သွေးလွန်တုပ်ကွေး
“မိုးတွင်းအစပဲ ရှိသေးတယ် သွေးလွန်တုပ်ကွေးတွေ အရမ်းဖြစ်နေတယ်လို့ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ်နော် မိန်းမ” ကိုကျော်လင်းတစ်ယောက် ဂျာနယ်ဖတ်ရင်း မိန်းမဖြစ်သူကို လှမ်းပြောလိုက်သည်။ စုစုတစ်ယောက် သမီးငယ်ကို နို့တိုက်ရင်း သားကြီးကို ယှပ်ခတ်ပေးနေသည်။ ယောကျ်ားဖြစ်သူ ပြောစကားကြောင့် အလန့်တကြားဖြစ်သွားသည်။
” မိုးတွင်းက ဝင်ခါစပဲရှိသေးတယ်။ သွေးလွန်တုပ်ကွေးက ဖြစ်ပြီပေါ့နော်”
တစ်ယောက်တည်း ငြီးမိသည်။ သားကြီးကား သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံနှစ်ကြိမ်တက်ဖူးပြီးပြီ။ နှစ်နှစ်ဆက်တိုက် ဆေးရုံတက်ရသည်။ ပထမတစ်ကြိမ်တုန်းကတော့ ဒီအတိုင်းဆေးရုံပေါ်တွင် ပုလင်းလေးခြိတ်ကာ ပြန်ဆင်းခဲ့ရသည်။ သိပ်ပြီး စိုးရိမ်စရာမရှိပါ။ ဒုတိယအကြိမ်က ပိုးဆိုးဝါးသည်။
သွေးလန့်သည့် အတွက် သွေးရေကြည်တောင် အရေးပေါ်ရှာ၍ သွင်းလိုက်ရသည်။ သွေးရည်ကြည်ကို အချိန်မှီသွင်းနိုင်လို့သာ သားလေး အသက်ကို ကယ်နိုင်ခြင်းဖြစ်သည်။ နောက်တစ်ကြိမ်ဒီလိုမျိုးဖြစ်မှာကို စုစုတစ်ယောက်ကြောက်ပါသည်။
“ဟုတ်တယ် ကျုပ်လည်း ဒါကိုပဲ စိုးရိမ်နေတာ။ ကျုပ်တို့ရပ်ကွက်ထဲမှာ တော့ သွေးလွန်တုပ်ကွေးဖြစ်နေပြီလို့မကြားမိသေးပါဘူး။ ” စုစုတစ်ယောက် ကိုကျော်လင်းကို စကားပြန်ပြောကာ သူ့ဘာသာ ဖြေသိမ့်လိုက်သည်။ ”မကြားမိလည်း သတိတော့ထားရမှာပဲ။ မင်းဘုရားပန်းအိုးထဲကရေတွေကို နေ့တိုင်းလဲတယ်နော်။ ”
“နေ့တိုင်းလဲပါတယ် ကိုကျော်ရယ်။ ကိုကျော်သာ ရေချိုးခံထဲက ရေတွေကို သေသေချာချာစောင့်ကြည့်။ ပိုးလောက်လန်းတွေပေါက်နေတာမြင်ရင် ရေလှယ်ဖို့ပြင်ပါ။ “ ” ငါးတွေလည်းမွေးထားတယ်။ ဒါပေမဲ့ စိတ်ချရအောင် မင်းလည်း အားရင် စကာလေးနဲ့ စစ်စစ်ကြည့်ဦး။ ပိုးလောက်လန်းတွေ့ရင် ငါကို ချက်ချင်းပြော။” ကိုကျော်လင်းတစ်ယောက် သားကြီးနှင့် သမီးငယ်ကို ခြင်မကိုက်ခံရအောင် ရေချိုးကန်ကို အမြဲစောင့်ကြည့်နေသည်။
“ဟုတ်ကဲ့ပါ ”
” ဒီနှစ်တော့ သားကြီးကိုရော သမီးငယ်ကိုပါ ခြင်ကိုက်မခံရအောင် ဂရုစိုက်ရမယ်။ ” သားကြီးကို ငုံ့နှမ်းရင်း ကိုကျော်လင်းတစ်ယောက် ပြောလိုက်သည်။
”ဟုတ်ကဲ့ပါ ကျုပ်ကလေးနှစ်ယောက်ကို သေချာဂရုစိုက်ပါမယ် ”
စုစုတစ်ယောက် ကတိတွေပေးနေသည်။
