ခြေထောက်နှင့်ပတ်သက်ပြီး အနာဖြစ်ခြင်း ထိခိုက်ဒဏ်ရာရခြင်းများသည် ဆီးချိုဝေဒနာရှင်များတွင် ပိုဖြစ်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဆီးချိုဖြစ်တာ ကြာလာတာနဲ့အမျှ နောက်ဆက်တွဲအနေနဲ့ အာရုံကြောတွေပျက်စီးပြီး ထုံတာ ကျင်တာတွေဖြစ်လာပါတယ်။ ခြေထောက်မှာ ထုံတာ ကျင်တာတွေဖြစ်လာရင် ခြေထောက်ရဲ့ အာရုံခံစားနိုင်စွမ်းလျော့လာပါတယ်။ နောက်တစ်ချက်က ခြေထောက်မှာဘာလို့အဖြစ်များရလဲဆိုရင် လမ်းလျှောက်ရင် အောက်ကိုကြည့်လျှောက်တာနည်းလို့ပါ။
သာမန်လူတွေအဖို့ ဖိနပ်ထဲခဲဝင်နေတာ သို့မဟုတ် ဆူးဝင်နေတာ သို့မဟုတ် မီးခဲလိုပူတာတက်နင်းမိတာတွေကို သိပြီး ရှောင်တာ ချက်ချင်းဖယ်ရှားတာတွေလုပ်နိုင်ပေမယ့် ဆီးချိုသမားကတော့ ထုံတာကျင်တာဖြစ်သောကြောင့် ခြေထောက်ရဲ့အာရုံခံစားနိုင်မှုလျော့တဲ့အတွက် ပူတာနင်းမိလည်း ပူမှန်းမသိပါ။ ဖိနပ်ထဲခဲဝင်နေလည်း ဝင်မှန်းမသိပါ။ထိုအခါမှ ခဲနဲ့ပွတ်ပြီး အနာဖြစ်တာ ဆူးစူးပီးအနာဖြစ်တာ ပူတာကိုနင်းတာကြာတော့ အပူလောင်ပြီး အနာဖြစ်တာတွေဖြစ်လာပါတယ်။ထိုအနာတွေကနေတဆင့် ပိုးဝင်ပြီး ပြည်တည်လာနိုင်ပါတယ်။
ဆီးချိုမရှိတဲ့လူတွေမှာ သွေးလည်ပတ်မှုက ပုံမှန်ဖြစ်တဲ့အတွက် အနာဖြစ်လို့ရှိရင် ဆေးထည့်လိုက်ပါက လွယ်ကူစွာအနာကျက်နိုင်ပါတယ်။သို့သော် ဆီးချိုရှိတဲ့လူတွေမှာ ဆီးချိုက ခြေထောက်ဆီကို သွေးစီးဆင်းမှုနည်းသွားစေတဲ့အတွက် တော်တော်နဲ့ အနာမကျက်တာ ကနေ ပုပ်ပြီး ခြေချောင်းဖြတ်ရတာ ခြေထောက်ဖြတ်ရတာမျိူးတွေ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် ဆီးချိုရောဂါ ရှိသူများအနေဖြင့် မိမိရဲ့ခြေထောက်ကို ကောင်းကောင်းဂရုစိုက်ခြင်း ထိခိုက်မှုမရှိအောင်နေခြင်းဖြင့် ခြေချောင်းဖြတ်ရတာမျိုးတွေ ခြေထောက်ဖြတ်ရတာမျိုးအဆင့်မရောက်အောင် ကာကွယ်ဖို့လိုပါတယ်။
နည်းလမ်းတွေကတော့
၁။ နေ့စဉ် ခြေထောက်ကို ကြည့်ရှုဆေးကြောပါ။သို့သော် မတော်တဆ အပူလောင်ခြင်းမှ ရှောင်ရှားနိုင်ရန် ရေအပူချိန်ကို တံတောင်ဆစ်ဖြင့် အရင်စမ်းကြည့်ပါ။
၂။ အထူးသဖြင့် ခြေချောင်းလေးများ အကြားကို ခြောက်သွေ့အောင်ထားပါ။အဲ့ကြားတွေထဲမှာ စိုစွတ်နေပါက အနာဖြစ်တတ်ပါတယ်။
၃။ခြေသည်းများကိုတုံးတိတိညှပ်ပြီး တံစဉ်းတိုက်ပါ။ခြေချောင်းထောင့်များရှိ ခြေသည်းများကို မညှပ်ပါနဲ့။
၄။အရေပြားခြောက်သွေ့ကွဲအက်မှုမရှိအောင် အစိုဓါတ်ပါသော ခရင်မ်ကိုလိမ်းပေးပါ။သို့သော် ခြေချောင်းများကြားကိုလုံးဝမလိမ်းပါနဲ့။
၅။ခြေထောက်ပေါ်ရှိ အသားမာများ အရည်ကြည်ဖုများကို ဖောက်တာ ခွာတာတွေမလုပ်ပါနဲ့။အဲ့ဒါတွေရှိခြင်းကြောင့် နေရခက်ပါက အရေပြားဆရာဝန်နဲ့ တိုင်ပင်ကုသပါ။
၆။ဖိနပ်အတွင်းတွင် ချွန်မြနေသော အရာများ ဝင်ရောက်ခြင်း ရှိမရှိ စစ်ဆေးပြီးမှ ဖိနပ်စီးပါ။
၇။အက်စစ်ဓါတ်ပါသော ပလာစတာ အမာများ မကပ်ပါနဲ့။
၈။မီးအပူ၊ ရေနွေးဓါတ်ဘူး၊ရေနွေးအိုးများကို သတိထားပါ။ အပူကို ခံစားနိုင်မှု နှင့် နာကျင်မှုကို ခံစားနိုင်မှုလျော့လာခြင်း၊မရှိတော့ခြင်းများသည် အပူလောင်ဖို့အခွင့်အရေးပိုများသည်။
၉။သင်ရဲ့ခြေထောက်နဲ့ အံဝင်ခွင်ကျ ဖြစ်သောဖိနပ်ကိုသာစီးပါ။တင်းကျပ်နေသောဖိနပ်ကိုမစီးပါနဲ့။
၁၀။ခြေဗလာနဲ့အပြင်မထွက်ပါနဲ့။
အဆုံးသတ်အနေနဲ့ကတော့ ဆီးချိုရှိသူများတွင် အနာဖြစ်လာပါက အနာကျက်ခြင်းသည် အလွန်အချိန်ကြာနိုင်ပါသည်။အသက်ကြီးသည့် လူများတွင် ပိုမိုကြာတတ်ပါသည်။ထို့ကြောင့်သတိထားရင်းနဲ့တောင်မှ အနာဖြစ်ခဲ့ရင် မိမိရဲ့ဆီးချိုကုဆရာဝန်နဲ့ အမြန်ဆုံးပြဖို့လိုပါတယ်။အဘယ်ကြောင့်ဆိုသော် မကုဘဲထားမယ်ဆိုပါက အပ်ပေါက်ရာအနာသေးသေးလေးမှနေပြီး အဆိုးရွားဆုံး ပြသာနာတွေအထိ ဖြစ်နိုင်လို့ပါ။