ထိပ်ကပ်နာဆိုတာ ဆေးပညာအရတော့ (Sinusitis) လို့ခေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ လေအိတ်လှိုင်ခေါင်းလေးတွေနဲ့ သူတို့ကိုအုပ်ထားတဲ့ အမြှေးပါးတွေရောင်ရမ်းခြင်းပါပဲ။ လေအိတ်လှိုင်ခေါင်းလေးတွေဟာ မျက်လုံးအိမ် တစ်ဝိုက်နဲ့ နှာခေါင်းရဲ့နောက်ဘက်မှာရှိပြီး စုစုပေါင်း ၄ စုံရှိပါတယ်။ သူတို့ကို အချွဲမြှေး (Mucous Membrane) နဲ့ ဖုံးအုပ်ထားပါတယ်။ သူတို့ထဲမှာ လေတွေရှိပါတယ်။
အချွဲမြှေး (Mucous Membrane) ဟာဝင်လာသမျှဖုန်မှုန့် ဘက်တီးရီးယားပိုးတွေကို စစ်ထုတ်ပြီး နှာခေါင်းအတွင်းသို့ နှာရည်အဖြစ်နဲ့ပြောင်းလဲပို့ပေးပါတယ်။ တချို့အချွဲတွေကျတော့ လည်မျိုရဲ့အနောက်ဘက် အစာလမ်းကြောင်းဆီကို ပို့ပေးပါတယ်။ အစာအိမ်အတွင်းရောက်မှ အစာခြေအက်စစ်ရည်တွေက ရောဂါပိုးတွေကို ခြေဖျက်ပေးပါတယ်။ ဒါဟာကိုယ်ခန္ဓာရဲ့ပုံ မှန်လုပ်ဆောင်ချက်ပါပဲ။
ထိပ်ကပ်နာဖြစ်တဲ့အခါ အချွဲမြှေးပါးနဲ့ လေအိတ်လှိုင်ခေါင်းလေးတွေ ရောင်တဲ့အခါမှာ ခါတိုင်းစစ်ပေးနေကျ ဖုန်မှုန့်နဲ့ချွဲတွကို မစစ်ပေးနိုင်တော့သလို
နှာခေါင်းအတွင်းကိုလဲ မပို့နိုင်တော့တဲ့အတွက် ပိတ်ဆို့မှုတွေ ဖြစ်ကုန်ရပါတယ်။
လေအိတ်လှိုက်ခေါင်းလေးတွေနဲ့ ချွဲမြှေးပါးတွေရောင်ရမ်းရတဲ့အကြောင်း အများကြီးရှိပါတယ်။ အဲ့ဒါတွေကတော့
– ထိခိုက်ဒဏ်ရာရခြင်း
– ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်း
– ဘက်တီးရီးယားပိုးဝင်ခြင်း
– ဓါတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိခြင်းရှုမိခြင်း (Allergy)
– လေထုညစ်ညမ်းခြင်း
– သွားရောဂါ တစ်ခုခုအခံရှိခြင်း (သွားကိုက်ရာမှတစ်ဆင့် ဘက်တီးရီးယားပိုးဝင်ခြင်း)
– စိတ်ဖိစီးမှုများခြင်း
– ပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်မှ အဆိပ်အတောက်များကို ရှုရှိုက်ထိတွေ့မိခြင်း
– နှာခေါင်းထဲမှာအဖုအကျိတ်တွေ ဖြစ်ခြင်းစတဲ့အကြောင်းအများကြီးရှိပါတယ်။
အဆုတ်အတွက် ရှေ့တန်းအကာအကွယ်ဖြစ်တဲ့ လေအိတ်လှိုင်ခေါင်းတွေမှာ ရောဂါဖြစ်ဖို့လွယ်ကူလှပါတယ်။ တစ်ဦးနဲ့တစ်ဦးလည်း ကူးစက်ဖို့ လွယ်ပါတယ်။ရောဂါလက္ခဏာအနေနဲ့ကတော့ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ လည်ချောင်းနာခြင်း၊ အဖျားငွေ့ငွေ့ရှိခြင်းတို့ဖြစ်တဲ့အတွက် ရိုးရိုးအအေးမိခြင်း (commom cold) နဲ့မှားတတ်ကြတယ်။