ဒီကတိက ကိုကျော်လင်းကို ပေးသည်မဟုတ်။ မိမိဘာသာ ပေးနေခြင်းဖြစ်သည်။ ဒုတိယတစ်ခေါက် ဆေးရုံတက်ရတုန်းက ဆေးရုံမှ ဆရာဝန်မလေးက စုစု အား သေချာမှာလိုက်သည်။ ကလေးကို ခြင်ကိုက်မခံရအောင် ဂရုစိုက်ရမည်။ သွေးလွန်တုပ်ကွေးသည် ပထမအကြိမ်ဖြစ်တာထက် ဒုတိယအကြိမ်ဖြစ်တာက ပိုဆိုးရွားသည်။ ဒုတိယအကြိမ်ဖြစ်တာထက် တတိယ အကြိမ်က ပိုးဆိုးနိုင်သည်ဟု မှာလိုက်သည်။ ဒုတိယအကြိမ်တုန်းက သွေးလန့်ရုံသာမကပဲ သားကြီးသည် နှာခေါင်းသွေးများလျံလာသည်။
နှာခေါင်းသွေးလျံသည့်အတွက် ဆေးရုံသို့တက်ခဲ့ရသည်။ မနက်ပိုင်းလောက် ဆေးရုံတက်ပြီး ညမိုးချုပ်အချိန်လောက်တွင် အညိုရောင်တွေ အန်ခြင်းဖြစ်သည်။ သားကြီးကို ဆန်ပြုတ်အဖြူရောင်တွေ တိုက်ထားခြင်းဖြစ်သည်။
သို့သော် သားကြီးပြန်အန်သည်က အညိုရင့်ရောင် အရည်တွေ။ တာဝန်ကျ ဆရာဝန်လေးအားပြေးခေါ်ရသည်။ ကလေးကားမိန်းနေသည်။ စုစုတစ်ယောက် အရူးမီးဝိုင်းဖြစ်ရသည့်အဖြစ်။ သို့သော် ဆေးရုံပေါ်ရောက်နေသည့်အတွက် သားကြီးကံကောင်းသည်ဟု ပြောရမည်။ ဆရာဝန်များကား ဂရုတစိုက်ရှိကြသည်။ အရေးပေါ် သွေးရည်ကြည်သွင်းကာ ကုသခဲ့ရသည်။
သွေးရည်ကြည်ကားသွေးလှူဘဏ်တွင် မရှိပေ။ Platelet ခေါ်သွေးခဲစေတတ်သော ဓာတ် ပါဝင်တဲ့သွေးရည်ကြည်ကို ပဲ သွေးလွန်တုပ်ကွေးတွင် သွင်းရခြင်းဖြစ်သည်။ Platelet ကား လူ၏ ခန္ဓာကိုယ်ပြင်ပတွင် နာရီအနည်းငယ် ကြာပဲ နေသည်။ ရှစ်နာရီကျော်ကြာလျှင် ပျက်စီးသွားတတ်သည်။
ထို့ကြောင့် သွေးလွန်တုပ်ကွေးဖြစ်သော ကလေးများဆေးရုံတက်ရလျှင် ကလေးနှင့် သွေးအမျိုးအစားတူသော လူများကို အဆင်သင့်ရှာခိုင်းထားခြင်းဖြစ်သည်။ စုစုတစ်ယောက် မသိနားမလည်၍ ဆရာဝန်လေးအား အတွန့်တက်မိသေးသည်။
” ဆရာတို့မှာ ရှိတဲ့ သွေးရည်ကြည်လေး အရင်သွင်းထားပေးပါ။ ကျွန်မတို့ခေါ်ထားတဲ့သွေးလှူရှင်လာရင် အစားပြန်ဆက်ပါမယ်” ဆရာဝန်လေးကား စိတ်မဆိုးသည့်အပြင် စုစုအား စိတ်ရှည်ရှည်နှင့် ပြန်ရှင်းပြခဲ့ပေးသည်။
