မိုးရာသီ ဖြစ်တဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ရေကြီးရေလျှံခြင်းတွေ ဖြစ်ကြတယ်။ လမ်းတွေမြောင်းတွေပဲ လျှံတာလည်းဖြစ်နိုင်သလို၊ မြစ်ရေချောင်းရေလျှံတာလည်းဖြစ်နိုင်တယ်။ နေအိမ်တွေထဲထိရေလျှံလာတာရေဝင်တာ၊ ရေမြုပ်တာတွေ ပါဖြစ်ကြတယ်။
သဘာဝဘေးကြောင့်ဖြစ်တာဆိုတော့လည်း ဝိုင်းဝန်းလုပ်ဆောင်ကြရပေမယ့် ရေကြီးရေလျှံဖြစ်ပြီးတဲ့အခါမှာ ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ကိုကြုံရမလဲဆိုတာ ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားဖို့ အထိပါ လိုတယ်။
ရေကြီးတာတွေရေလျှံတာတွေကြောင့် မြေကြီးတွေ မြစ်ကမ်းပါးတွေ ပြိုကျလွယ်တယ်။ အိမ်တွေထဲထိရေဝင်ထားတဲ့အခါမျိုးမှာ နေအိမ်ရဲ့ အုတ်နံရံတွေ သစ်သားတွေ ရေနဲ့ထိတွေ့နေရတာကြာတော့ ဆွေးမြေ့တာတွေ တိုက်စားတာတွေဖြစ်နိုင်တယ်။ ရေကျသွားတဲ့အခါတွေမှာ နေအိမ်အဆောက်အအုံတွေ ခိုင်ခံ့မှုရှိ၊ မရှိ သေချာစစ်ဆေးပါ။ လိုအပ်တာတွေပြုပြင်ပါ။ သဲတွေမြေကြီးတွေ ဖို့သင့်ဖို့ပါ။ သစ်သားတွေ ပြန်ပြင်ဖို့လိုနိုင်တယ်။ အုတ်နံရံတွေ တိုက်စားသွားရင်ပြန်ပြီး ခိုင်ခံဖို့ လုပ်ပါ ဘိလပ်မြေပြန်ကိုင်ဖို့လိုလည်းလိုနိုင်တယ်။
လမ်းတံတားတွေမှာ ရေကြီးရေလျှံဖြစ်တဲ့အခါ အပြင်သွားသူတွေ သေချာရုစိုက်ရပါမယ်။ ရေတွေနဲ့ ကွယ်နေတော့ အောက်က လမ်းရဲ့ အခြေအနေကိုမသိနိုင်ဘူး။ မှန်းခြေနဲ့လျှောက်ရတာတွေရှိတယ်။ အဲလိုအခါမှာ ချိုင့်တွေ မြောင်းတွေ ထဲခြေထောက်ကျွံဝင်နိုင်တယ်။ ထိခိုက်ဒဏ်ရာရနိုင်တယ်။ မြောင်းထဲကျသွားတဲ့အခါလည်း ရေစီးနဲ့မြောသွားနိုင်ပါတယ်။
နောက်တစ်ခုကတော့ မြွေ၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ အန္တရာယ်တွေပါ။ ရေတွေလျှံတဲ့အခါ အကောင်တွေလည်း တွင်းတွေမှာ ရေလျှံတာတွေဖြစ်တော့ အလိုလို ထွက်လာတတ်ကြတယ်။ ရေတွေရှိနေတုန်းမှာဖြစ်စေ၊ ရေပြန်ကျသွားတာမှာဖြစ်စေ အိမ်ထဲမှာ ခိုအောင်းပြီးကျန်နေတတ်တယ်။ မြွေဆိုးတွေ၊ အဆိပ်ရှိတဲ့အကောင်တွေကို အမြဲ သတိထားရမယ်။ ကြမ်းပြင်တွေ၊ ပစ္စည်းကြားတွေ၊ ထုတ်တန်းတွေ အားလုံးကို ဂရုတစိုက် ရှင်းလင်းဖို့လိုပါလိမ့်မယ်။
နောက်တစ်ခုကတော့ လျှပ်စစ်အန္တရာယ်ပါ။ ရေလျံတာသိပ်မဆိုးရင်တော့ သိပ်အရေးမကြီးပေမယ့် သတိဆိုတာ ပိုတယ်မရှိပါဘူး။ လျှပ်စစ်ဝါယာကြိုးတွေ ပလက်ပေါက်တွေ ရေစိုထားတယ်ဆို ခြောက်အောင်ပြန်သုတ်ပါ။ ပေါက်ပြဲတာတွေ ဆို အသစ်ပြန်လဲပါ။ သေချာမှ ပြန်အသုံးပြုပါ။
နောက်တစ်ခုကတော့ ကျန်းမာရေးဆိုင်ရာရောဂါတွေပါပဲ။ ရေကြီးရေလျှံတာတွေဖြစ်ပြီးရင် ဝမ်းရောဂါ တွေ၊ ပွေးဝဲယားနာစတဲ့ အရေပြားရောဂါတွေ အဖြစ်များတတ်ကြပါတယ်။ ရေတွေလျှံတာကြောင့် သောက်ရေတွေသုံးရေတွေ ရောသွားတတ်ကြတယ်။ သောက်ရေထဲကို အညစ်အကြေးတွေ ဝင်လာတတ်တယ်။ မသန့်ရှင်းတဲ့ရေကိုသောက်သုံးမိတဲ့အခါ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်လာတတ်တယ်။ ဒါကြောင့် ရေကြီးရေလျံဖြစ်ပြီးတဲ့အခါ ဘာရေပဲဖြစ်ဖြစ်ကျိုချက်သောက်သုံးမယ်ဆိုရင် အကောင်းဆုံးပါပဲ။
သုံးရေတွေကနေတဆင့်လည်း အရေပြားမှာ မှိုတွေ၊ ယားနာတွေဖြစ်တတ်တယ်။ အဝတ်တွေ၊ အိပ်ယာခင်းတွေ စိုထိုင်းထိုင်းဖြစ်နေတာကတဆင့် မှိုစွဲတတ်တယ်။ မှိုတွေနဲ့ ထိတွေ့ရတဲ့အခါ အရေပြားရောဂါတွေ ဖြစ်စေတယ်။ ဓာတ်မတည့်တာတွေဖြစ်စေပါတယ်။ ဒါကြောင့်လည်း သုံးရေတွေပါသန့်ဖို့လိုတာပါ။ အဝတ်အထည် အသုံးအဆောင်ပစ္စည်းတွေကိုလည်း သေချာခြောက်သွေ့အောင် လှမ်းဖို့ နေပူပြဖို့ လိုပါတယ်။
ဒါတွေကတော့ ရေကြီးရေလျှံတာကြောင့် ဖြစ်တတ်တဲ့နောက်ဆက်တွဲတွေထဲမှာမှ အဖြစ်များတတ်တာလေးတွေပါ။
Author : Dr. CST