မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး ဒေါ် သိန်းမေတစ်ယောက် ရင်မောသွားမိသည်။
အငြိုးကြီးစွာနဲ့ ရွာသွန်းတော့မည့် မိုးကား ဟန်ရေးပြနေသည်ကပင် ကြောက်စရာကောင်းနေပြီ။
သမီးနှင့် သား ကျောင်းက အပြန် မိုးတွေမိတော့မည်ဟု တွေးရင်း ရင်ပူမိသည်။ မိုးတွေ သည်းပါက
ရပ်ကွက်ထဲ ရေတွေ ပြည့်လျံကာ လမ်းသွားရတာ ခက်ဦးမည်။ မိုးမင်းကြီးကို ကြည့်ရင်း ရင်ထဲ
မောသွားမိသည်။
မိုးကား အငြိုးတကြီးနှင့် ရွာချလိုက်ပြီ။ အိမ်ရှေ့ထွက်ရင်း သားနှင့် သမီးအားမျှော်နေမိသည်။
မိုးတော်တော် ချုပ်သည်အထိ သားနှင့် သမီးကား ပြန်မရောက်သေး။ bus ကားတွေ ကျပ်လို့ဖြစ်မည်ဟု
တွေးတောရင်း စောင့်နေသည်။ ကလေးများအဖေနှင့် သားနှင့် သမီး ရှေ့ဆင့်နောက်ဆင့်
ပြန်ရောက်လာကြသည်။
” ဗိုက်ဆာတယ် အမေရေ” ဟု အော်ကာ သား ကား အိမ်ထဲသို့ ဝင်လာသည်။ သမီးကား
သားနောက်မှ လိုက်လာသည်။
“ရေအရင်ချိုးကြဦး။ ထမင်းက အဆင်သင့်ပဲ ” ဒေါ်သိန်းမေတစ်ယောက် မီးဖိုထဲဝင်ကာ
ထမင်းပွဲပြင်လိုက်သည်။ မောင်နှမနှစ်ယောက် ရေ အမြန်ချိုးပြီး ထမင်းပွဲသို့ဝင်လာကြသည်။
” ကားတွေကလည်း ကျပ်လိုက်တာအမေရေ။ ”
“အေးပါကွယ် ” ဒေါ်သိန်းမေတစ်ယောက်ရင်ထဲ မကောင်း။
“စားလို့ကောင်းလိုက်တာ အမေရယ်။ ဗိုက်ဆာနေလို့လားမသိဘူး။ ” သားကားအမေကို ပြောရင်း
ပလုပ်ပလောင်းစားနေသည်။
“ထမင်းစားပြီးရင် နွေးနွေးထွေးထွေးနေကြ။ ဖျားကြဦးမယ်။ စောစောလည်း အိပ်ကြဦး။
အိပ်ရေးပျက်ရင် ဖျားတတ်တယ် ” ဒေါ်သိန်းတင်တစ်ယောက် သားနှင့် သမီးကို အိပ်ယာ
စောစောဝင်ရန် ဆော်အော်လိုက်သည်။
နောက်တစ်နေ့မနက်လည်း မိုးတွေ သည်းထန်စွာရွာသွန်းနေသည်။ ဒေါ်သိန်းတင်တစ်ယောက်
ထမင်းချိမ့်များပြင်ဆင်ထားကာ မနက်စာ ပြင်ထားလိုက်သည်။ သမီးကား ရေမိုးချိုးကာ ကျောင်းသွားရန်
ပြင်ဆင်ပြီးထွက်လာသည်။
“အမေ့သားဖျားနေတယ်။ အဲဒါ ဒီနေ့ကျောင်းမသွားတော့ဘူးတဲ့ ”
“ဟေ ဟုတ်လား။ အဖျားတော်တော် ကြီးလား ”
ဒေါ်သိန်းတင်တစ်ယောက် သားအခန်းသို့သွားကာ သား၏ နဖူးအားစမ်းလိုက်သည်။ အဖျားရှိနေသည်။
အိပ်ယာပေါ်တွင် သားကား အိပ်ပျော်နေသည်။ အမေလာသည်ကိုပင် မသိ။ အိပ်ခန်းထဲမှ အသာ