ထိပ်ကပ်နာမှာ ထူးခြားတဲ့လက္ခဏာတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့ မျက်လုံးတဝိုက်လေးလံခြင်း၊ ပါးရိုးမျက်ရိုးနဖူး တို့တင်းကျပ်ကျပ်ဖြစ်နေပြီး ကိုက်ခဲသလိုခံစားရခြင်း၊ ခံတွင်းအနံ့ဆိုးခြင်း ၊ ညဖက်တွင်ချောင်းပိုဆိုးခြင်း၊ မေးရိုးကိုက်ခြင်း၊ သွားကိုက်ခြင်း၊ အစိမ်းရောင် သို့မဟုတ် အဝါရောင်ပျစ်ပျစ်နှာရည်များထွက်ခြင်း တို့ပဲဖြစ်ပါတယ်။
လေအိတ်ရောင်ခြင်းကို ရုတ်တရက်ဖြစ်တာ (acute) နဲ့ နာတာရှည်ဖြစ်တာ (Chronic) ဆိုပြီး ၂ မျိုးခွဲခြားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ အကြမ်းအားဖြင့်တူတူပါပဲ။ ရုတ်တရက်ဖြစ်တဲ့ ထိပ်ကပ်နာက ပိုပြီးရောဂါပြင်းထန်တတ်ပါတယ်။ နာတာရှည်ကတော့ ရောဂါသက်တမ်း ၃ လမှအထက်ကြာတတ်ပြီး တစ်ခါတစ်ရံမှသာပြင်းထန်တဲ့အဆင့်ဖြစ်တတ်ပါတယ်။
ထိပ်ကပ်နာခံစားရပါက အနားယူပါ။ အရည်များများသောက်ပါ။ ရေနွေးဖြူပူပူကိုခွက်တစ်ခုထဲထည့်ပြီ းထွက်လာတဲ့အငွေ့ရှုပါ။ ထိပ်ကပ်နာကိုကုသတဲ့အခါမှာ ပိုးသေဆေး(Antibiotics) နဲ့အရောင်ကျဆေးတွေသုံးပါတယ်။ ဆေးတိုင်းမှာတော့ ဘေးထွက်ဆိုးကျိုးရှိတာပါပဲ။
ပိုးသတ်ဆေးတွေကြောင့် အူသိမ်တို့အစာအိမ်တို့မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေပါသေပါတယ်။ အဲ့အခါမှာ ခုခံကာကွယ်စွမ်းအား လျှော့သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ အရောင်ကျဆေးကျတော့ အမြှေးပါးရောင်တာကျပြီး နှာရည်ယိုစီးမှု သက်သာစေပေမယ့် အိမ်မပျော်တာ၊ စိတ်သောကရောက်တာ၊ သွေးပေါင်ကျတာလိုမျိုး ဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ ပိုးသေဆေးသုံးမှပဲဘက်တီးရီယားပိုးကိုသတ်နိုင်မှာပါ။ ဒါပေမယ့်နောက်တစ်ကြိမ်ပြန်မဖြစ်အောင်တော့ကာကွယ်မပေးနိုင်ဘူး။
ဒါကြောင့် ကာကွယ်ခြင်းဟာကုသခြင်းထက်ပိုကောင်းပါတယ်။ ထိပ်ကပ်နာမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတော့ အငွေ့အမှုန်ရှောင်ပါ။ အပြင်ထွက်ရင်နှာခေါင်းစည်းတပ်ပါ။ ဆေးလိပ်မသောက်ပါနဲ့။ ဗီတာမင်စီတစ်နေ့တစ်ပြားသောက်ပေးပါ။ ဓါတ်မတည့်မှုရောဂါရှိပါက ဆရာဝန်နဲ့သေချာပြထားပါ။ အအေးမမိအောင်နေထိုင်ပါ။
Author : Dr 528