ယနေ့ခေတ် ကျွန်ုပ်တို့တွေ နေ့စဉ်ဘဝအခက်အခဲများ တစ်နည်းနည်းဖြင့်ရင်ဆိုင်နေကြရပါတယ်။ ထိုအခါ လူအများစုသည် စိတ်ရှုပ်ထွေးမှုတွေကတစ်ဆင့် ခေါင်းအမြဲမူးနေခြင်း၊ ခေါင်းကိုက်ခြင်းစသည့် ဦးနှောက် မကြည်လင်မှုကို ခံစားကြရသောအခါ မိမိမှာ ဦးနှောက်ကင်ဆာများဖြစ်နေမလား ဟူသောသံသယဖြစ်ကြပါတယ်။
ဦးနှောက်ကင်ဆာဆိုတာ ဘယ်လိုမျိုးလဲဟု မေးကြပါတယ်။ ဦးနှောက်ကင်ဆာလက္ခာဏာများက များပြားပါတယ်။ တက်ခြင်း၊ အိပ်ငိုက်ခြင်း၊ မူးနှောက်ခြင်းနှင့် မူမမှန်လှုပ်ရှားမှု ပြောင်းလဲခြင်းစသည့်တို့ဖြစ်ပါတယ်။ ဦးနှောက်အထဲမှာ အကျိတ်ရှိသည့်တိုင်း ကင်ဆာအကျိတ်လို့ပြောမရပါ။ ရိုးရိုးအကျိတ်များကလည်း ထိုကဲ့သို့လက္ခာဏာများ ပေးပါတယ်။
ဦးနှောက်ထဲမှာ ဆဲလ်များမူမမှန် ကြီးထွားမှုကြောင့် ဦးနှောက်အကျိတ်များ ဖြစ်လာပါတယ်။ ထိုအကျိတ်များကို ကင်ဆာအကျိတ်များဟု တစ်ထစ်ချ မသတ်မှတ်ပါ။ ကင်ဆာအကျိတ်ဖြစ်ခဲ့လျှင် အလျှင်အမြန် ကြီးထွားပျံ့နှံပြီး တစ်ခြားကိုယ်ခန္ဓာအစိတ်အပိုင်းများကိုလည်း ပျံ့နှံ့နိုင်ပါတယ်။ အကျိတ်ဆဲလ်များက ပုံမှန်ဆဲလ်ကဲ့သို့အသက်ရှင်ကြီးထွားရန် သွေးနှင့် အာဟာရများ လိုအပ်ပါတယ်။
ရိုးရိုးအကျိတ်ဖြစ်ခဲ့ရင်တော့ တစ်ခြားနေရာများ မပျံ့နိုင်ပါ။ ကင်ဆာအကျိတ်လောက်လည်း မပြင်းထန်ပါ။ ဒါပေမယ့် ရိုးရိုးအကျိတ်သည်လည်း အနီးအနားအသားများပေါ် ဖိထားခြင်းကြောင့် ပြဿနာများပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။
ဦးနှောက်ကင်ဆာဟုဆိုရာတွင် ပင်ရင်းဦးနှောက်ဆဲလ်များ မူမမှန် ကြီးထွားရာမှ အကျိတ်ဖြစ်လာသည်။ primary brain cancer ဟုခေါ်ပါတယ်။ ဦးနှောက်ဘယ်အပိုင်းမှ ဆဲလ်များမှ စတင်အကျိတ် ဖြစ်တဲ့ပေါ်မူတည်၍ အမည်နာမကွဲ ပြားပါတယ်။ နောက်တစ်မျိုးကတော့ ကိုယ်တွင်းတစ်နေရာ ကင်ဆာဖြစ်ရာမှ ကင်ဆာဆဲလ်သည် ဦးနှောက်သို့ပျံ့နှံ့ အကျိတ် ဖြစ်စေတဲ့ Metastatic brain cancer ဖြစ်ပါတယ်။ အဖြစ်အများဆုံးကင်ဆာ အမျိုးအစားဖြစ်ပါတယ်။
ဦးနှောက်ကင်ဆာဖြစ်တဲ့ အကြောင်းအရာများကတော့ အတိအကျ မသိသေးသော်လည်း မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း၊ အဆိပ်အတောက်ဖြစ်စေသော အစားအစာများ၊ နေထိုင်မှုပုံစံများကြောင့်သော်လည်းကောင်း၊ ခေါင်းကို ဓာတ်ရောင်ခြည်ထိခြင်း၊ HIV ကူးစက်ရောဂါနှင့် ဆေးလိပ်သောက်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်စေနိုင်ပါတယ်။
