နား ကျန်းမာရေး ဂရုစိုက်ပေး
နားဆိုတာ အာရုံခံ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ကောင်းနေတဲ့ အခါတော့ နားကို အမှုမဲ့အမှတ်မဲ့ ဖြစ်တတ်ကြတယ်။ နားတစ်ခုခုမကောင်းတော့မှ နားကို ဂရုစိုက်ပေးတတ်ကြတယ်။ နား မှာလည်း ကျန်းမာရေးဆိုတာရှိပါတယ်။
မွေးစကလေးအရွယ်ကစပြီး အသက်ကြီးလာတဲ့အထိ နားကို အမြဲဂရုစိုက်နေပေးဖို့လိုပါတယ်။ နားမှာ ဖြစ်တတ်တဲ့ ရောဂါတွေ အများကြီးပါ။ အပြင်နား ၊အလယ်နား၊ အတွင်းနား စတာအပြင် နားစည် မှာ ဖြစ်တဲ့ ရောဂါတွေလည်း ပါသေးတယ်။ ဒီကြားထဲ နားထဲ အကောင်ဝင်လို့ ပစ္စည်းဝင်လို့ ဆိုတာလည်းပါသေးတယ်။ နားတစ်ခုခုဖြစ်မှ နားရဲ့ တန်ဖိုးကို သိတတ်ကြပါတယ်။
နားမှာ အဖြစ်များတဲ့ ပြဿနာလေးတွေက ရေဝင်တာတွေ၊ နားကလော်လို့ထိမိတာတွေ၊ နားကြပ်တပ်တာတွေ၊ အသံဆူညံလွန်းတာတွေကြောင့် ဖြစ်တတ်တာတွေပါ။ တစ်ခြားတွေကတော့ တချို့ဆေးတွေကြောင့်၊ အကြားအာရုံထိခိုက်တာတွေ အာရုံကြောထိခိုက်တာတွေ ဖြစ်တာလည်းရှိပါတယ်။
ဘယ်အရွယ်မှာပဲ ဖြစ်ဖြစ် နားထဲ ရေမဝင်အောင် အမြဲဂရုစိုက်ဖို့လိုပါတယ်။ နားထဲရေဝင်တာကနေတဆင့် နားစည် ထိပြီး နားလေးတာတွေဖြစ်နိုင်ပါတယ်။ နားစည်မှာ တစ်ခုခုဖြစ်ထားတယ်ဆိုရင်လည်း ရေဝင်တာကြောင့် ပိုးဝင်တာပြည်တည်တာတွေ ဖြစ်နိုင်ပါတယ်။ သင်္ကြန်ရက်တွေမှာလည်း နားထဲ ရေမဝင်စေအောင် ဂရုတစိုက်ရေကစားရမှာပါ။ ကလေးငယ်လေးတွေ ရေချိုးတဲ့အခါ ပထမဆုံး ကိုယ်လုံးကို ချိုးပေးပြီးမှ တဖြည်းဖြည်းချင်းခေါင်းလောင်းပေးကြရတာပါ။ နားထဲ ရေမဝင်စေရပါဘူး။
နားကလော်တာမှာလည်း နားကို ထိခိုက်စေနိုင်တာတွေရှိပါတယ်။ နားကလော်တာက အမြဲလိုလိုလုပ်နေဖို့မလိုပါဘူး။ တစ်လတစ်ခါနှစ်ခါဆို ရပါတယ်။ နားကလော်တဲ့ အခါလည်း ပလတ်စတစ်နားကြပ်တံပဲသုံးသုံး၊ စတီးနဲ့လုပ်ထားတဲ့ နားကလော်တံပဲသုံးသုံး သန့်ရှင်းနေဖို့လိုပါတယ်။ စတီးနားကြပ်တံသုံးတဲ့သူတွေကတော့ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းက သီးသန့်ထားပေးဖို့လိုပါတယ်။ အများနဲ့ရောပြီးမသုံးရပါဘူး။ သုံးပြီးလည်းသေသေချာချာပြန်သန့်ရှင်းပေးရပါမယ်။ မဟုတ်ရင် နားကလော်တာကနေတစ်ဆင့် ပိုးတွေဝင်နိုင်ပါတယ်။
နားကလော်တဲ့ အခါ အထဲထိ အတင်းနှိုက်ဖို့မလိုပါဘူး။ အပေါ်ယံပဲ လုပ်ပေးရမှာပါ။ နားဖာချေးရှိနေတာပဲ သန့်ရှင်းရေးလုပ်ပေးဖို့မလိုဘူးလားလို့မေးရင် နားဖာချေးက များလွန်းရင်တော့ လုပ်ပေးရမှာပါ။ ဒါပေမယ့် နည်းနည်းပါးပါးရှိနေတာက နားအတွက် ပိုကောင်းပါတယ်။ အထဲထိထိုးနှိုက်ရင်း အရှိန်မသိလိုက်တာဖြစ်ဖြစ်၊ တစ်ခြားတစ်ယောက်ယောက်နဲ့ တိုက်မိလိုက်တာပဲဖြစ်ဖြစ် ထိုးတဲ့အတံကနေ တဆင့် နားကို ထိခိုက်မိစေပါတယ်။ ကလေးငယ်တွေကပိုတောင်အရေးကြီးသေးတယ်။