ထွက်လာလိုက်သည်။ သားအတွက် ဆန်ပြုတ် ပြုတ်ရမည်။
“သမီးတစ်ယောက်တည်း ကျောင်းသွားရမှာ အဆင်ပြေရဲ့လား ”
“ပြေပါတယ်အမေ သမီးတစ်ယောက်တည်း သွားရဲပါတယ်။ ”
အမွှာ မောင်နှမဖြစ်သောကြောင့် သွားအတူလာအတူ။ သမီးကား မနက်စာမြန်မြန်စားကာ ကျောင်းသို့
ကမန်းကတန်းထွက်သွားသည်။
ဆန်ပြုတ်တိုက်ကာ သားအား ကိုယ်ပူကျဆေးတိုက်ထားလိုက်သည်။ ဒီနေ့လည်း မိုးတွေ
သည်းကြီးမည်းကြီးရွာသွန်းနေပြန်သည်။ သမီးကား ညနေမိုးချုပ်မှ ပြန်လာသည်။
ဆေးတိုက်တုန်း ခဏ အဖျားကြပြီး အဖျားမပျောက်သေးပဲရှိနေသည်။ ဒီတစ်ခါ
တုပ်ကွေးဖြစ်တာလည်း ကြာလိုက်တာဟု တွေးနေမိသည်။ ဖျားတာလည်း သုံးရက်ရှိပြီးမို့ ညနေ
ဆေးခန်းသွားပြမည်ဟု ဒေါ်သိန်းမေတစ်ယောက် စဉ်းစားထားလိုက်သည်။ ညနေ
မိုးတိတ်ချိန်တွင်သားနှင့် အတူ ဆေးခန်းသို့ သွားလိုက်သည်။ ဆရာဝန်လေးကား စမ်းသပ်ကြည့်သည်။
” သွေးလွန်တုပ်ကွေး စမ်းကြည့်တာပေါ့” ဆရာဝန်လေးကား ပြောပြောဆိုဆိုနှင့် သွေးပေါင်ချိန်တိုင်း
ကိရိယာနှင့် လက်မောင်းကို ပတ်ကာ စမ်းနေသည်။
“ဆရာရယ် ကျွန်မ သားက အသက် နှစ်ဆယ်တောင် ကျော်နေပြီ။ သွေးလွန်တုပ်ကွေးဖြစ်နိုင်ပမလား။
မိုးတွင်းမို့လို့တုပ်ကွေးမဟုတ်ဘူးလား။ ” ဒေါ်သိန်းမေတစ်ယောက်ဆရာဝန်ကို
အတွန့်တက်လိုက်သည်။ ဆရာဝန်လေးကား ထိုင်ခုန်တွင် ပြန်ထိုင်ကာ
“သွေးလွန်တုပ်ကွေးက ကလေးငယ်တွေမှာ အများဆုံးဖြစ်တဲ့ရောဂါပါ။ ဒါပေမဲ့ လူကြီးတွေမှာလည်း
တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ ” ဆရာဝန်လေးမှ စိတ်ရှည်ရှည်နှင့် ပြန်ရှင်းပြသည်။
“ဟုတ်ကဲ့ပါဆရာ ”
တစ်ခဏကြာတော့ လက်မောင်းမှ သွေးပေါင်ချိန်တိုင်းကိရိယာလေးကို ဖြုတ်လိုက်ပြီး ဆရာဝန်လေးမှ
ပြောသည်။
” ထင်တဲ့အတိုင်းပဲ သွေးလွန်တုပ်ကွေးဖြစ်တာပါ”
“ဘုရားဘုရား ” ဒေါ်သိန်းတင်တစ်ယောက် ဘုရားတမိသည်။
“သွေးလွန်တုပ်ကွေးဆိုတော့ သတိတော့ထားရမယ်။ သွေးလွန်တုပ်ကွေးမှာ သွေးလန့်တဲ့
လက္ခဏာတွေရှိတယ်။ အရမ်းမိန်းရင် သတိထားရမယ်။ ခြေဖျားလက်ဖျားတွေ အေးစက်နေရင်လည်း
သတိထားရမည်။။ နှာခေါင်းသွေး လျှံတာ ကော်ဖီရောင် အန်တာ ဝမ်းမဲမဲ သွားတာရှိရင်လည်း
ဆေးခန်းကို ချက်ချင်း ပြန်လာပြရမယ် ” ဆရာဝန်လေးကား ဂရုတစိုက်မှာပါသည်။
