`အခုလိုရာသီမှာ တုပ်ကွေးကူးမယ် နှာခေါင်းစည်းတပ်ကြပါလို့´ဆော်သြကြလို့ တုပ်ကွေးအပြင်လေထဲက ဘာရောဂါတွေ ကူးတတ်ကြသလဲလို့ ondrမှာမေးကြပါတယ်။ ဒါကြောင့် လေမှတဆင့် ရောဂါတွေကူးတတ်သလဲ ဆိုတာ ပြောပြပါမယ်။
ရောဂါရှိသူလူနာများ ချောင်းဆိုးမယ် ၊နှာချေမယ် ၊စကားပြောခဲ့မယ်ဆိုရင် ရောဂါပိုးတွေဟာ လေထဲအလွယ်တကူရောက်ရှိကာ တစ်ပါးသူအား ကူးစက်နိုင်ပါတယ်။ အချို့ဘက်တီရီယားများနှင့် ဗိုင်းရပ်စ်များက လေထဲမှတဆင့် တခြားသူကိုယ်ပေါ်မှာ သို့မဟုတ် မျက်နှာပြင်တွေမှာ တင်ကျန်တတ်ပါတယ်။အကယ်ရျ် သင်သည် အသက်ရှုသွင်းခဲ့မယ်ဆိုရင်တော့ လေထဲမှရောဂါပိုးက အလွယ်တကူဝင်လာပါမယ်။ ကိုယ်ပေါ်မှာတင်တဲ့ပိုးများကို ထိပြီး မျက်စိ ၊နှာခေါင်းနဲ့ပါးစပ်ကို ပွတ်ခဲ့လျှင်လည်း ပိုးအလွယ်တကူကူးစက်ပါမယ်။
လေထဲမှတဆင့် ကူးစက်နိုင်သောရောဂါပိုးများကတော့
(၁)အအေးမိရောဂါများ
ဗိုင်းရပ်စ်ပိုးအများစုကြောင့်ဖြစ်တဲ့ အအေးမိရောဂါဟာ လေထဲမှတဆင့် အလွယ်တကူ ကူးစက်နိုင်ပါတယ်။ လက္ခာဏာများကတော့ ဖျားမယ် ၊နှာစေး ချောင်းဆိုးမယ်။
(၂)တုပ်ကွေးရောဂါများ
တုပ်ကွေးရောဂါများကတော့ လေထဲမှတဆင့် အလွယ်တကူ ကူးစက်လွယ်ပါတယ်။ ပထမအဆင့်ဖျား နာကျင် ကိုက်ခဲရာမှ ကိုယ်ခံအားပေါ်မူတည်ရျ် ပြင်းထန်လာပါမယ်။ လူနာတွင် ကိုယ်ခံအားမကောင်းဘဲ ကြာလေလေ တစ်ပါးသူအားကူးစက်မှု ပိုကြာလာပါလိမ့်မယ်။ တုပ်ကွေး flu ဟာ မျိုးကွဲပေါင်းများစွာရှိတတ်ပြီး အမြဲပြောင်းလဲတတ်လို့ ကိုယ်တွင်းခုခံအား ရဖို့ခဲယဉ်းပါတယ်။
(၃)ရေကျောက်
ကလေးငယ်များမှာ အဖြစ်များတဲ့ရေကျောက်ရောဂါဟာ လေထဲမှတဆင့် ကူးစက်တာဖြစ်ပါတယ်။ ကူးစက်ခံရပြီး ၁ရက် ၂ရက်အတွင်း ကိုယ်ပေါ်တွင် အဖုအပိန့်များ ထွက်လာပါလိမ့်မယ်။ ယားမယ်။ ရင်ဘတ်၊ မျက်နှာ၊ ကျောကုန်းကနေ စပြီးနောက်ပိုင်းမှာ တစ်ကိုယ်လုံးထွက်လာပါလိမ့်မယ်။ အရည်ကြည်ဖုတွေ ဖြစ်မယ်။
(၄)ပါးချိတ်ရောင်ရောဂါ
အရမ်းကူးစက်လွယ်တဲ့ရောဂါ ဖြစ်ပါတယ်။ တခြားသူများအား လေထဲမှတဆင့် လက္ခာဏာမပြမီ ၅ ရက်အလိုကတည်းက ကူးစက်နိုင်ပါတယ်။
(၅)ဝက်သက်ရောဂါ
လူနေထူထပ်တဲ့နေရာများမှာ ကူးစက်အမြန်ဆုံးရောဂါက ဝက်သက်ရောဂါပဲ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးက လေထဲမှာ သို့မဟုတ် မျက်နှာပြင်ပေါ်မှာ အချိန်၂နာရီထိ ကြာကြာနေနိုင်ပါတယ်။ တခြားသူများအား ဝက်သက်အဆင်းရာများ Rash(အနီစက်များ) မပေါ်ခင် ၄ရက်နှင့် ပေါ်ပြီး ၄ရက်ထိကူးစက်ပျံ့ပွားနိုင်ပါတယ်။ လူအများစုကတော့ လူ့ဘဝသက်တမ်းမှာ တစ်ကြိမ်သာကူးစက်တတ်ပါတယ်။
