ဝက်သက်ဆိုတာ ဗိုင်းရပ်စ် ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ကလေးတွေမှာအဖြစ်များပါတယ်။ Paramyxovirus ဆိုတဲ့ RNA အမျိုးအစားဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။
လူတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုကူးစက်လဲဆိုတော့ ဝက်သက်ရောဂါ ဖြစ်နေသူရဲ့ နှာချေ ၊ချောင်းဆိုးတာကနေ ထွက်လာတဲ့ အမှုန်အမွှား(Droplets) တွေထဲမှာ ရောဂါပိုးပါလားပြီး အဲဒီအမှုန်အမွှားတွေကို ရှုမိတဲ့အခြားသူတွေဆီကို ကူးစက်ပျံ့နှံ့ပါတယ်။ ဒါကြောင့် Droplet Infection လို့လည်းခေါ်တယ်။ လေထဲကနေတဆင့် ကူးစက်တဲ့အတွက် ကူးစက်နှုန်း အရမ်းကိုမြန်ပါတယ်။
ရောဂါပိုးဝင်တဲ့သူတိုင်း ရောဂါဖြစ်မယ်လို့တော့ အတိအကျပြောလို့မရပါဘူး။ ဥပမာ ဝက်သက်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး ခုခံအားအပြည့်အဝရှိသူတွေ နဲ့ အရင်ဖြစ်ဖူးပြီး သဘာဝအလျောက် ကိုယ်ခံအားရထားတဲ့သူတွေမှာတော့ ရောဂါပိုးဝင်သော်လည်း ဝက်သက်ရောဂါမဖြစ်ပါ။
ဝက်သက်ရောဂါလက္ခဏာများ
ရောဂါလက္ခဏာတွေကတော့ ရောဂါပိုးဝင်ပြီး ၁၀ရက်ကနေ ၁၄ရက်အကြာမှာ စပေါ်ပါတယ်။ အရင်ဆုံး ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေခံစားရပါတယ်။ ကလေးတွေဆိုရင် အီနေတာမျိုးရှိနိုင်ပါတယ်။ နောက်မှ ဝက်သက်လို့သေချာပေါက်နီးပါး ပြောနိုင်မယ့် ချောင်းဆိုးတာ(Cough)၊ နှာရည်ယိုတာ(Coryza) နဲ့ ၊ မျက်စိနီရဲတာ(Conjunctivitis)တွေဖြစ်တာပါ။
ကလေးတွေမှာ ဝက်သက်စပေါက်ပေါက်ချင်း ဝက်သက်မှန်းသိဖို့ မလွယ်ပါဘူး။ ရိုးရိုးဖျားတာ၊ အအေးမိတာတွေနဲ့လည်းမှားနိုင်ပါတယ်။ ချောင်းဆိုတာ၊ နှာရည်ယိုတာ၊ မျက်စိရဲတာ ပေါ်တာတောင်မှ ဝက်သက်လို့ ၉၀ရာခိုင်နှုန်းလောက်ပဲ ပြောနိုင်ပါတယ်။ အရေပြားလက္ခဏာတွေ ထင်ထင်ရှားရှားပေါ်လာမှပဲ ဝက်သက်ပေါက်ပြီလို့ သေချာပြောနိုင်မှာပါ။ အရေးကြီးတဲ့လက္ခဏာကတော့ ပါးစောင်မှာ ဆားပွင့်လေးတွေနဲ့တူတဲ့ အဖြူစက်လေးတွေပါ။ ဆေးပညာအရ Koplik’s spots လို့ခေါ်ပါတယ်။ သို့သော် ဒီဟာက အပြင်းဖျားတဲ့အချိန်မှာ ခဏပဲပေါ်ပြီး တစ်ရက်တောင်မခံဘဲ ပြန်ပျောက်သွားတာမို့ အမိဖမ်းဖို့ခက်ပါတယ်။ ဒါပေမယ့် အဲ့ဒီအဖြူစက်လေးတွေကို ပါးစောင်မှာ မြင်ရခဲ့ရင်တော့ ဝက်သက်ပဲလို့ စောစီးစွာ ကောက်ချက်ချနိုင်ပါတယ်။
နောက်အရေပြားလက္ခဏာတစ်ခုက ဝက်သက်ဖုတွေ ပေါ်လာတာပါ။ မိတ်ဖုလို အနီဖုလေးတွေ အပြင်လိုက်ပေါ်လာတာပါ။ သို့သော် ဒါက အဖျားဝင်ပြီး လေးရက်မြောက်နေ့မှာ ပေါ်တာမို့ အဲ့အချိန်ကျ သိတာ တော်တော်နောက်ကျသွားပါပြီ။ နားနောက်မှာ ဆံစပ်နားမှာအရင်ပေါ်ပြီး မျက်နှာ၊ လည်ပင်း ကနေ တစ်ကိုယ်လုံးကို ရက်ပိုင်းအတွင်းပျံ့နှံ့သွားတာပါ။ စပေါ်ခါစမှာ အနီပြင်ဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့ ညိုသွားပါတယ်။ ယားပေမယ့် ပျောက်သွားရင်တော့ အမာရွတ်မကျန်တတ်ပါဘူး။
