လျှာဆိုတာဟာ ကြွက်သားနဲ့ဖွဲ့စည်းထားတဲ့ ခံတွင်းအင်္ဂါအစိတ်အပိုင်းတခုဖြစ်ပြီး အရသာခံဖို့၊ အစာမျိုဖို့၊ စကားပြောဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ လျှာကင်ဆာဟာ ခုနောက်ပိုင်းမှာတော်တော်လေးအဖြစ်များလာစေတဲ့ ခံတွင်းကင်ဆာအမျိုးအစားဖြစ်ပါတယ်။ ပါးစောင်၊ လျှာ၊ သွားဖုံး၊ အာခေါင်မိုး၊ တံတွေးဂလင်း၊ နှုတ်ခမ်းစတဲ့ အာခံတွင်းအစိတ်အပိုင်းနေရာတွေမှာဖြစ်တဲ့ ကင်ဆာတွေကို ခံတွင်းကင်ဆာလို့ ခြုံပြီးခေါ်ဆိုပါတယ်။
အများအားဖြင့် အသက်၅၀ကျော်အမျိုးသားတွေမှာအဖြစ်များလေ့ရှိပြီး အခုနောက်ပိုင်းမှာဆိုရင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဖြစ်တဲ့သူတွေကိုလည်း တွေ့လာရပါတယ်။ လျှာကင်ဆာဖြစ်ရတဲ့အကြောင်းအရင်းအတိအကျကိုတော့ သေချာပြောမရပေမယ့် သုတေသနတွေအရ လျှာကင်ဆာဟာ ဆေးလိပ်သောက်၊ အရက်သောက်၊ ကွမ်းစားတဲ့သူတွေ၊ အကင်တွေအစားများတဲ့သူတွေ၊ ခံတွင်းသန့်ရှင်းမှုအားနည်းတဲ့သူတွေ၊ တရားလွန်ပူသော စပ်သော အစားသောက်များကို ရေရှည် ခဏခဏ စားသောက်တဲ့သူတွေ၊ HPV ပိုးရှိသူနဲ့ပါးစပ်ဖြင့်လိင်ဆက်ဆံခဲ့ခြင်းကြောင့် HPV ပိုးကူးစက်ခံရသူတွေ၊ မိဘမျိုးရိုးမှာ လျှာကင်ဆာဖြစ်ဖူးတဲ့ရာဇဝင်ရှိသူတွေ မှာဆိုရင် ဖြစ်နိုင်ခြေများတတ်ပါတယ်။
ဒါ့အပြင် တချို့တွေမှာ သွားချွန်သွားတက်တွေရှိနေပြီး အဲ့သွားတွေက လျှာကိုမကြာခဏသွားထိခိုက်မှုဖြစ်စေတာမျိုး သို့မဟုတ် တချို့တွေမှာ သွားတုတပ်ရာကနေ ပုံစံမကျချောင်နေခြင်းကြောင့် မကြာခဏလျှာကိုသွားထိခိုက်တာမျိုးတွေမှတဆင့် ရေရှည်မှာ လျှာကင်ဆာဖြစ်လာတာမျိုးရှိပါတယ်။
လျှာကင်ဆာဖြစ်ပါက လျှာမှာအနာ(သို့မဟုတ်) အလုံးအကျိတ်တွေဖြစ်လာတာ၊ဖြစ်တဲ့အနာ (သို့မဟုတ်)အလုံးအကျိတ်က ၃ပတ်ကျော်တဲ့ထိမပျောက်တာ၊ လျှာနဲ့လျှာဘေးပတ်လည်နေရာတွေမှာ အနီကွက် (သို့မဟုတ်) အဖြူကွက်လေးတွေဖြစ်ပြီး ထိုအကွက်လေးတွေကပွားလာတာ၊အစာမျိုချင်ရင်နာတာ၊ စကားပြောရခက်တာ၊ လျှာထုံတာ၊ လျှာကထိခိုက်မိတာမရှိဘဲ ရောင်ရမ်းနာကျင်နေတာ၊ ခိုက်မိတာမရှိဘဲ လျှာကနေသွေးထွက်တာ မျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုလက္ခဏာတွေဖြစ်ပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး လျှာကင်ဆာဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။
လုပ်နိုင်တဲ့စစ်ဆေးမှုတွေကတော့ ဓါတ်မှန်ရိုက်တာ၊ စီတီရိုက်တာ၊ အသားစယူစစ်ဆေးတာစသဖြင့်ပါ။ ဒီလိုတွေစမ်းသပ်စစ်ဆေးကြည့်လို့ လျှာကင်ဆာဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ပြသပြီးစောစီးစွာကုသဖို့လိုပါတယ်။ ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေနဲ့ လူနာကိုယ်ခံအားအခြေအနေ၊ အသက်အရွယ်ပေါ်မှုတည်ပြီး ခွဲစိတ်တာ၊ ကင်ဆာဆေးသွင်းကုသတာ၊ ဓါတ်ရောင်ခြည်နဲ့ကုတာ စသဖြင့် နည်းလမ်းတွေရှိပါတယ်။ လိုအပ်ပါက နည်းနှစ်နည်းပေါင်းကုတာမျိုးလည်းရှိပါတယ်။ ဥပမာ-အလုံးအကျိတ်ခွဲစိတ်ပြီးနောက် ဓါတ်ကင်တာမျိုးပါ။
အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ လျှာကင်ဆာဖြစ်နိုင်ခြေနည်းအောင်
အရက်၊ဆေးလိပ်၊ကွမ်း ရှောင်ပါ။ခံတွင်းကျန်းမာရေးဂရုစိုက်ပါ။အစားအသောက်တွေကို ပူပူလောင်လောင်အနေအထားမျိုးနဲ့စားတဲ့အကျင့်ကိုရှောင်ပါ။သွားချွန်သွားတက်တွေရှိပါက သွားဆရာဝန်နဲ့ပြသတိုင်ပင်ပါ။ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းမျိုးကိုရှောင်ကြပါလို့ တိုက်တွန်းအကြံပြုချင်ပါတယ်။
Author: Dr.528