တုပ်ကွေးနဲ့ အအေးမိတာ မတူပါ
တုပ်ကွေးနဲ့အအေးမိတာလို့ပြောရင် တူလားမတူဘူးလားမေးစရာရှိပါတယ်။ မတူပါ
တုပ်ကွေးဆိုတာ ရာသီတိုင်းမဖြစ်ပါဘူး။ မိုးတွင်း ဆောင်းတွင်း နဲ့ ရာသီအကူးအပြောင်းတွေမှာဖြစ်တတ်တယ်။ အအေးမိတာကတော့ ရာသီတိုင်းဖြစ်ချင်ဖြစ်တယ်။
တုပ်ကွေးက INFLUENZA ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တတ်တာပါ။ ဗိုင်းရပ်စ်ပိုးမှာအမျိုးစုတွေအများကြီးထပ်ရှိပါသေးတယ် တုပ်ကွေးတွေထဲမှာမှ အသက်အန္တရာယ်ကိုထိခိုက်စေတာတွေလည်းရှိပါတယ်။ ဥပမာအားဖြင့် ကြက်ငှက်တုပ်ကွေးတို့ SARS ရောဂါတို့စသဖြင့်ပါ။
အအေးမိကတော့ AIR CON ခန်းထဲ နေတဲ့သူတွေလည်း တစ်ခါတစ်ခါ ဖြစ်တတ်တယ်။ ရေချိုးမှားတာ အအေးခံများတာ မိုးမိတာတွေ စတာတွေမှာလည်းဖြစ်တတ်တယ်။
တုပ်ကွေးနဲ့ အအေးမိတာက ရောဂါလက္ခဏာ တူမလိုလိုနဲ့ မတူတာတွေရှိပါတယ်။
နှစ်ခုလုံးမှာ ဖျားပါတယ်။ အပူလည်းကြီးနိုင်တယ်။ ဆေးသောက်ရင်ကျသွားတတ်တယ်။ မကောင်းသေးရင်ပြန်ပူလာပါတယ်။
တုပ်ကွေးတွေမှာ အဓိကက ကိုယ်လက်တွေ အရမ်းကိုက်ခဲတတ်တာပါ။ တချို့တွေမှာ မဖျားခင်တည်းက ကြိုပြီးကိုက်ခဲနေတတ်တယ်။ ဖျားတဲ့အခါလည်းကိုက်ခဲနေတာပဲ။ လှုပ်တောင်မလှုပ်နိုင်ဘူး။ နုန်းကျသွားတတ်တယ်။ ခေါင်းလည်းကိုက်နိုင်တယ်။ ပျို့အန်တာတွေ ရှိတတ်တယ်။ ချောင်းခြောက်လည်းဆိုးတတ်တယ်။ များသောအားဖြင့် သုံးရက်ကနေငါးရက်အတွင်းပြန်ကောင်းတယ်။ ကောင်းပေမယ့်လည်း ကိုယ်လက်တွေကိုက်ခဲတာ ကျန်တတ်တယ်။
အအေးမိတာမှာတော့ အဓိကက နှာစေးတာနှာမွှန်တာပါ။ နှာခဏခဏ ချေတယ်။ ချောင်းလည်းဆိုးနိုင်တယ်။ လည်ပင်းနာတတ်တယ်။ ကိုယ်လက်ကိုက်ခဲတာတွေတော့ သိပ်မရှိတတ်ဘူး။
တုပ်ကွေးရော အအေးမိတာရော များသောအားဖြင့်ဘာဆေးမှမလိုတတ်ပါဘူး။ အပူကြီးတာကိုယ်လက်ကိုက်ခဲတာအတွက်တော့ အပူကျဆေးသောက်ပေးလို့ရတယ်။ အရည်များများသောက်ပေးရတယ်။ စွပ်ပြူုတ်ဆန်ပြုတ်တွေ ပူပူနွေးနွေးသောက်ပေးလို့ရတယ်။ တချို့ ဓာတ်ဆားသောက်လည်းရတယ်။ ပျို့အန်တာ လည်ချောင်းနာတာ ချောင်းဆိုးတာ နှာမွှန်တာ ဆိုးလွန်းရင်တော့ ဒါတွေအတွက်ပါ ဆေးသောက်လို့ရတယ်။
တုပ်ကွေးကတော့ တစ်နှစ်တစ်ခါ ကာကွယ်ဆေးထိုးလို့ရတယ်။ အအေးမိတာကတော့ကာကွယ်ဆေးမရှိပါဘူး။
အဓိကကတော့ ကျန်းမာရေးနဲ့ညီညွတ်အောင်နေထိုင်ဖို့ပါ။နေပူလည်းအရမ်းမထွက်နဲ့။ အအေးလည်းမမိစေနဲ့။ နှာချေချောင်းဆိုးတဲ့အခါလည်း လက်ကိုင်ပဝါနဲ့ အုပ်ပြီးမှ နှာချေပါ။ ချောင်းဆိုးပါ။ အားရှိတဲ့အစားအစာတွေပိုစားပါ။ အရည်များများသောက်ပေးပါ။ ကာကွယ်လို့ရတဲ့ တုပ်ကွေးကိုလည်း ကာကွယ်ဆေးကြိုထိုးလို့ရပါတယ်။
ဘာပဲဖြစ်ဖြစ်လိုအပ်လာရင်တော့ဆေးခန်းပြပြီးကုသရမှပါ။
Author; Dr. CST