ဝက်သက်ဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အတွက် အဲ့ပိုးကိုသတ်တဲ့ဆေးတော့ မရှိသေးပါဘူး။ ဒါကြောင့် အကိုက်အခဲပျောက်ဆေး ကိုယ်ပူကျဆေးတွေနဲ့ပဲစောင့်ကြည့်နေရတာမျိုးပါ။ ဝက်သက်ဖြစ်တဲ့ကလေးကို အလင်းရောင်မှိန်ပြပြအခန်းမှာ ထားပေးတာပိုကောင်းပါတယ်။ အရည်များများတိုက်ဖို့လိုပါတယ်။ ဗီတာမင်အေ အားဆေးလည်းကျွေးနိုင်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေး(Antibiotics)တွေကတော့ လိုမှပဲ ဆရာဝန်ကညွန်းပေးမှာပါ။
ကိုယ့်ကလေးမှာ ဝက်သက်ပေါက်ရင် ကျောင်းကိုမလွှတ်ပါနဲ့။ အခြားကလေးတွေပါ ကူးကုန်မှာစိုးလို့ပါ။ ဝက်သက်ပေါက်တဲ့ကလေးကို ဝက်သက်ပျောက်တဲ့အထိ တသီးတခြား ပြုစုစောင့်ရှောက်ပေးဖို့လိုပါတယ်။ ဝက်သက်ဆိုတာအချိန်တန်ရင်(အနီပြင်တွေထွက်ပြီးသွားရင်) ပြန်ကောင်းသွားနိုင်ပေမယ့် ဖြစ်နေတဲ့အခါမှာ သေချာဂရုမစိုက်ပေးရင် ဆိုးကျိုးတွေ ကျန်ခဲ့တတ်ပါတယ်။
ဝက်သက်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့ နားပြည်ယိုတာ၊ နမိုးနီးယားအဆုတ်ရောင်တာ၊ ဦးနှောက်ရောင်တာ၊ သွေးထဲမှာသွေးဥမွှားနည်းပြီး သွေးခြေဥကွက်တွေ အရေပြားမှာပေါ်လာတာ၊ မျက်ကြည်လွှာမှာ အနာဖြစ်တာ၊ ပါးစောင်မှာ ပါးပေါက်နာဖြစ်တာ စသဖြင့်ပါ။ အဲ့အထဲမှာ နမိုးနီးယားအဆုတ်ရောင်တာက အသက်ကိုရန်ရှာနိုင်သလို ဦးနှောက်ရောင်တဲ့အခါမှာလည်း တက်တာ၊ သတိလစ်တာ၊ မေ့မျောသွားတာအပြင် အသက်သေဆုံးတာအထိဖြစ်နိုင်ပါတယ်။ ဦးနှောက်ရောင်တာမျိုးက ဝက်သက်ပျောက်ပြီး နောက်မှာလည်းဖြစ်နိုင်တာမို့ သတိထားရမှာပါ။
အရင်က တီဘီရောဂါအခံရှိတဲ့သူမှာ ဝက်သက်ပေါက်ခဲ့ရင် ရှိခဲ့တဲ့ တီဘီရောဂါပြန်ပေါ်လာပြီး တစ်ကိုယ်လုံးပါ ပျံ့သွားနိုင်ပါတယ်။ အာဟာရချို့တဲ့သောကလေးများ၊ ဗီတာမင်အေချို့တဲ့သူများ၊ HIV ပိုးရှိသူများ မှာဝက်သက်ပေါက်ရင် ပိုသတိထားသင့်ပါတယ်။ ခုနကပြောတဲ့ နောက်ဆက်တွဲတွေ ဝင်နိုင်ခြေပိုများလို့ပါ။ နောက်ကိုယ်ဝန်ဆောင်မိခင်တွေပါ။ ဘာလို့လဲဆိုတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ဝက်သက်ပေါက်ရင် ကိုယ်ဝန်ပျက်တာ၊ လမစေ့ဘဲမွေးတာ၊ ပေါင်မပြည့်တာ တွေဖြစ်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ ဝက်သက်မပေါက်အောင် ဂရုစိုက်ရမှာပါ။
ဝက်သက်ဘယ်လိုကာကွယ်မလဲ။
ကာကွယ်ဆေးထိုးပါ။ မြန်မာနိုင်ငံမှာတော့ ပုံမှန်အနေနဲ့ကလေးကို ၉လမှာ တစ်ကြိမ်၊ ၁နှစ်ခွဲမှာ တစ်ကြိမ် စုစုပေါင်း၂ကြိမ်ဝက်သက်ကာကွယ်ဆေးထိုးပေးပါတယ်။ ဝက်သက်ပိုးမပျံ့အောင်ဘယ်လိုကာကွယ်မလဲဆိုတော့ အပေါ်မှာတစ်ခါပြောခဲ့သလို ဝက်သက်ဖြစ်နေတဲ့ကလေးကို ကျောင်း သို့မဟုတ် လူအများရှိတဲ့နေရာတွေကိုမခေါ်သွားပါနဲ့။ ကလေးကိုလက်မှန်မှန်ဆေးပေးပါ။ နှာချေ ၊ချောင်းဆိုးပါက တစ်ရှုးနဲ့ကာပါ။ သုံးပြီး တစ်ရှုးကို အဖုံးပါသော အမှိုက်ပုံးထဲကို သေချာထည့်ပါ။ မျက်နှာသုတ်ပဝါ တစ်ယောက်တစ်ထည်စီသုံးပါ။ ကလေးကို အာဟာရပြည့်အောင် ကျွေးပါ။ အရည်များများတိုက်ပါ။
Author : Dr 528