လူနာရှင်းတုန်းတစ်ရက် ဆေးခန်းမှာနားနေတုန်း ဆေးခန်းထဲ အစ်မကြီးတစ်ယောက် ကပျာကယာဝင်လာပြီး
‘ဆရာရေ အိမ်ပင့်ချင်လို့ပါ ၊ အဖေရယ် ကိုယ်တွေ တဆတ်ဆတ်တုန်နေလို့၊ ပြီးတော့လျှာလည်းရွဲ့နေလို့၊ လေဖြတ်ချင်တာလားမသိလို့ ဆရာ ခဏလောက်လိုက်ကြည့်ပေးပါဆရာ’။
သူပြောပုံကလေဖြတ်တာနဲ့တော့မတူ။ တက်နေတာဖြစ်ဖို့များတယ် လို့စဉ်းစားရင်း ဆေးအိတ်နဲ့ လိုအပ်တာတွေ ယူပြီး ဆေးခန်းအကူကောင်လေးနဲ့ လိုက်သွား
လိုက်တယ်။ လူနာအိမ်ရောက်တော့ လူနာက အိမ်ရှေ့ခန်းမှာ ဆန့်ပြီးလှဲနေတယ်။ တဆတ်ဆတ်တော့ ပြောသလောက်မတုန်ဘူး။ တစ်ချက်တစ်ချက်တော့ဖြစ်နေတယ်။ ခေါင်းကနောက်လန်နေတယ်။ မျက်စိကအပေါ်လန်နေတယ်။ ကိုင်ကြည့်တော့ ခြေတွေလက်တွေကတောင့်လို့။ လျှာတော့မရွဲ့ပါဘူး။ ဒါပေမယ့် လျှာကအပြင်ကိုထွက်နေတယ်။
သွေးပေါင်တိုင်းတော့ အားပါးပါး သွေးပေါင်က အပေါ် သွေး ၂၀၀ ၊ အောက်သွေးက ၁၂၀ ရှိတယ်။ လူနာကို ဆီးချိုတိုင်း သွေးခုန်နှုန်းတိုင်း လိုအပ်တာတွေ မေးရင်း စဉ်းစားရတယ်။ သွေးပေါင်တက်နေပေမယ့် မြန်မြန်တော့ချလိုက်လို့မဖြစ်ဘူးဆိုတာကို ကိုယ့်ကိုယ်ကို သတိပေးရတယ်။ တက်နေတာအတွက်တော့ အမြန်ဆုံးအတက်ကျဆေးကို ထိုးပေးလိုက်ရင်း လူနာရှင်တွေဘက်ကို လှည့်ပြီး ‘ လူနာကို ဘေးစောင်းထားပေးပါ’ ပြောရင်းလူနာအကြောင်းမေးရတယ်။
အဲ့တော့မှ လူနာကတစ်ခါလေဖြတ်ထားဖူးသတဲ့။ သွေးတိုးအခံနဲ့ ဦးနှောက်သွေးကြောပေါက်ပြီး ဖြစ်တာဆိုပဲ။ ဆေးရုံကြီးထိတက်ဖူးပေမယ့် အခုတော့ လက်တစ်ဖက်ပဲကောင်းကောင်းမလှုပ်နိုင်တော့တာ၊ ခြေထောက်ကပြန်ကောင်းနေပြီ။ တခြားဘာရောဂါမှမရှိဘူးဆိုပြီးစစ်ထားတာတွပြပါတယ်။ ကိုယ်လည်း ဆေးစာတွေကြည့်ပြီး ‘ဆေးတွေရောပုံမှန်သောက်နေတာရှိလား။ ရက်ချိန်းတွေရောပြဖြစ်သေးလား’။
မေးကြည့်လိုက်တော့ လာပင့်တဲ့ အစ်မကြီးကပဲ ‘ဖြစ်ပြီး တစ်လနှစ်လတော့ဆက်ပြဖြစ်တယ်ဆရာ။ နောက်ပိုင်းမသွားဖြစ်ဘူး။ သွားနေတုန်းတော့ဆေးတွေသောက်ရတယ်။ နောက်အဖေကလည်း ပြန်ပြီးထူထောင်လာလို့ ဘာမှမတိုက်ဖြစ်တော့ဘူး။
သြော်၊ ကောင်းရော။ ကိုယ့်ဘာသာပဲစိတ်ထဲရေရွတ်မိတယ်။ အခုချိန်မှ လူနာရှင်တွေကိုအပြစ်ပြောလို့ရော ဘာထူးမှာလဲ။ သေချာတော့ ပြောပေးခဲ့ဦးမှပဲလို့စဉ်းစားရင်း လူနာကိုကြည့်တော့ လူနာက ဘေးစောင်းရက်ပဲ အိပ်ပျော်သွားပြီ။ ဟောက်တောင်နေသေးတယ်။ အကြောတောင့်တာတွေတော့မရှိတော့ဘူး။ သွေးပေါင်တစ်ခါပြန်တိုင်းတော့ အပေါ်သွေးကတော့၂၀၀ပဲ၊ အောက်သွေးက ၁၀၀။ သွေးတိုးနေသေးတာကလွဲလို့ ကျန်တာအကုန်အကောင်းရယ်။
