လည်ပင်းကျီးပေါင်းအကြောင်း သိကောင်းစရာ
ခေတ်ကြီးတိုးတက် ပြောင်းလဲလာတာနဲ့ အမျှလူတိုင်းနီးပါး ဖုန်းတွေ၊ Tablet တွေ၊ Computer တွေသုံးလာနေကြတယ်။ အလုပ်အတွက် သုံးတာတင်မကပဲ စိတ်အပန်းဖြေစရာ တစ်ခုလို သုံးလာကြတယ်။ ကားစီးနေရင်း ၊ စားသောက်နေရင်း အိပ်ယာထဲမှာတောင် သုံးလာကြတယ်။ မိုးလင်းက မိုးချုပ်ဆိုတော့ မျက်စိ၊ ဇက်တွေကြာကြာ အလုပ်ပေးသလိုဖြစ်လာကြပြီး တစ်ချိန်ကျရင် မျက်စိအားနည်းတာ၊ လည်ပင်းကျီးပေါင်း စတာတို့ လွယ်လွယ်ကူကူ ဖြစ်လာတတ်ပါတယ်။
အရိုးကျီးပေါင်းဆိုတာ လူတိုင်းနီးပါး ကြားဖူးကြတဲ့ ရောဂါပါ။ အဲဒီ့အထဲကမှ လည်ပင်းကျီးပေါင်းက ပိုအဖြစ်များပါတယ်။ ဇက်နေရာက ကျောရိုးအဆစ်လေးတွေ အသက်ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း ပျက်စီး လာတာပါ။ အရိုးအတက် ထွက်တဲ့ပုံစံလေးတွေလည်း ရှိနေတတ်ပါတယ်။ ဒီထက်ပိုဆိုးလာရင် ကျောရိုးအဆစ် တလျှောက် အာရုံကြောတွေ ဖိမိလာတတ်ပါတယ်။
ကျန်းမာရေးကောင်းမွန်သောသူများတွင် ဘာရောဂါလက္ခဏာမှ မပြဘဲ ဓါတ်မှန်ရိုက်ကြည့်ရင် တွေ့ရ တတ်တာလည်း ရှိတတ်ပါတယ်။ ရောဂါလက္ခဏာ ပြနေသူများလည်း ရှိတတ်ပါတယ်။ လည်ပင်းက ကြောရိုးဆစ်ကျွံပြီး ရုတ်တရက် အာရုံကြောကို ဖိမိနိုင်သလို အရိုးအတက်များက အရိုးအတက်များက တဖြည်းဖြည်းချင်း အာရုံကြောကို ဖိမိလာတာလည်း ဖြစ်နိုင်ပါတယ်။
လည်ပင်းကျီးပေါင်း ဖြစ်တဲ့သူတွေက အစပိုင်းမှာ ဇက်နာတာကို ခံစားရတတ်ပါတယ်။ နောက်ကြာလာ တာနဲ့ အမျှ ဇက်တောင့်သလိုဖြစ်ပြီး လှုပ်ရှားရခက်လာတတ်ပါတယ်။ ဇက်လှုပ်ရှားလေ ပိုနာလေဖြစ်ပြီး တခါ တခါ အရိုးကြားမှ အသံလည်း မြည်တတ်ပါတယ်။ ဖိမိတဲ့ အာရုံကြောအလိုက် ထုံကျင်သလို ခံစားရတတ်ပြီး ကြွက်သားအားနည်းတာမျိုး၊ လှုပ်ရှာရတာ အားမရတာ ရှိတတ်ပါတယ်။ ခေါင်းငုံ့တဲ့အခါ ကျောရိုးတစ်လျှောက် တွင် တဖျင်းဖျင်းနဲ့ ခံစားရတတ်ပါတယ်။
ရောဂါလက္ခဏာ ခံစားနေတတ်သူများမှာ ဓာတ်မှန်ရိုက်ကြည့်လျှင် အရိုးအတက်များ၊ အရိုး တဖြည်းဖြည်း ပျက်စီးလာတတ်ခြင်းများကိုသာ တွေ့မြင်နိုင်ပါတယ်။ အာရုံကြောဖိမိနေတာ ဟုတ်မဟုတ် သေချာဖို့ကတော့ သံလိုက်ဓာတ်မှန် (MRI) ရိုက်မှသာ မြင်နိုင်မှာပါ။ ခွဲစိတ်ဖို့လိုလာပြီဆိုရင်လည်း သံလိုက် ဓာတ်မှန် (MRI) ရိုက်ထားရပါတယ်။
လည်ပင်းကျီးပေါင်း ရှိတဲ့သူတွေအနေနဲ့ သိပ်ပြီး မလှုပ်ရှားရပါဘူး၊ လည်ပင်းရဲ့ လှုပ်ရှားမှုကို ထိန်းပေးနိုင်ဖို့ လည်းပင်းတပ်ကော်လာများကို အသုံးပြုလို့ရပါတယ်။ အိပ်တဲ့အခါမှာလည်း ခေါင်းအုံးကို သိပ်မမြှင့်ရပါဘူး။ ပုံမှန်ခေါင်းလေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ လည်ပင်းချိုးတတ်တဲ့ အကျင့်မလုပ်မိပါစေနဲ့၊ စာကြည့်တာပဲဖြစ်ဖြစ် တီဗွီကြည့်တာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး မျက်စိနဲ့ တပြေးညီထားကြည့်ပါ။ လိုအပ်ရင် တော့ အကိုက်အခဲ ပျောက်ဆေးသောက်ရတတ်ပါတယ်။ ဒါပေမယ့် ကျောရိုးဆစ်ကျွံတာဖြစ်နေရင်တော့ ခွဲစိတ်ကုသဖို့ လိုနိုင်ပါတယ်။
တိုးတက်လာတဲ့ ခေတ်နဲ့အပြိုင် ကျီးပေါင်းဖြစ်လာတဲ့သူ များလာမှာစိုးလို့ပါ။ ခေတ်မီသူတိုင်း ကျီးပေါင်းဖြစ်မှာစိုးလို့ပါ။
AUTHOR – Dr. CST