ပျော်လို့ဖြစ်ဖြစ်၊ စိတ်ညစ်လို့ဖြစ်ဖြစ်၊ ကြိုက်လို့ဖြစ်ဖြစ် အရက်ကိုသောက်တတ်ကြတယ်။ R ဇာနည်ရဲ့ အသည်းအားဆေးကြော်ငြာထဲကလိုပေါ့။ အရက်သောက်တိုင်းတော့ အရက်စွဲတာမဟုတ်ပါဘူး။ တစ်နေ့နည်းနည်းပဲ အာသာပြေရုံလောက်သောက်တာလေးတွေ၊ စကားစမြည်ပြောရင်း သဘောလောက်သောက်တာလေးတွေ၊ တစ်လတစ်ခါမှ သူငယ်ချင်းအပေါင်းအသင်းစုံလို့သောက်တာတွေက အရက်မစွဲဘူး။
ဘယ်လိုအခါမှာ အရက်စွဲတယ် ပြောကြမလဲ
အရက်သောက်တတ်တဲ့သူတွေမှာ တချို့လက္ခဏာတွေက ဒီလူအရက်စွဲနေလားမစွဲဘူးလားကို သိနိုင်ပါတယ်။ ဘယ်လိုအချက်တွေလဲပေါ့။ အရက်စွဲနေတဲ့သူဟာ ကိုယ်သောက်တဲ့ ပမာဏကို ကိုယ်မထိန်းနိုင်တော့ဘူး။ အချိန်ပြည့်နီးပါးသောက်ဖို့ပဲ စဉ်းစားနေတတ်တယ်။ အချိန်တိုင်းကိုလည်း ရသလိုသောက်နေတတ်တယ်။ အချိန်တိုင်းလည်း မူးနေတတ်ကြတယ်။
မနက် အိပ်ယာကနိုးလာပြီဆိုတာနဲ့ အရက်သောက်ဖို့ ပြင်တတ်ကြတယ်။ မသောက်ရသေးရင် ခြေတုန်လက်တုန်တွေ ဖြစ်လာတတ်တယ်။ လေတွေတက်ပြီးပျို့တတ်၊ အန်တတ်ကြတယ်။ အရက်ကလေးဝင်မှ အာသာပြေလာတတ်ကြတယ်။ ခြေတုန်တာတွေ၊ လက်တုန်နေတာတွေ သက်သာတတ်ကြတယ်။
အရက်စွဲနေတဲ့သူဟာ အရက်သောက်ရပြီဆိုရင် ထမင်းမေ့၊ ဟင်းမေ့သောက်တတ်ကြတယ်။ အမြည်းနဲ့ တွဲသောက်ဖို့လည်း စိတ်မဝင်စားတတ်ကြဘူး။ အရက်သောက်နေရရင် အရာရာ ပြည့်စုံနေတယ် ထင်တတ်ကြတယ်။
အရက်စွဲလာပြီဆိုရင် အရက်မသောက်ရလည်း ခြေတုန်လက်တုန်ဖြစ်တယ်။ ကြာလာတာနဲ့အမျှ အရက်သောက်နေရလည်း ခြေတုန်လက်တုန်ဖြစ်လာတတ်ပါတယ်။ အရက်စွဲလာတဲ့သူတွေမှာ အချိန်ရှိသရွေ့ အရက် ဘယ်လိုသောက်ရမလဲ ဆိုတာပဲတွေးနေလာတတ်တယ်။ အရက်ကြောင့်လည်း မိမိတို့ရဲ့ မှတ်ဉာဏ်တွေ အသိဉာဏ်တွေ ပျောက်လာတတ်တယ်။ မိသားစုက ဘာတွေပြောထားတယ် ဘာတွေ လုပ်ဖို့ရှိတယ်ဆိုတာတွေ ဘာမှမမှတ်မိတော့ဘူး။
အရက်စွဲတဲ့သူတွေမှာ အရက်ခဏလေးမသောက်လိုက်ရတဲ့အချိန်မှာကို တက်သွားနိုင်တယ်။ တစ်ချို့ အရက်ဖြတ်တဲ့သူတွေမှာ သုံးရက်လောက်ဆို တက်တယ်လို့ပြောကြပေမယ့် ပုံသေမရှိပါဘူး။ အရင်က အချိန်ပြည့် သောက်နေတတ်တဲ့သူအဖို့ ခဏလေး မသောက်လိုက်ရရုံနဲ့ တစ်ကိုယ်လုံးတက်သွားတတ်ကြပါတယ်။
အရက်စွဲနေပြီဆိုရင်တော့ အရက်သမားပေါ့။ အရက်သမားဆိုရင်တော့ ကြည့်လိုက်တာနဲ့ သိနိုင်တယ်။ အချိန်ပြည့် မူးနေပြီး လမ်းတောင် အနိုင်နိုင်လျှောက်နေရတတ်တယ်။ မျက်နှာ အသားတွေနီရဲနေတတ်တယ်။ ချွေးစေးတွေပြန်နေတတ်ကြတယ်။ စကားပြောလည်း အာလေးလျှာလေး၊ အနားခပ်ဝေးဝေးကနေကို အရက်နံ့ကထောင်းခနဲပဲ။
အရက်စွဲနေတဲ့သူတွေမှာ အရက်ကြောင့် အသည်းခြောက်တာတွေ၊ ရေဖျင်းစွဲတာတွေ၊ သွေးအန်တာတွေ၊ အသည်းကင်ဆာတွေ ဖြစ်နိုင်ရုံတင်မကပါဘူး။ အစာအိမ်အောင့်တာတွေ၊ အစာအိမ်ရောင်တာတွေ၊ အစာအိမ်သွေးကြောပေါက်တာတွေလည်းဖြစ်နိုင်တယ်။ အရက်ကြောင့်ပဲ နှလုံးရောဂါနဲ၊့သွေးတိုးရောဂါတွေ၊ အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်နိုင်တယ်။ အခန့်မသင့်ရင် လေပါဖြတ်နိုင်တယ်။
အရက်ဆိုတာ မသောက်ရင်အကောင်းဆုံးပါ။ ဒါကိုသိကြပေမယ့်လည်း မရှောင်နိုင်ကြဘူး။ မရှောင်နိုင်တဲ့သူတွေအနေနဲ့ကတော့ ကိုယ်သောက်တဲ့ပမာဏကို ပြန်ထိန်းပါ။ Limit လုပ်ပါ။ ဒါမှလည်း အရက်စွဲနေတဲ့သူ အရက်သမားတွေမဖြစ်အောင်ပါ။
Author: Dr. CST