နားအမြဲ လုပ်ပေးနေဖို့မလိုပါဘူး။ နားဖာချေးတွေ့နေရတာရှိရင် ဂွမ်းလုံးလေးနဲ့ သုတ်ပေးရင်လည်း လုံလောက်ပါတယ်။ နားဖာချေး အရမ်းခြောက်နေတယ်ထင်ရင်တော့ နားကြပ်တံလေးမှာ အုန်းဆီနည်းနည်းစွတ်ပြီး ဖြေးဖြေးချင်းကလော်ပေးလို့ရပါတယ်။ နားကလော်ရင်းနဲ့လည်း နားအတွင်းပိုင်းအရေပြားတွေ မထိခိုက်မပွန်းပဲ့စေဖို့ ဂရုစိုက်ရမှာပါ။
နားကြပ်တပ်ပြီး သီချင်းနားထောင်တာတွေ အသံဆူညံလွန်းတာနားထောင်တာတွေကိုလည်း လျှော့ချရမှာပါ။ ဒီလိုနားထောင်ပါများလာတာနဲ့အမျှ နားက အသံကျယ်တာတွေကိုပဲ ကြားနေရတာများတော့ နောက်ပိုင်းမှာ အသံတိုးတိုးတွေဆို မကြားရတတ်တော့ပါဘူး။ အကြားအာရုံထိခိုက်လာပါတယ်။ နားကြပ်တပ်ပြီး လမ်းသွားတာတွေ စက်ဘီးစီးတာ ဆိုင်ကယ်မောင်းတာ ကားမောင်းတာတွေဆိုလည်း မလုပ်သင့်တာတွေပါ။ လမ်းခရီး ယာဉ်အန္တရာယ် စိတ်မချရပါဘူး။
ဖုန်းပြောတဲ့အခါမှာလည်း နားတစ်ဖက်တည်းနဲ့ပဲ ကပ်ပြီးမပြောပါနဲ့။ နှစ်ဘက်ညီမျှပါစေ။ ဖုန်းအကြာကြီး ပြောဖြစ်တယ်ဆိုလည်း နားကိုကပ်ပြီးပြောတာထက်စာရင် speaker ဖွင့်ပြောတာပိုကောင်းပါတယ်။ ဖုန်းရဲ့တုန်ခါမှုတွေကြောင့် အာရုံကြောစနစ်တွေ ထိခိုက်လာနိုင်တယ်။ နားကိုက်တာ နားလေးတာတွေအပြင် ခေါင်းကိုက်တာတွေလည်း ကြုံလာတတ်ပါတယ်။
နောက်တစ်ခုကတော့ မောင်နှမသူငယ်ချင်း အချင်းချင်း ချစ်လို့ဆိုပြီး နားထဲ ပစ္စည်းလေးတွေ ထည့်ပြီးစတာမျိုးမလုပ်စေချင်ပါဘူး။ ပစ္စည်းပြန်မထွက်လာတာတွေ ဖြစ်တဲ့အခါ ခက်ပါတယ်။ ပစ္စည်းပြန်ထွက်လာဖို့လည်း တစ်ခါတစ်လေမှာ တော်တော်ကြိုးစားရတတ်တယ်။ ထုတ်နေရင်းမှာ နားထဲထိခိုက်မိတာတွေဖြစ်နိုင်တယ်။ ပစ္စည်းကမသန့်လို့ရှိရင်လည်းနားထဲ ပိုးဝင်နိုင်ပါတယ်။
နားထဲ အကောင်မဝင်ဖို့လည်း ဂရုစိုက်ဖို့လိုပါတယ်။ အိပ်ယာခင်းတွေ သေချာခါပါ။ လျှော်ပါ။ ခေါင်းအုံးစွပ်တွေ သေချာခါပါ၊ လျှော်ပါ။ ဆံပင်သေချာဖြီးပါ ။အင်္ကျီတွေ ခါဝတ်ပေးပါ။ တွေ့ကရာနေရာတွေမှာ မအိပ်ပါနဲ့။ နားထဲ အကောင်ဝင်ပြီဆို ပစ္စည်းဝင်သလိုပဲ ထုတ်ရခက်ပါတယ်။ ဒါ့အပြင် အဲ့ဒီ အကောင်က ကိုက်လိုက်တာလည်း ဖြစ်နိုင်ပါသေးတယ်။
နောက်ဆုံးတစ်ခုအနေနဲ့ကတော့ တစ်ချို့သောပိုးသတ်ဆေးတွေ တီဘီဆေးတွေ ဆီးဆေးတွေက အကြားအာရုံကိုထိခိုက်စေပါတယ်။ ဒီဆေးတွေ မသောက်ခင်တည်းက နားအကြားမှာ ပြဿနာတစ်ခုခု ရှိထားတယ်ဆိုရင် ပြနေတဲ့ ဆရာဝန်ကိုကြိုပြောပါ။ ကြိုစစ်ဆေးပါ။ဆေးသောက်ပြီးမှ ဖြစ်လာတာဆိုလည်း ချက်ချင်းပဲ ပြထားတဲ့ ဆရာဝန်ကို ပြန်တိုင်ပင်ပါ။ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဖို့လိုတတ်ပါတယ်။
နားကျန်းမာရေးကိုလည်း နားကောင်းနေတုန်းမှာ ဂရုစိုက်ပေးဖို့ လိုတတ်ပါတယ်
Author: Dr. CST