ဒါနဲ့ လူနာရှင်တွေ ဖက်ပြန်လှည့်ရင်း ‘ လူနာက အခုလောလောဆယ်တော့ လေဖြတ်တာလို့ ပြောမရဘူး။ သွေးပေါင်တက်ပြီး တက်နေတာပါ။ ဆေးထိုးလိုက်တော့ အတက်ကျပြီးအိပ်ပျော်သွားတာပါ။ အခုလောလောဆယ် အတက်ကျသွားပေမယ့် ဘာကြောင့်တက်လဲဆိုတာအတွက်တော့ နောက်ပိုင်းတွေမှာ စစ်ဆေးစရာတွေလိုပါတယ်။ သွေးတိုးရောဂါရှိပြီးတဲ့သူတစ်ယောက်က သွေးကျဆေးကို သွေးပေါင်ကောင်းလို့ဖြတ်လိုက်တယ်။ သွေးတိုးတဲ့အခါပြန်သောက်မယ် လုပ်လို့မရပါဘူး။ နေ့တိုင်းပုံမှန်သောက်နေရပါမယ်။ သွေးတိုးကြောင့်လေဖြတ်ထားတဲ့သူဆို ပိုပြီးတောင်မှန်မှန်သောက်ရပါတယ်။ သွေးတိုးကြောင့်ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ကျောက်ကပ်ရောဂါ၊ သွေးအဆီဓာတ်များတာတွေ၊ နှလုံးရောဂါတွေလည်း အချိန်မှန် စစ်ဆေးဖို့လိုပါတယ်။ ရက်ချိန်းတွေလည်းသေချာဆက်ပြရပါမယ်။’
‘ဟုတ်ကဲ့ပါ ဆရာရယ်။ ကျွန်မတို့လည်းလူနာကောင်းလာတယ်ဆိုတော့ ပေါ့ပေါ့လေးနေမိတာပါ။ နောက်ဆိုဆရာမှာထားတဲ့အတိုင်းလုပ်ပါ့မယ်’။
‘ ဟုတ်ပါပြီ။ အခုလူနာ နိုးလာတဲ့အခါ လူနာကိုတိုက်ရမယ့်ဆေးတွေ ပေးထားခဲ့ပါမယ်။ ဆေးတွေ သူ့အချိန်နဲ့သူတိုက်ပါ။ နောက်ပိုင်း ရက်ချိန်းတွေသေချာပြပါ။ ဆေးသေချာသောက်ပါ။ သွေးပေါင်လည်း တိုင်းနေပါ။ သွေးတိုးအတွက်ရှောင်ရမယ့်အစားအသောက်တွေလည်း သေချာရှောင်ပါ’။
‘ ဟုတိကဲ့ပါ ဆရာ’။
‘ သွေးတိုးရယ်လို့ဖြစ်လာပြီးမှတော့ လေမဖြတ်အောင် သွေးတိုးကိုသေချာထိန်းပါ။ ကိုယ့်ဘက်ကလုပ်နိုင်တာတွေ သေချာလုပ်ထားပါ။ လေဖြတ်သွားပြီဆိုရင် လူနာလည်း စိတ်ဆင်းရဲရသလို၊ လူနာရှင်တွေလည်း ပင်ပန်းကြရပါတယ်။ ငွေကုန်လူပန်းဖြစ်ကြရတယ်။ ဒါကြောင့်မဖြစ်ခင်မှာ သေချာကြိုတင်ကာကွယ်ဖို့လိုပါတယ်။’
‘ဟုတ်ကဲ့ပါ ဆရာ’။
‘ ကဲ၊ ဒါဆို ဆရာလည်းပြန်မယ်။ လူနာနိုးလာလို့ တစ်ခုခုအဆင်မပြေရင် ဆရာ့ကို ပြန်လာပြောပါ’။
‘ဟုတ်ကဲ့ ဆရာ’။
ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ တချို့သောလူနာတွေလူနာရှင်တွေရဲ့ အယူအဆအမှားတွေရဲ့နောက်မှာ ကောင်းသွားတယ်ဆိုပြီးဆေးတွေ ကိုယ့်သဘောနဲ့ကိုယ်မသောက်တော့တဲ့လူနာတွေ ဘယ်လောက်တောင်များမလဲ စဉ်းစားရင်း ….
Author : Dr. CST