ ကူးစက်ခံရသူအဖို့ အလွန်ခံရခက်တဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။
အအေးမိနှာစေးခြင်းဟာ သာမန်ရောဂါလေးမှစ၍ အဆုတ်ပွအဆုတ်ရောင်ပြီး ဆေးရုံတက်ကုသရတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ အအေးမိတုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားလေ့ရှိပြီး ရောဂါဖြစ်ပွားသူ ချောင်းဆိုး၊ နှာစေးခြင်းမှတစ်ဆင့် သေးငယ်သောအမှုန်အမွှားများလေထဲသို့ ပျံနှံ့ကူးစက်နိုင်ပါတယ်။ အဲဒီအမှုန်အမွှားများ ကပ်ငြိနေနိုင်တဲ့အရာပစ္စည်းများ ထိတွေ့ကိုင်တွယ်ခြင်းမှတစ်ဆင့်လည်း ကူးစက်ခံရတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်ဖြစ်လျှင် တစ်အိမ်လုံးအလျင်အမြန်ကူးစက်နိုင်ပါတယ်။
တုပ်ကွေးရောဂါဟာ ကိုယ်ခံအားနည်းသောအချိန်မှာ ပိုမိုကူးစက်တတ်ပြီး ကိုယ်ခံအားမကောင်းတဲ့ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာတာရှည်ရောဂါသည်များ မကူးစက်အောင် အထူးဂရုစိုက်ရပါတယ်။ တုပ်ကွေးကူးစက်သူတွေဟာ အနည်းဆုံး၅ရက်မှ တစ်ပတ်ထိ ကြာမြင့်တတ်ပါတယ်။ ကိုယ်လက်ကိုက်ခဲ၊ ဖျားနာမှုပျောက်သွားတာတောင်ရက်သတ္တပတ်အနည်းငယ်ထိ နွမ်းလျနေတတ်ပါတယ်။
သက်သာစေတဲ့နည်းလမ်းများကတော့ အပြည့်အဝအနားယူပါ၊ အာဟာရရှိတဲ့အရည်များများသောက်ပါ၊ လတ်ဆတ်တဲ့အသီးဖျော်ရည်များ သောက်ပါ၊ ဓာတ်ဆားရည် သောက်ပါ၊ ရေဓာတ် အလျင်အမြန် ဖြည့်တင်းပေးပါ၊ကိုယ်ခံအားတက်စေတဲ့ အစားအစာများ စားပေးပါ၊ ရေနွေးငွေ့ရှူပါ။ လည်ချောင်းနာအတွက် ဆားရည်နဲ့အာလုတ်ကျင်းပါ။
ကိုယ်လက်ကိုက်ခဲမှု သက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးများ ၊ နှာစေး၊နှာပိတ်ခြင်း၊ချောင်းဆိုးခြင်းသက်သာစေသော အိမ်သုံးဆေးဝါးများ သောက်သုံးနိုင်ပါတယ်။ လိုအပ်မှသာ ပိုးသတ်ဆေး၊ ဗိုင်းစ်ရပ်သတ်ဆေးများကို ဆရာဝန်ညွန်ကြားချက်ဖြင့် သောက်သုံးရမှာ ဖြစ်ပါတယ်။
တုပ်ကွေးရောဂါကာကွယ်နည်းများမှာ
- ကိုယ်ခံအားကောင်းစေရန် ပြုမူနေထိုင်ပါ၊အိပ်ရေးဝဝ အိပ်ပါ၊ အနားယူပါ၊ စိတ်ဖိဆီးမှု့လျှော့ချပါ၊ကိုယ်ခံအားတက်စေမယ့် အစားအစာများ စားသုံးပါ။
- လက်ဆေးပါ၊ တစ်ခုခုကိုင်တွယ်ပြီးတိုင်း လက်ကို သေချာစွာ ဆပ်ပြာနှင့် ဆေးပါ၊ မျက်စိ၊နှာခေါင်းနဲ့ ပါးစပ်ကိုလက်ဖြင့် အလွယ်တကူ မထိတွေ့ပါစေနဲ့။
- ချောင်းဆိုးနှာချေခဲ့လျှင် နှာခေါင်းကို အဝတ်စ၊ တစ်ရူးစဖြင့် ပိတ်၍ဆိုးပါ၊ နှာခေါင်းစည်းတပ်ပြီးနေပါ၊တုပ်ကွေးရှိသူဟာ အိမ်သားများနဲ့ ဝေးဝေးနေပါ။
- လူနေထူထပ်သောနေရာများကို ရှောင်ရှားပါ။
- ကြိုတင်ကာကွယ်မှုအနေဖြင့် ကာကွယ်ဆေး ထိုးထားနိုင်ပါတယ်။ ဒါပေမဲ့ တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်အမျိုးအစားများစွာရှိပြီး တစ်ရာသီနှင့် တစ်ရာသီဖြစ်စေသော တုပ်ကွေးကွာခြားနိုင်သောကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ထိုးပါ။
တုပ်ကွေးရောဂါဟာ အချို့လူတွေမှာ နောက်ဆက်တွဲဆိုးကျိုးများ ခံစားရလေ့ရှိပါတယ်။အသက်ကြီးသူများ၊ ငယ်ရွယ်သူများ၊ ကိုယ်ဝန်ဆောင်များ၊ နာတာရှည်ရောဂါသည်များမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများပိုမို ဖြစ်ပွားတတ်ပါတယ်။
တုပ်ကွေးကြောင့်ခံစားရတဲ့ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာစေး၊နှာပိတ်၊နှာချေ၊ လည်ချောင်းနာ၊ ချောင်းဆိုးခဲ့လျှင် အလျင်အမြန်သက်သာစေနိုင်တဲ့အိမ်သုံးဆေးဝါးများ သောက်သုံးခြင်း၊ ကိုယ်ခံအားကောင်းအောင်နေထိုင်ခြင်းနှင့် ကူးစက်မှုမပြန့်ပွားအောင် ကာကွယ်ခြင်း စသည်တို့ဖြင့် ရာသီတုပ်ကွေးဝေဒနာကို ကုသသင့်ပါတယ်။
Author: Dr. ပြည့်ရှင်း