အသက်အရွယ်ရလာချိန်မှာ ကြွက်သားဆုံရှုံးမှု ကာကွယ်ရန်နှင့် ကြွက်သားဖွံဖြိုး သန်မာလိုသူများအတွက် မှန်ကန်သောစားသောက်မှုပုံစံ၊ လေ့ကျင့်ခန်းတို့အပြင် အရေးပါတဲ့ ဓါတ်တစ်မျိုးကတော့ HMB ( beta-hydroxy-beta-methylbutyrate ) ပဲဖြစ်ပါသည်။ HMB ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ် essential amino acid တစ်မျိုးဖြစ်သည့် leucine မှ တဆင့်ဖြစ်ပေါ်လာသော ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ HMB သည် အမိုင်နိုအက်ဆစ်များကဲ့သို့ ကြွက်သားဖွဲ့စည်းတည်ဆောက်ပေးပြီး ကြွက်သားပြိုကွဲပျက်စီးမှုကိုပါ လျော့ကျစေတဲ့ အဓိကဒြပ်ပေါင်းဖြစ်ပါတယ်။
မိမိတို့စားသုံးတဲ့ အစားအစာမှာပါဝင်သော leucine သည် HMB အဖြစ်ပြောင်းပြီး ခန္ဓာကိုယ်ဖွံဖြိုးမှု၊ ကြွက်သားထုထည်နှင့် အဆီမပါသော ကြွက်သားအလေးချိန်ကို တိုးစေတဲ့ အစွမ်းသတ္တိများရှိကြောင်း လေ့လာဖော်ပြကြပါတယ်။ တနည်းအားဖြင့် HMB သည် ခန္ဓာကိုယ်ရှိ အဆီဓါတ်ဖွဲ့စည်းမှုကို အဆီဓါတ်နည်းပြီး ကြွက်သားထုများသော အနေအထားကို ပြောင်းလဲပေးနိုင်ပါတယ်။ ကိုလက်စထရောကဲ့သို့ ခန္ဓာကိုယ်အတွက် မကောင်းသောအဆီဓါတ်များကိုလည်း HMB မှလျော့ချပေးနိုင်ပါတယ်။ ထို့ကြောင့် အဝလွန်သောသူများ အဆီနည်းသောကိုယ်ခန္ဓာဖွဲ့စည်းမှု လိုချင်သူများအတွက် HMB သည် ကြွက်သားသန်မာ ကြံ့ခိုင်မှုကိုရစေနိုင်ပါသည်။
HMB သည် အားကစားပုံမှန်လေ့ကျင့်သူဖြစ်စေ၊ မပြုလုပ်သူတွင်ဖြစ်စေ ကြွက်သားကို ဖွံဖြိုးသန်မာစေနိုင်သည့်အပြင် ပြင်းထန်သော အားကစားလုပ်ပြီး ကြုံတွေ့ရတတ်သည့် ကြွက်သားနာကျင်မှုကို လျော့နည်းအောင် ပြုလုပ်ပေးနိုင်သည်။ ပြင်းထန်သောလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ကြွက်သားဒဏ်ရာများကို လျင်မြန်စွာပြန်ကောင်းစေနိုင်ပါတယ်။
ထို့အပြင် လူ့ခန္ဓာကိုယ်သည် အသက်၄၀ကျော်လာလျှင် ကြွက်သားဖွံဖြိုးမှုအားနည်းလာပြီး ကြွက်သားဆုံးရှုံးမှုကို စတင်ခံစားလာရတတ်ပါတယ်။ HMB သည် ကြွက်သားဆုံးရှုံးမှုကိုပါ လျော့နည်းအောင် ပြုလုပ်ပေးနိုင်သည့် အစွမ်းသတ္တိလည်း ရှိပါတယ်။ ကြွက်သားဆုံးရှုံးမှု ကြုံတွေ့ရတတ်သည့် ကင်ဆာကဲ့သို့ အခြားနာတာရှည်ရောဂါ ခံစားနေရသူများအတွက် HMB သည်ကောင်းကျိုးများစွာ ရှိပါတယ်။ အစာမဝင်သော လူကြီးများအတွက် ကြွက်သားဆုံးရှုံးမှုကာကွယ်ပေးရန် HMB ပါဝင်သော အာဟာရဖြည့်စွက်စာများကျွေးခြင်းဖြင့် ကြွက်သားဖွံ့ဖြိုးမှု ကူညီပေးနိုင်ပါတယ်။
မိမိတို့ခန္ဓာကိုယ်သည် နေ့စဉ်စားသုံးနေသော အစာအာဟာရမှ တနေ့လျှင် HMB ပမာဏ ၁.၅ ဂရမ်လိုအပ်ပါသည်။ HMB ကိုဖြည့်စွက်အာဟာရအနေဖြင့် တနေ့လျှင် ၃ဂရမ်မှ၆ဂရမ်ထိ ဖြည့်စွက်ပေး၍ ရနိုင်သည်ဟု လေ့လာချက်များတွင် ဖော်ပြထားပါတယ်။ HMB ကို လူ့ခန္ဓာကိုယ် သဘာဝဇီဝကမ္မဖြစ်စဉ်မှ ရရှိနိုင်သကဲ့သို့ နို့နှင့်နို့ထွက်ပစ္စည်း၊ ပဲပိစပ်၊ အမဲသား၊ ကြက်သားနှင့် ဖြည့်စွက်အာဟာရမှုန့်များမှလည်း ရရှိနိုင်ပါသည်။ ထောပတ်သီးတ၊ ဂရိုတ်ဖရုသီး၊ ပန်းမုန်လာ၊ ငါးတန် စသည်တို့တွင် ပမာဏအနည်းငယ်သာ ပါဝင်မှုရှိပါတယ်။ လူအများစုအတွက် လိုအပ်တဲ့ HMB ၁.၅ဂရမ်နှင့်ညီမျှသော ပမာဏကို အစားအစာများမှ လုံလောက်စွာမရနိုင်သည့်အတွက် အာဟာရဖြည့်စွက်စွာများစားသုံးပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။
အသက်ငယ်သော လူငယ်များ၏ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်အရ ကြွက်သားတည်ဆောက်မှုနှင့် ဆုံးရှုံးမှုမျှတ နိုင်သော်လည်း အသက်၅၀အထက်လူကြီး သုံးယောက်အနက် တစ်ယောက်တွင် ကြွက်သားဆုံးရှုံးမှု ဝေဒနာများဖြစ်သည့် အားအင်မရှိနုံးချိခြင်း၊ လှုပ်ရှားသွားလာရန် ခက်ခဲခြင်းတို့ ခံစားရနိုင်ပါတယ်။
နောက်ဆက်တွဲအနေဖြင့် ရောဂါဝေဒနာ ခံစားပြီး နလန်ထရန်အချိန်ကြာခြင်း၊ ထိခိုက်ဒဏ်ရာ အနာကျက်နှေးခြင်းနှင့် နေ့စဉ်နေထိုင်မှုဘဝ အရည်အသွေးကျဆင်းသည်ထိ ကြုံတွေ့ရနိုင်ပါတယ်။ ထို့ကြောင့် ကြွက်သားများကြံ့ခိုင်ဖွံဖြိုးဖို့ အရေးပါလိုအပ်တဲ့ HMB ဓါတ်ကို လုံလောက်မျှတစွာ ဖြည့်စွက်ပေးဖို့ ရေးသားမျှဝေလိုက်ရပါတယ်။