ဒါပေမယ့် ကလေးငယ်များမှာတော့ ဝက်သက်ရောဂါကြောင့် သေဆုံးမှုနှုန်းများပါတယ်။ ဒါကြောင့် ကလေးများအား ဝက်သက်ကာကွယ်ဆေး ထိုးရန်တိုက်တွန်းပါတယ်။ ဝက်သက်အနီအစင်းများများကတော့ ၇ရက်မှ ၁၈ရက်ထိကြာမြင့်နိင်ပါတယ်။ မျက်နှာ လည်ပင်းမှ တဆင့်တစ်ကိုယ်လုံး ပျံ့နှံလာနိုင်ပါတယ်။ ဝက်သက်ရဲ့နောက်ဆက်တွဲရောဂါများကတော့ နားရောဂါများ၊ ဝမ်းလျော၊ အသက်ရူလမ်းကြောင်းဆိုင်ရာရောဂါများ၊ မျက်စိကွယ်ခြင်းနှင့် ဦးနှောက်ရောင်ရမ်းခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။
(၆)ကြက်ညှာချောင်းဆိုးရောဂါ
ထိုရောဂါက အသက်ရှုလမ်းကြောင်း ရောင်ရမ်းခြင်းကြောင့် ကာလရှည်ကြာ ချောင်းဆိုးခြင်း ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးစတာနဲ့ ၂ပတ်ကြာတဲ့ထိ တခြားသူအားကူးစက်နိုင်ပါတယ်။
(၇)တီဘီရောဂါ
တီဘီဖြစ်သူနဲ့ အချိန်ကြာအနီးကပ်နေခဲ့မယ်ဆိုရင် လေထဲမှတဆင့် ကူးစက်ခံရနိုင်ပါတယ်။ တစ်ကမ္ဘာလုံး ကူးစက်နှုန်း မြင့်မားပါတယ်။ ကိုယ်ခံအားမကောင်းသောလူများက ကူးဖို့အခွင့်အလမ်း ပိုများပါတယ်။ ရောဂါ ပြင်းထန်လာလျှင် အဆုတ်ထိခိုက်မယ်။ ထိုမှ အကျိတ်ထွက်မယ်။ အရိုးနှင့် တခြားအင်္ဂါများထိခိုက်လာပါမယ်။
(၈)ဆုံဆို့ရောဂါ
အဆိုပါရောဂါဟာ ဖြစ်ပွားမှု အများဆုံးရောဂါ ဖြစ်ခဲ့ပါတယ်။ ယခု ကာကွယ်ဆေးပေါ်ပေါက်လာရျ် ဖြစ်ပွားမှုနည်းပေမယ့် လေထဲမှတဆင့် အသက်ရှုလမ်းကြောင်းရောဂါ ဖြစ်စေနိုင်ပါတယ်။ လည်ပင်းသိသာစွာရောင်ရမ်းပြီး အသက်ရှု ခက်လာနိုင်ပါတယ်။
(၉)အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါများ
အထက်ပါရောဂါဖြစ်စေသောပိုးများသည်လည်း လေထဲမှတဆင့် အဆုတ်ထဲရောက်ကာ အဆုတ်ပွ၊ အဆုတ်ရောင်၊ အဆုတ်ပြည်တည်နာ စသည်တို့ဖြစ်နိုင်ပါတယ်။
ကာကွယ်ခြင်းနှင့်ကုသခြင်း
ကြိုတင်ကာကွယ်ခြင်းအားဖြင့် လေထဲမှတဆင့် ရောဂါကူးစက်မှုတွေကို လျော့ချပေးနိုင်ပါလိမ့်မယ်။
-ရောဂါရှိသူနှင့်နီးကပ်စွာနေခြင်း ရှောင်ကြဉ်ပါ။
-ဖျားနာခဲ့လျှင် အိမ်တွင်အနားယူပါ။
-ထိုလူနာများနှင့်ထိတွေ့ရမည်ဆိုလျှင် နှာခေါင်းစည်းတပ်ထားပါ။
-သင်ချောင်းဆိုး နှာစေးလျှင် ပါးစပ်ကို လက်ကိုင်ပုဝါဖြင့်အုပ်ပါ၊ လက်ကိုဆပ်ပြာနဲ့ သေချာစင်ကြယ်စွာဆေးပါ။
-လက်မဆေးဘဲ မျက်နှာနှင့် တခြားသူများကို မကိုင်ပါနဲ့။
-လူနေထူထပ်သော နေရာများသွားလာခြင်း ရှောင်ကျဉ်ပါ။
ကြိုတင်ကာကွယ်ဆေးထိုးထားပါ။
ရောဂါ ဖြစ်ခဲ့လျှင် အမြန်ဆုံးကုသမှု ခံယူပါ။ အနားယူပါ။ ရေများများသောက်ပါ။ အာဟာရပြည့်အောင်စားပါ။ အချို့ရောဂါများကတော့ ဆေးရုံတက်ကုသဖို့လိုသလို ရက်ရှည် ဆေးသောက်ရန်လည်း လိုတတ်ပါတယ်။ ကိုယ်ခံအားနည်းလျှင် အခြားနောက်ဆက်တွဲ ရောဂါများဖြစ်ပွားလာနိုင်ပါတယ်။ အသက်ကြီးသူများ၊ ကလေးငယ်များနှင့် ကိုယ်ခံအားနည်းရောဂါရှိသူများသည် လေထဲမှတဆင့် ရောဂါကူးစက်နိုင်မှု အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် နှာခေါင်းစည်းတပ်ပါ ၊လက်ဆေးပါ။လူထူထပ်တဲ့နေရာတွေကို ရှောင်ပါ။
Author : Dr. ပြည့်ရှင်း