သံဓါတ်မလုံလောက်ခြင်းကြောင့်ဖြစ်သောသွေးအားနည်းရောဂါ
ရိုးတွင်းချဉ်ဆီကနေ သွေးနီဥများကိုလုံလောက်စွာ မထုတ်ပေးနိုင်သောကြောင့် ဖြစ်သောသွေးအားနည်းရောဂါစသဖြင့် အမျိူးမျိူးရှိသည့်အနက် သံဓါတ်မလုံလောက်ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ(Iron Deficency Anaemia)သည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အဖြစ်များဆုံးသော သွေးအားနည်းရောဂါအမျိုးအစားဖြစ်သည်။ သွေးအားနည်းရောဂါသည် လူကြီးလူငယ် ကျား၊ မ မရွေးဖြစ်နိုင်ပါသည်။ အထူးသဖြင့် အပျိူဖော်ဝင်တဲ့အရွယ်ကနေ သွေးမဆုံးမီအရွယ် အမျိူးသမီးတွေမှာပိုအဖြစ်များပါတယ်။
ဖြစ်ရတဲ့အကြောင်းတွေကတော့
၁။သံဓါတ်ကိုလိုအပ်မှုပိုများလာခြင်း
ဆိုလိုတာကကလေးငယ်များခန္ဓာကိုယ်ကြီးထွားစဉ်၊ အမျိုးသမီးများရာသီလာစဉ်၊ ကိုယ်ဝန်ဆောင်စဉ်၊ နို့တိုက်ကျွေးစဉ်တို့မှာ ခန္ဓာကိုယ်အတွင်း သံဓာတ်ပိုမိုလိုအပ် လာပါတယ်။ အဲ့အခါမှာ ပိုမိုမစားသုံးဘဲ အရင်ကစားသလောက်သာစားတာ သို့မဟုတ် အရင်ကကျွေးသလောက်ပဲကျွေးတာမျိူးဆိုရင် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတတ်ပါတယ်။
၂။ခန္ဓာကိုယ်မှ သွေးဆုံးရှုံးမှုများခြင်း
သွေးထဲမှာသံဓါတ်ပါတဲ့အတွက် မည်သည့်အကြောင်းကြောင့်ပဲသွေးထွက်ထွက် ထွက်တဲ့သွေးနဲ့အတူ ခန္ဓာကိုယ်မှာရှိတဲ့ သံဓါတ်တွေဆုံးရှုံးတဲ့အတွက် ရေရှည်ဆိုရင် သံဓါတ်ချို့တဲ့ပြီး သွေးအားနည်းရောဂါြ ဖစ်လာနိုင်ပါတယ်။ ခဏခဏ ခန္ဓာကိုယ်ကနေ သွေးဆုံးရှုံးမှုကို ဖြစ်စေတဲ့ရောဂါတွေ (ဥပမာ အစာအိမ်အနာကနေ သွေးယိုတာ၊ လိပ်ခေါင်းကနေ သွေးထွက်တာ၊ အစာအိမ် သွေးကြောပေါက်တာ၊ ချိတ်သန်ကောင်ရှိနေတာ) မှာဆိုရင် ကြာလာရင် သံဓါတ်ချို့တဲ့ပြီး သွေးအားနည်း ရောဂါပါ ဖြစ်လာပါတယ်။
၃။ခန္ဓာကိုယ်က သံဓါတ်ကိုလုံလောက်စွာမရရှိခြင်း
ဒီမှာအုပ်စုနှစ်ခုခွဲထားပါတယ်။
ပထမအုပ်စုကမစားလို့ သံဓါတ်မရတာပါ။ ဥပမာ ဆင်းရဲသောကြောင့်အသား မစားနိုင်ခြင်း၊ သတ်သတ်လွတ်စားခြင်းကြောင့် အသားမစားခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ပျို့ချင်သောကြောင့် အသားမစားခြင်း တွေပါ။ အပင်နဲ့ ဆေးတွေကရတဲ့ သံဓာတ်က အသားကရတဲ့ သံဓာတ်လို စုပ်ယူမှုမကောင်းပါဘူး။
