လူ့ခန္ဓာကိုယ်မှ ကြွက်သားများဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ အဓိကကျရုံသာမက အသက်ရှင်သန်ဖို့လုပ်ဆောင်ပေးတဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာပါ အရေးကြီးပါတယ်။ ကြွက်သားတွေ ကျန်းမာနေမှသာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့လုပ်ငန်းတွေကို ကောင်းမွန်စွာလုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကြွက်သားများ သန်မာနေစေရန်အတွက်ဆိုရင် ကြွက်သားဆုံးရှုံးမှုကို အားပေးတဲ့ အလေ့အထတွေကိုပါ ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ အမြဲလိုလို လှုပ်ရှားမှုမရှိပဲ ငြိမ်နေခြင်း၊ အာဟာရကြွယ်ဝစွာ မစားသုံးခြင်းစတဲ့ အလေ့အကျင့်တွေဟာ ကြွက်သားဆုံးရှုံးမှုကို အားပေးစေပါတယ်။
ကြွက်သား သန်မာနေစေဖို့ ဘယ်လို ထိန်းသိမ်းရမလဲ?
● Protein ကြွယ်ဝအောင် စားသုံးခြင်း
ကြွက်သားတည်ဆောက်ရာမှာ အခြေခံကျတဲ့ ပရိုတင်းဓာတ် လုံလုံလောက်လောက်မရရှိနိုင်ရင် ကြွက်သားများလျော့ရဲလာပြီး ဆုံးရှုံးမှုများ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်တဲ့ အသားအမျိုးမျိုး၊ ကြက်ဥနှင့် ပဲအမျိုးမျိုးကို လုံလောက်အောင်စားသုံးပေးသင့်ပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ပရိုတင်းဓာတ်ဟာ ၅၀ -၆၀ ဂရမ်ခန့် လိုအပ်ပါတယ်။ ကြွက်သားများ ရှိရင်းစွဲထက် ကြီးထွားဖို့ရန်အတွက်ဆိုရင် တစ်နေ့ကို ကိုယ်အလေးချိန်တစ်ပေါင်အတွက် ၁ဂရမ် ရအောင် စားသုံးသင့်ပါတယ်။
● ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ခြင်း
ကြွက်သားများကို အားစိုက်သုံးရတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ ဒိုက်ထိုးခြင်း၊ အလေးမခြင်း၊ အိပ်ထမတင်ပြုလုပ်ခြင်း စတာတွေကို အဓိကလုပ်ဆောင်ပေးသင့်ပါတယ်။ တစ်နေ့ကို ၃၀-၄၅မိနစ် နဲ့ တစ်ပတ်ကို ငါးရက် ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ ပုံမှန်လမ်းလျှောက်ပေးခြင်းကပင် ကြွက်သား ဆုံးရှုံးမှုတွေကို လျော့နည်းစေပါတယ်။
● တက်တက်ကြွကြွနေပါ
ကြွက်သားများဟာ များများအသုံးချပေးမှသာ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မလှုပ်မရှားပဲ အထိုင်များတဲ့ အလေ့အထရှိသူတွေမှာ အသက်ကြီးလာတဲ့အခါ အခြားသူတွေထက် ကြွက်သားဆုံးရှုံးမှု ပိုမိုဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိရတာကြောင့် မိမိကိုယ်ကို လေးလံထိုင်းမှိုင်းနေအောင်မနေပဲ အချိန်တိုင်း တက်တက်ကြွကြွ နေထိုင်သင့်ပါတယ်။
● ကြွက်သားများကို သန်မာစေမယ့် အစားအသောက်များကို များများစားပါ။
အရိုးတွေကြံ့ခိုင်သန်မာမှ ကြွက်သားတွေလည်း သန်မာနိုင်မှာဖြစ်လို့ Vitamin D နဲ့ Calcium ကြွယ်ဝတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပင်လယ်စာ စတာတွေကို များများစားပေးသင့်ပါတယ်။ Omega3 ငါးကြီးဆီဟာလည်း ကြွက်သားဆုံးရှူံးမှုများကို ကာကွယ်ပေးနိုင်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ အခွံမာအသီးအစေ့ဆံများ၊ ဘယ်ရီသီး၊ သံလွင်ဆီ စတာတွေဟာ ကြွက်သားဆုံးရှုံးမှုကို အားပေးတဲ့ ရောင်ယမ်းခြင်းတွေကို သက်သာစေတာမို့ များများစားသုံးနိုင်ပါတယ်။ Creatine ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အနီရောင်အသားများ၊ ငါးအမျိုးမျိုး ကို စားသုံးပေးခြင်းဖြင့် Creatine ဟာ ကြွက်သားကြီးထွားမှုကို အားပေးစေပါတယ်။
● ဆေးလိပ်နှင့် အရက်ကို တိုက်နိုင်သလောက် ရှောင်ပါ။
အရက်နှင့် ဆေးလိပ်ဟာ ခန္ဓာကိုယ်တွင်းရောင်ယမ်းမှုတွေကို ဖြစ်စေတဲ့အတွက် ရေရှည် စွဲသောက်သူများအနေနဲ့ အခြားသူများထက်စာရင် အသက်ကြီးလာတဲ့အခါ ကြွက်သားဆုံးရှူံးမှုဒဏ်ကို ပိုမိုခံစားရနိုင်ပါတယ်။