လေထိုးလေအောင့် ဝေဒနာကို ခံစားရတာကြာပါပြီ။ ဖြစ်လိုက်ပျောက်လိုက်နဲ့ပါ။ ကျွန်တော်စားတဲ့ အစားအသောက်တွေကြောင့်လို့ထင်ပါတယ်။ ကျွန်တော်ကလက်ဖက်တို့ လက်ဖက်ရည်တို့အရမ်းကြိုက်တယ်။ ကောက်ညှင်းပေါင်းလည်းနေ့တိုင်းနီးပါးစားဖြစ်တယ်။ ဒီ၁ရက်၂ရက်မှာ လက်ဖက်ရည်ကိုမသောက်ဘဲနေလိုက်ပေမယ့် လေထိုးတာက မပျောက်ဘူးဖြစ်နေတယ်။
ပိုဆိုးတာက ညဘက်လေထိုးလို့ကောင်းကောင်းအိပ်မပျော်တာပါ။ လျက်ဆားလျက်လည်းခဏပဲသက်သာတယ်။ သွေးတိုးရှိတော့ အများကြီးလည်း မလျက်ရဲဘူး။ အရင်ဖြစ်ခါစတော့ လျက်ဆားလျက်တာနဲ့သက်သာတယ်။ အခုတစ်ခေါက်က မသက်လည်းမသက်သာ နောက်ပြီးနေပြင်းတော့ လျက်ဆားလည်း သွေးတိုးမှာကြောက်လို့ မလျက်ရဲတာနဲ့ ကျွန်တော်နဲ့အကိုဝမ်းကွဲတော်စပ်တဲ့ ဒေါက်တာသက်စည်ဆီ သွားခဲ့ပါတယ်။
ကိုသက်စည်ကို ကျွန်တော့်ရဲ့ဝေဒနာဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ်။ ကိုသက်ကစမ်းသပ်ပေးပြီး အစားအသောက်ကော အချိန်မှန်စားရဲ့လား။ အရင်ကလို လက်ဖက်ရည် လက်ဖက်အများကြီးစားလား။
ဒီတော့ ကျွန်တော်က အလုပ်များတဲ့အချိန်တော့ ထမင်းအချိန်မှန်မစားဖြစ်ဘူး ကိုသက်။ တစ်ခါတစ်လေ လက်ဖက်ရည် သို့မဟုတ် ကော်ဖီတစ်ခွက်လောက်နဲ့ ပြီးသွားတာလည်းရှိတယ်။
အစားအစာကို အချိန်မှန်စားတာကောင်းတယ်။ မဟုတ်ရင် ဗိုက်ထဲမှာလေခံပြီး ဗိုက်အောင့်တာတွေဖြစ်နိုင်တယ်။ ဗိုက်ကယ်ပြီးလေထိုးလေအောင့်ဖြစ်တာက အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာ လေတွေ မလိုအပ်ဘဲစုပုံလာလို့ပါ။ အစာစားတာများသွားတဲ့အခါ၊ မကျေညက်လွယ်တဲ့အစာတွေစားမိတဲ့အခါ နဲ့ အကြောင်းအမျိုးမျိုးကြောင့်လေတွေ ဗိုက်ထဲကို ဝင်လာလို့ပါ။ အစာစားတဲ့အခါ သေချာကျေညက်အောင်ဝါးစားပါ။ အစာစားရင်း စကားပြောတာမျိုးတွေရှောင်ပါ။
ဟုတ်ကဲ့ပါကိုသက်။ ဒါနဲ့ကျွန်တော်ခုဖြစ်နေတာတွေက ဘာဆေးသောက်ရမလဲ။
လေထိုးလေအောင့်ပျောက်ဆေးတွေကတော့ အမျိုးမျိုးရှိတာပါပဲ။ Simethicone ပါတဲ့ဆေးတွေက အစာအိမ်ထဲမှာရှိတဲ့မလိုအပ်တဲ့လေတွေကိုအမြန်ဆုံးစုစည်းပြီး ခန္ဓာကိုယ်အပြင်ဘက်ကိုမြန်မြန်ထွက်စေတယ်။ တစ်နေ့ကို ဆေး၁လုံးမှ ၂လုံး အစာစားပြီး ဝါးစားပါ။ ရေနဲ့မျိုချတာထက် ဝါးစားတာပိုအာနိသင်ရှိတယ်။
ဒါပေမယ့် ဆေးချည်းပဲအားကိုးလို့လည်းမရဘူးဟ။ ကိုယ်တိုင်ကလည်း အစားအသောက်ဆင်ခြင်ဖို့လိုတယ်။ အချိန်မှန်မှန်စားရမယ်။ စားတဲ့အခါမှာသေချာဝါးစားရမယ်။ လက်ဖက်၊ လက်ဖက်ရည်၊ ကောက်ညှင်းစတာတွေကိုလည်း လျှော့စားရမယ်။ အထူးသဖြင့်ညဘက်ကို အစာကြေလွယ်တာပဲစားသင့်တယ်နော် လို့ ကျွန်တော်မပြန်ခင် ကိုသက်ကသေချာမှာလိုက်ပါသေးတယ်။
Author : Dr 528