ကျွန်တော်အခုတစ်ခါရေးပြလိုတာကတော့ ဆီးချိုရောဂါလူနာများတွင် ဖြစ်လေ့ရှိသော အန္တရာယ်ရှိနိုင်သော သွေးတွင်းအချိုဓါတ်တက်ခြင်းအကြောင်းဖြစ်ပါတယ်။
ဒီခေါင်းစဉ်ကိုမြင်တော့ စာဖတ်သူတချို့အနေနဲ့ မေးစရာရှိလိမ့်မယ်။ ဆီးချိုရောဂါသည်ဆိုမှတော့ သွေးတွင်းအချိုဓါတ်တက်မှာပေါ့ ဘာဆန်းလို့လဲဆိုတဲ့မေးခွန်းပါ။
သွေးတွင်းအချိုဓါတ်ကို mmol/l နှင့် mg/dl ယူနစ်၂မျိုးနဲ့တိုင်းပါတယ်။ အကြမ်းအားဖြင့် ပုံမှန်လူတစ်ယောက်မှာ အဆာခံစစ်မယ်ဆိုရင်တော့ သွေးတွင်းအချိုဓါတ်ဟာ 4– 6mmol/l (72 – 108 mg/dl) ကြားတွင်ရှိသင့်ပြီး အစာစားပြီး ၂ နာရီမှာ စစ်ရင်တော့ 140 mg/dl အတွင်းမှာ ရှိသင့်ပါတယ်။ဆီးချိုရောဂါသည်များကတော့ ဒီပုံမှန်ပမာဏထက် မြင့်တက်နေနိုင်ပါတယ်။ သို့သော် မိမိတို့ရဲ့ မြင့်တက်နေတဲ့သွေးတွင်းအချိုဓါတ်ကို ဆရာဝန်က သတ်မှတ်ပေးတဲ့ပမာဏတစ်ခု အတွင်းမှာရှိအောင် သောက်ဆေး ထိုးဆေးတို့နဲ့ထိန်းထားရပါတယ်။အကြောင်းအမျိုးမျိုးပေါ်မှုတည်ပြီး ဆီးချိုလူနာ တစ်ယောက်နဲ့ တစ်ယောက်တွင် ဆရာဝန်သတ်မှတ်ပေးတဲ့ ရှိသင့်တဲ့ သွေးတွင်းအချိုဓါတ်ပမာဏဟာမတူညီနိုင်ပါ။
ဒီလိုမဟုတ်ဘဲ မိမိရဲ့ဆရာဝန်ကသတ်မှတ်ပေးထားတဲ့ပမာဏအတွင်းမှာမရှိဘဲ မြင့်တက်နေပါက ကြာလာရင် မျက်လုံး ကျောက်ကပ် နှလုံးစတာတွေကိုပါထိခိုက်လာနိုင်ပါတယ်။မြင့်တက်တာမကောင်းသလို ရှိသင့်တာ ထက် ကျသွားရင်လည်း မကောင်းပါ။သွေးသွင်းအချိုဓါတ်ကျခြင်းအကြောင်းလည်းဆောင်းပါးနောက်တစ်ပုဒ်မှာတင်ပြပါအုံးမယ်။
ဆီးချိုဝေဒနာရှင်တစ်ယောက်ဟာ သူ့ရဲ့ဆရာဝန်သတ်မှတ်ထားတဲ့ သွေးတွင်းအချိုဓါတ်ပမာဏအတွင်းမှာ ရှိရင် သာမန်လူတွေလိုပဲ နေနိုင်ပါတယ်။ ဆေးတော့သောက်ဖို့ထိုးဖို့လိုတာပေါ့။ ဒါကြောင့်သွေးတွင်းအချိုဓါတ်ကို မိမိရဲ့ဆရာဝန်ညွန်ကြားတဲ့အတိုင်းပုံမှန်စစ်ဆေးဖို့လိုပါတယ်။ညွန်ကြားတဲ့အတိုင်းပုံမှန်စစ်ဆေးခြင်းဖြင့်အတက်လွန်ခြင်း အကျလွန်ခြင်းများကို အချိန်မှီသိနိုင်ပြီး သောက်ဆေး ထိုးဆေးကို ထိန်းညှိကုသနိုင်ပါတယ်။
ဆီးချိုလူနာတွေမှာ ဆေးသောက်ဆေးထိုးလုပ်နေရင်းနဲ့ပဲ အခန့်မသင့်ရင် သွေးတွင်းအချိုဓါတ်ရုတ်တရက်များလာတာ နည်းသွားတာမျိုးအခြေအနေတွေ ထဖြစ်တတ်ပါတယ်။ဘာလို့ဖြစ်တာလဲ။အဲ့လိုအခြေအနေတွေဖြစ်ရင် ဘာလုပ်ရမလဲဆိုတာ အောက်မှာဆွေးနွေးတင်ပြပါ့မယ်။