ဦးနှောက်ကင်ဆာရဲ့လက္ခာဏာများက များပြားပါသော်လည်း အတိအကျ သတ်မှတ်ရမယ့်လက္ခာဏာမရှိပါ။ ရောဂါရှာဖွေခြင်းဖြင့်သာ သိရပါမယ်။ အကျိတ်သည် ဦးနှောက်အစိတ်အပိုင်း ဖိခဲ့သော် ထိုဦးနှောက်သည် ပုံမှန်ဆောင်ရွက်မှု မလုပ်နိုင်ခဲ့လျှင် လက္ခာဏာများ ပေါ်လာပါတယ်။ အကျိတ်ကြောင့် ဦးနှောက်ရောင်ခဲ့သော် လက္ခာဏာများပေါ်လာပါတယ်။
Primary နှင့် metastic brain cancer ၂ခုရဲ့ လက္ခဏာများက မကွဲပြားပါ။ အဖြစ်များဆုံး လက္ခဏာများကတော့ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ လမ်းလျောက်ရခက်ခဲ ခြင်းနှင့် တက်ခြင်းတို့ဖြစ်ပါတယ်။ အခြားသော လက္ခဏာများကတော့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်း၊ အော့အန်ခြင်း၊ အမြင်အာရုံ မကောင်းခြင်း၊ တစ်ဖြည်းဖြည်း လှုပ်ရှားမှု ပုံစံပြောင်းလဲခြင်းတို့ဖြစ်ပါတယ်။ လက္ခဏာများသည် တစ်ဖြည်းဖြည်းတိုး၍ ခံစားလာနိုင်တာရှိသလို လျှင်မြန်စွာ ပြောင်းလဲတာလည်းရှိပါတယ်။ တစ်ခါတစ်လေ လေဖြတ်တတ်ပါတယ်။
အောက်ပါ လက္ခာဏာများဖြစ်ခဲ့လျှင် အရေးပေါ်ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။
(၁)အကြောင်းရင်းမရှိဆက်တိုက်အန်ခြင်း
(၂)မျက်လုံးများပြာခြင်း၊ နှစ်ထပ်မြင်ခြင်း
(၃)ကိုယ်လက်မအီမသာဖြစ်ရျ် အမြဲအိပ်ချင်နေခြင်း
(၄)တက်ခြင်း
(၅)ခေါင်းကိုက်ခြင်း
ခေါင်းကိုက်ခြင်းသည် ကင်ဆာရဲ့ အဓိကလက္ခဏာဟု ဆိုသော်ငြားလည်း ရောဂါနောက်ဆုံးအဆင့်ဖြစ်နေခဲ့သော်လည်း ခေါင်းကိုက်ခြင်း လက္ခာဏာမပေါ်တာလည်း ရှိနိုင်ပါတယ်။ သင်ခေါင်းကိုက်မှု သိသာစွာပြောင်းလဲခဲ့ရင်တော့ ဆေးဝါးကုသမှု ခံယူသင့်ပါတယ်။
ဦးနှောက်အကျိတ်ဟုယူဆလျှင် CT scan ရိုက်ခြင်းထက် MRI ရိုက်ခြင်းက အကျိတ်ရှိမှု သေချာစေပါတယ်။ သို့ပေမယ့် CT scan ကိုတော့ ရှေးဦးစွာ ရိုက်လေ့ရှိပါတယ်။ ဦးနှောက်ကင်ဆာနှင့် တွဲလျက် အခြားသောရောဂါများလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ဆင့် ကင်ဆာအကျိတ်ဟု သေချာရန် အသားစယူ၍ စစ်ဆေးရပါမယ်။
ဦးနှောက်အကျိတ်များ ကုသရာမှာ လူနာရဲ့အသက် ၊ကိုယ်ခံအား နှင့်အကျိတ်ရဲ့အရွယ်အစားနဲ့တည်နေရာပေါ် မူတည်ပြီး ကုသမှုကွဲပြားပါတယ်။ ကင်ဆာအကျိတ် ကုသရာတွင် ခွဲစိတ်ခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုခြင်း၊ ကင်ဆာဆေးသွင်းကုခြင်း စသည့်နည်းများဖြင့် ကုသရပါတယ်။
Author : Dr. ပြည့်ရှင်း