အိပ်ယာနာတွေဟာ နာတာရှည်အိပ်ယာပေါ်လဲနေသော လူနာများ၊ လက်တွန်းလှည်း(Wheel chair) ကို အမှီပြု၍ သွားလာနေထိုင်နေရသော လူနာတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ အဓိကအားဖြင့် မလှုပ်ရှားနိုင်တဲ့အခါ ခန္ဓာကိုယ်ရှိ အရေပြားနေရာ တစ်ခုထဲသို့ ဖိအားတစ်ခု အချိန်ကြာရှည်စွာ ရှိနေသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။အရိုးမာတစ်ဝိုက်တွင် ရှိသော အရေပြားနေရာများတွင် ပိုတွေ့ရပါတယ်။
အိပ်ယာနာများဟာ နာတာရှည်လဲနေသော လူနာများအား အနေအထား မပြောင်းပေးလျှင် မြန်မြန် ဖြစ်လာလေ့ရှိပါတယ်။အခြေအနေပေါ်မူတည်ပြီး ပျောက်ကင်းဖို့ ကြာတတ်ပါတယ်။
Q. အိပ်ယာနာပြင်းထန်မှု အဆင့် (၄) ဆင့် ရှိပါတယ်။
အဆင့် – ၁ အရေပြား နီရုံ /နွေးရုံ /ယားရုံသာ ရှိသောအဆင့်
အဆင့် – ၂ ရေကြည်ဖု (သို့မဟုတ်) အနာအပေါက် (သို့မဟုတ်) အနာဘေးရှိ အရေပြား အရောင်ပြောင်းလဲမှုရှိသော အဆင့်
အဆင့် – ၃ မီးတောင်ဝကဲ့သို့ အနာပေါက်ပုံစံ ဖြစ်လာခြင်း
အဆင့် – ၄ အနာပေါက်မှ တစ်ဆင့် အောက်ခြေရှိ ကြွက်သား/အရိုး/အရွတ်များအထိတွေ့ရသော အဆင့်
ပိုးဝင်သော လက္ခဏာများပါ တွေ့ရနိုင်သည်။
Q .ပျောက်ရန် ယေဘုယျကြာချိန်
အဆင့် (၂) ၁ ပတ်မှ ၆ ပတ်
အဆင့် (၃)၊(၄) လပေါင်းများစွာ ကြာနိုင်သည်။အခန့်မသင့်လျှင် အနာမကျက်ခြင်း သေဆုံးသည်အထိ ရှိနိုင်သည်။
ထို့ကြောင့် အိပ်ယာနာ မဖြစ်အောင် ဂရုစိုက်ရန်လိုသည်။
Q. အိပ်ယာနာရှေ့ပြေးလက္ခဏာများ
(၁) အရေပြား အရောင်ပြောင်းလာခြင်း
(၂) အရေပြား အပူချိန် ပြောင်းလာခြင်း
(၃) ပိုနာလာခြင်း
(၄) ဖောင်းလာခြင်း
(၅) ပြည်ကဲ့သို့ အရည်များ ထွက်လာခြင်း
ရှေ့ပြေးလက္ခဏာများတွေ့လျှင် –
လူနာအား အနေအထား ပြောင်းပေးခြင်းဖြင့် ၎င်းနေရာသို့ ကျရောက်နေသော ဖိအားကို လျှော့ချပေးရပါမယ်။ ၂၄ နာရီမှ ၈ နာရီအတွင်း မသက်သာလျှင် ဆရာဝန်နှင့် ပြသရန် လိုအပ်ပါတယ်။ ဖျားခြင်း /အနာမှ အရည်ထွက်ခြင်း၊ အနံ့ထွက်ခြင်း / အနာတစ်ဝိုက်ပို၍ နီခြင်း၊ ပို၍ ယောင်လာခြင်းတို့ ဖြစ်လျှင် ပိုးဝင်သည့် အခြေအနေကို ပြသဖြင့် နီးစပ်ရာ ဆရာဝန် နှင့် အမြန်ဆုံးပြသရန် လိုအပ်ပါတယ်။
Q . အိပ်ယာနာဖြစ်စေသော အကြောင်းအရင်းများ
အဓိကအားဖြင့်
– ဖိအား (Pressure Effect) Eg – အနေအထားမပြောင်းခြင်း
– ပွတ်တိုက်မှု (Friction Effect) Eg – အဝတ်အစား / အိပ်ယာခင်းများနှင့် ပွတ်တိုက်ခြင်း
– ပွန်းခြင်း (Shear Effect) Eg- လူနာခုတင်ခေါင်းရင်း အရမ်းမတ်စွာ ထောင်ထားလျှင်
အခြား
– သွေးလည်ပတ်မှု နည်းစေသော ရောဂါအခံများရှိနေခြင်း
– အာရုံခံစားမှု နည်းခြင်း
– အာဟာရ နှင့် ရေဓာတ်လုံလောက်မှုမရှိခြင်း
– မလှုပ်ရှားနိုင်ခြင်းကြောင့် အရေပြားခံနိုင်ရည်နည်းခြင်း
Q . ကုသခြင်း
ဖိအား / ပွတ်တိုက်မှု / ပွန်းခြင်းများ လျှော့ချပေးရပါမယ်။
ဥပမာ…….