” ဟုတ်ကဲ့ပါဆရာ။ ဘာကျွေးရမလဲ ဆရာ”
” အဖျားလည်း မကျသေးလို့ ကြက်သား ဆန်ပြုတ်တိုက်ပါ။ အရေးကြီးဆုံးက ကော်ဖီရောင်ပါတဲ့
အစားအစာတွေ မကျွေးပါနဲ့။ ကော်ဖီလက်ဖက်ရည် မိုင်လို အိုဗာတင်း မတိုက်ပါနဲ့။ အညိုရောင်ပါတဲ့
အစားအစာတွေလည်း မကျွေးပါနဲ့။ ”
” ဟုတ်ကဲ့ပါ ဆရာ”
“ဓာတ်ဆားရည် ပေးလိုက်ပါမယ်။ ဝင်အောင်တိုက်ပါ။ ”
“ဓာတ်ဆားရည်က သီးစုံလားဆရာ ” သား ကား ဆရာဝန်အား လှမ်းမေးလိုက်သည်။
“သီးစုံဓာတ်ဆားမဟုတ်ပါဘူး။ ရိုးရိုးဓာတ်ဆားရည်ကို သောက်ရပါမယ်။ ”
“ဟုတ်ကဲ့ပါ ဆရာ ” ဒေါ်သိန်းမေမှာ ဝင်ပြောလိုက်သည်။ သားကား
မျက်နှာ ရှုံ့မဲ့နေသည်။ ဒေါ်သိန်တင် မမြင်ချင်ယောင် ဆောင်လိုက်သည်။ အိမ်ကျမှ
မဝင်ဝင်အောင်တိုက်မည်။
“အဖျားမကျမချင်း ဆေးခန်းကို နေ့တိုင်းလာပါ။ ”
“ဟုတ်ကဲ့ပါ ဆရာ ”
” အရေးအကြီးဆုံးကတော့ ခြင်မကိုက်အောင်နေပါ။ လူနာရဲ့သွေးထဲမှာ သွေးလွန်တုပ်ကွေး
ကိုဖြစ်စေတဲ့ရောဂါပိုးတွေ အများကြီးရှိနေတယ်။ လူနာကနေတစ်ဆင့် တစ်ခြားခြင်တွေမှာပါ
သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ပိုးတွေ ကူးစက်သွားမှာ စိုးရိမ်ရတယ်။ ဒါကြောင့်လူနာကို
လုံးဝခြင်ကိုက်မခံရအောင်ထားပါ”
” ဟုတ်ကဲ့ပါဆရာ”
ဒေါ်သိန်းတင်တစ်ယောက် ရင်မောစွာနှင့် ဆေးခန်းမှ ပြန်လာခဲ့သည်။ တစ်သက်လုံး သားနှင့် သမီးကို
သွေးလွန်တုပ်ကွေးမဖြစ်အောင် ဂရုစိုက်ခဲ့သည်။ အသက်ကြီးမှ သွေးလွန်တုပ်ကွေးဖြစ်နေသည်။
သမီးကိုလည်း ဂရုစိုက်ရမည်။ ခြင်ကိုက်မခံရအောင်ထားရမည်။ ဒေါ်သိန်းတင်တို့ရပ်ကွက်ထဲတွင်
သွေးလွန်တုပ်ကွေးကြောင့်သေသွားသော ကလေး များစွာကို ဒေါ်သိန်းတင်တစ်ယောက်မြင်ဖူးသည်။
မိမိသားသမီးများကိုလည်း သွေးလွန်တုပ်ကွေးဖြစ်မည်ကို အလွန်စိုးရိမ်သူဖြစ်သည်။ တက္ကသိုလ်
ကျောင်းသား ကျောင်းသူတွေ ဖြစ်နေသည်မို့သွေးလွန်တုပ်ကွေး မဖြစ်နိုင်တော့ဘူးဟု ထင်ကာ
စိတ်ချလက်ချနေမိသည်။ အခုတော့မိမိ ပေါ့ဆ မိသည်ဟု ကိုယ့်ကိုကိုယ် အပြစ်တင်မိသည်။
ထို့နောက် သားကို ဓာတ်ဆားရည် ဝင်အောင်တိုက်ရမည်ဟု တွေးတောရင်း
ဒေါ်သိန်းတင်တစ်ယောက် ရင်မောနေမိသည်။
Author : Dr. အေးချမ်းမိုး