နောက်အုပ်စုကကျ စားတော့စားတယ်။ သို့သော် ခန္ဓာကိုယ်က စားတဲ့အထဲမှာပါတဲ့ သံဓါတ်ကို မစုပ်နိုင်တာပါ။ ဥပမာ Crohn’s disease, celiac disease စတဲ့ အစာချေလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အစာအိမ်ခွဲစိတ်မှုဖြတ်တောက်မှု (Gastrectomy) တွေက သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ပေးပါတယ်။
အချို့သောအစားအစာနဲ့ ဆေးဝါးတွေကို သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေနဲ့ အတူစားသုံးရင်လည်း သံဓာတ်စုပ်ယူရာမှာ အနှောင့်ယှက်ပေးနိုင်ပါတယ်။ ဒါတွေကတော့ ကယ်ဆီယမ်ကြွယ်ဝသောအစားအစာများ၊ ကယ်ဆီယမ်ဆေးများ ၊ကော်ဖီ၊ လက်ဖက်ရည် စတာတွေပါ။
သံဓါတ်ချို့တဲ့ သွေးအားနည်းမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့
နည်းနည်းလှုပ်လှုပ်ရှားရှားလုပ်တာနဲ့မောတာ၊ ရင်တုန်တာ၊ နွမ်းနယ်နေတာ၊ ဖြူဖျော့နေတာ နောက်လက်သည်းတွေဆိုလည်း ဇွန်းလိုမျိူးခွက်နေတာ ပါးပြီးကျိူးလွယ်တာ စတာတွေဖြစ်နိုင်ပါတယ်။ ထို့အပြင် ရောဂါဖြစ်စေသော အကြောင်းပေါ်မူတည်၍ သက်ဆိုင်ရာ လက္ခဏာများ လည်း တွေ့ရပါသည်။ ဥပမာ-ဝမ်းမဲမဲသွားခြင်း၊ မကြာခဏသွေးအန်ခြင်း။ ကလေးတွေမှာဆိုရင် ခဏခဏအသက်ရှု လမ်းကြောင်းပိုးဝင်တာ၊ နှလုံးကြီးတာ၊ ဂဏှာမငြိမ်ဖြစ်တာမျိူးတွေတွေ့ရတတ်ပါတယ်။
နောက်ရေရှည်သွေးအားနည်းရင် နှလုံးပန်းတာ(Congestive Cardiac Failure)၊ အစာရေမျိူပြွန်ပါထိခိုက်ပြီး အစာမျိူရခက်တဲ့ရောဂါ(Plummer-Vinson syndrome)တွေပါ ဖြစ်လာနိုင်ပါတယ်။
သံဓါတ်ချို့တဲ့သွေးအားနည်းတာရှိမရှိ ဘယ်လိုစစ်ဆေးနိုင်လဲ။
များသောအားဖြင့်တော့ သွေးဖောက်ပြီး Blood for CP, Serum Iron, TIBC, Serum Ferritin စတာတွေစစ်ပါတယ်။ ရိုးတွင်းချဉ်ဆီဖောက်စစ်တာကတော့ လုပ်ခဲပါတယ်။ နောက်သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါကို ကုသရာတွင် သံဓာတ်ပြန်လည်ဖြည့်တင်း ရုံမျှမက ဘာကြောင့်သံဓာတ်နည်းစေလဲဆိုတဲ့ ရောဂါဖြစ်စေသော အကြောင်းကိုပါ စစ်ဆေးရှာဖွေကုသဖို့ လိုတဲ့အတွက် ဆီးစစ်တာ၊ ဝမ်းစစ်တာ၊ ဓါတ်မှန်ရိုက်တာ၊ အာထရာဆောင်းရိုက်တာတွေလုပ်ပါတယ်။
အဆုံးသတ်အနေနဲ့ ပြောလိုတာကတော့ ကလေးတွေကြီးထွားနေစဉ်နဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ အာဟာရကို စားနေကျထက် ပိုကျွေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
Author: Dr 528