- လူနာအား အနေအထား ပြောင်းပေးခြင်း။
- အထူးအိပ်ယာခင်းများသုံးခြင်း။
- အိပ်ယာခင်းများ ပြန့်နေအောင်ထားခြင်း
- အနာသန့်စင်ခြင်း (Wound – Dressing)
- အနာတွင်းရှိ မကောင်းသော /သေနေသော တစ်သျှူးများဖယ်ခြင်း
- ဆေးပေးခြင်း- အနာသက်သာအောင် အကိုက်အခဲပျောက်ဆေးများ ၊ ပိုးသတ်ဆေး (သောက်ဆေး/လိမ်းဆေး)
- အာဟာရပြည့်အောင် စားစေခြင်း / ဖြည့်ခြင်း
- ခွဲစိတ်ခြင်း – အရေပြားအစားထိုးခြင်း
Q . နောက်ဆက်တွဲဆိုးကျိုးများ
- အရေပြား နှင့် တစ်သျှူးများပိုးဝင်းခြင်း
- အရိုး နှင့် အဆစ်ထဲ အထိ ပိုးဝင်ခြင်း
- ကင်ဆာအနာအဖြစ် ပြောင်းခြင်း (Marjolin’s Ulcer)
- သွေးထဲအထိ ပိုးပြန့်ခြင်း (Septicaemia)
Q . ကာကွယ်ခြင်း
နာတာရှည် အိပ်ယာ(သို့) လက်တွန်းလှည်းပေါ်တွင် လှဲနေ / လှုပ်ရှားနေရသူများရှိလျှင် အိပ်ယာနာမဖြစ်အောင် အထူးဂရုစိုက်ရန်လိုအပ်ပါတယ်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်ပါတယ်။
အနေအထားပြောင်းပေးပါ။
အိပ်ယာထဲလဲနေသော လူနာဆိုလျှင် – ၂ နာရီ တစ်ခါ
လက်တွန်းလှဲတွင် ထိုင်၍ သွားလာနေရသော လူနာ – ၁ နာရီ ၁ခါ
ဖိအားလျှော့ပေးသော အိပ်ယာ / အခု သုံးပါ။ ရေမွေ့ရာ၊ လေမွေ့ရာ သုံးနိုင်ပါတယ်။
အိပ်ယာခုတင်ခေါင်းရင်းကို ၃၀ ဒီကရီထက် ပိုမမြင့်ပါစေနှင့်။
အရေပြားကို ခြောက်သွေ့အောင်ထားပါ။ (ဆီး/ဝမ်းများကို ချက်ချင်းသုတ်ပါ)
အရေပြားကို နေ့စဉ်စစ်ဆေးပါ။ အရေပြား သန့်ရှင်းရေးဂရုစိုက်ပါ။
အရေပြားခြောက်လွန်းသော လူနာများ၊ Lotion သုံးနိုင်သည်။
အဝတ်အစားမှ ကြယ်သီးနှင့် အိပ်ယာခင်း မတွန့်အောင် သတိပြုပါ။
အစာအာဟာရ ပြည့်မှီအောင်စားပါ။
ရေဓာတ်လုံလောက်အောင် သောက်ပါ။
ဆေးလိပ်ဖြတ်ပါ။
တတ်နိုင်သမျှ / လုပ်နိုင်သမျှ လေ့ကျင့်ခန်း လှုပ်ရှားမှု ကြိုးစားလုပ်ပါ။ Eg- ကျန်းမာသန်စွမ်းရေး လေ့ကျင့်ခန်း အပါအဝင်)
Author: Dr. Yin Yin Win