သွေးတွင်းအချိုဓါတ် တက်ခြင်းကိုဆေးပညာဝေါဟာရအနေဖြင့် hyperglycemia လို့ခေါ်သည်။ အကြမ်းအားဖြင့် သွေးဖောက်စစ်မယ်ဆိုရင်တော့ အဆာ ခံပြီးစစ်ချိန်မှာ 7.0 mmol/l(126mg/dl) ထက်များပြီး အစာစားပြီး၂နာရီအကြာစစ်တဲ့အခါမှာ 11.0mmol/l (200mg/dl) ထက်များနေခြင်းဖြစ်ပါတယ်။ သို့မဟုတ်
မိမိရဲ့ဆီးချိုအထူးကုဆရာဝန်သတ်မှတ်ထားတဲ့ပမာဏထက်များနေခြင်း ဖြစ်ပါတယ်။
သွေးတွင်းအချိုဓါတ်တက်နေပြီဆိုရင် ဘယ်လိုလက္ခဏာတွေပြလဲ ။
တစ်ခါတစ်ရံတွင် အချိုဓါတ်အတက်လွန်ခြင်းကို သတိမပြုမိတာမျိုးရှိတတ်ပါသည်။ အောက်ပါအချက်များမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုခံစားနေရမည်ဆိုလျှင် သင့်သည် သွေးတွင်းအချိုဓါတ်တက်နေပြီဖြစ်သည်။
-ရေအလွန်အမင်းဆာလောင်ခြင်း
-ဆီးခဏခဏသွားခြင်း
-အမြင်အာရုံများဝါးခြင်း
-မောပန်းနွမ်းနယ်ခြင်းစသည့်လက္ခဏာတွေဟာ နာရီအတော်ကြာအောင်ဖြစ်နိုင်ပါတယ် ။
သွေးတွင်းအချိုဓါတ်ဘာလို့တက်ရတဲ့အကြောင်းရင်းတွေကတော့ အင်ဆူလင်ထိုးနေသူဆိုရင် ထိုးသင့်သော အင်ဆူလင် ပမာဏထက်နည်းသော ပမာဏကို ထိုးမိခြင်း ၊သောက်ဆေးသောက်နေသူဆိုရင် ဆေးသောက်ဖို့မေ့ခြင်း ၊ ဆေးကိုနည်းလမ်းမမှန်စွာသောက်ခြင်း ၊ သွေးတွင်းအချိုဓါတ်မြင့်တက်စေသော အစားသောက်များကို မဆင်ခြင်ဘဲ အများကြီးစားမိခြင်း ၊ပုံမှန်ထက်လျော့နည်းသော ကိုယ်လက်လေ့ကျင့်ခန်းကိုသာ လုပ်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းမ လုပ်ခြင်း ၊ စတီးရွိုက် ကဲ့သို့သောဆေးများအား ဆီးချိုအထူးကုဆရာဝန် မညွန်ကြားဘဲ မိမိသဘောနဲ့သောက်မိခြင်း ၊ စိတ်ဖိစီးမှုများခြင်း ၊ ကိုယ်အလေးချိန်တိုးလာခြင်းစသည် တို့ဖြစ်သည်။
သွေးတွင်းအချိုဓါတ်တက်ရင် ဘယ်လိုလုပ်ရမလဲ ။
အကြောက်မလွန်ပါနဲ့ စိတ်အေးအေးထားပါ ။ အင်ဆူလင်ထိုးခြင်းကို ပုံမှန်ထိုးပါ။ ထိုးရန်မမေ့ပါနဲ့။ ပုံမှန်ဆေးသောက်ပါ ။ တကယ်လို့ရက်အနည်းငယ်ကြာသည့်တိုင်အောင် သွေးတွင်းအချိုဓါတ်ပမာဏလုံးဝပြန်မကျဘဲ တက်မြဲတက်နေမည်ဆိုလျှင် ဆီးချိုရောဂါ အထူးကုဆရာဝန်နဲ့ ပြသပြီး KETONE ဓါတ် (အက်စစ်ဓါတ်တမျိုး)စစ်သင့်ပါတယ်။
သို့သော် သွေးတွင်းအချိုဓါတ်အတက်လွန်ပြီး အောက်ပါလက္ခဏာများဖြစ်ပါက ဆေးရုံ ဆေးခန်းချက်ချင်းပို့ဖို့လိုပါသည်။ ဗိုက်နာခြင်း ၊အန်နေခြင်း၊ မည် သည့်အရည်ကိုမှ မျိုချလို့မရဖြစ်နေခြင်း ၊လူနာရှုထုတ်လိုက်သော လေထဲတွင် (Acetone) ခေါ် ချိုအီသော အနံများရနေတတ်ခြင်း တွေပါ။ဒါတွေဖြစ်ပြီဆို ရင်တော့ ဆေးရုံ ဆေးခန်း အမြန်ဆုံးပို့ပေးပါ။
Author : Dr. 528