“မိုးတွင်းကာလသွေးလွန်တုပ်ကွေးရာသီဆိုတော့ ကလေးတွေကလည်း ဆေးရုံတက်တာများတယ်။ သွေးရည်ကြည်ဆိုတာမျိုးက သွေးကို ချက်ချင်း လူ့ခန္ဓာကိုယ်ထဲက ဖောက်ပြီး သွေးရည်ကြည်ဖြစ်အောင် လုပ်တယ်။ ပြီးတာနဲ့ချက်ချင်းသွင်းရတာမျိုးပါ။ သွေးလှူဘဏ်က သွေးတွေတွေကို မပေးချင်လို့မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ မရှိလို့ပါ။ ကလေးတစ်ယောက် သွေးလွန်တုပ်ကွေးနဲ့ ဆေးရုံတက်ရပြီဆိုရင် ကျွန်တော်တို့ ကလေးသွေးနဲ့တူတဲ့လူတစ်ယောက်ကို အမြဲ အဆင်သင့်ဖြစ်နေအောင် ရှာခိုင်းထားတတ်ပါတယ်။ သူ့ဆီက သွေးကိုလည်း ကြိုပြီးမဖောက်ခိုင်းပါဘူး။ ကလေး အမှန်တကယ် သွေးရည်ကြည်သွင်းဖို့လိုအပ်လာပြီဆိုမှ အသင့် စောင့်နေတဲ့ သူဆီက သွေးကိုဖောက်ပြီး ကလေးကိုယ်ထဲကို ချက်ချင်းထည့်တာပါ။ ”
” မသိလို့ပါဆရာရယ်” စုစုတစ်ယောက် ဆရာဝန်လေးအား ပြန်တောင်းပန်လိုက်ပါ၏။ ရင်ထဲတွင် ရှိနေသော အစိုင်အခဲများသည်လည်း ပျောက်ကွယ်ကုန်သည်။ ကိုကျော်လင်းနှင့်သားကား သွေးအုပ်စုချင်းတူသဖြင့် ကိုကျော်လင်းဆီက သွေးကိုပဲ သားအားသွင်းလိုက်သည်။ စုစုကလည်း တစ်ခြားဘယ်သူစိမ်းတစ်ယောက်၏ သွေးကိုမှ သား၏ ကိုယ်ခန္ဓာထဲကို မသွင်းချင်ပါ။
ကိုကျော်လင်း သွေးဆိုတော့ စိတ်ချရသည်။ စုစု အရင်ကကြားဖူးသော ဖြစ်ရပ်တစ်ခုရှိဖူးသည်။ စုစုသူငယ်ချင်းတစ်ယောက်၏ အမဖြစ်သူတစ်ယေက်သည် နိုင်ငံခြားသွားကာနီး သွေးစစ်ကြည့်သောအခါ HIV ပိုးရှိနေမှန်းသိရသည်။ HIV ပိုး မည်သူ့ဆီက ကူးသနည်းဟု လိုက်စုံစမ်းကြည့်လိုက်တော့ မိသားစုဝင်များတွင်လည်း တစ်ယောက်မှ မရှိပဲ သူငယ်ချင်းအမတွင်သာ ရှိနေသည်။ သူငယ်ချင်းအမကား ငယ်ငယ်က သွေးလွန်တုပ်ကွေးဖြစ်သဖြင့်ဆေးရုံတက်ခဲ့ရဖူးသည်။
သားကြီးလိုပဲ သွေးသွင်းခဲ့ဖူးသည်။ ဆေးရုံတွင် သွေးသွင်းစဉ် HIV ပိုး ကူးစက်ခံခဲ့ရပုံရသည်။ ထိုအမ၏ အဖြစ်ကို ကြားဖူးထားသဖြင့် သားကြီးအားတစိမ်းတစ်ယောက်၏ သွေး မသွင်းဖူးဟု စုစုတစ်ယောက် သံဓိဌာန် ချထားပြီးဖြစ်သည်။ ဒုတိယအကြိမ်တုန်းက ကိုကျော်လင်းသွေးကို သွင်းခဲ့သည်။ အခုနောက်တစ်ကြိမ်ထပ်ပြီး သွေးလွန်တုပ်ကွေးရောဂါမရအောင် ကာကွယ်ရမည်။
အခုတော့ သားကြီးပါမကပဲ သမီးငယ်လေးကိုပါ ခြင်ကိုက်မခံရအောင် ဂရုစိုက်နေရသည်။ စုစုတစ်ယောက် အတွေးတွေများနေသည်နှင့် တော်တော်နှင့် အိပ်မပျော်။ ကိုကျော်လင်းနှင့် ကလေးများကားနှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြပြီ။ လမ်းထိပ် မီးကင်းမှ သံချောင်းခေါက်သံ နှစ်ချက်ကြားနေရပြီ။ စုစုတစ်ယောက် မျက်လုံးများကျယ်လျှက်။
Author: Dr.အေးချမ်းမိုး