လူတစ်ယောက် ရေဖျဉ်းစွဲတယ်ဆိုရင် အများစုက ဒီလူတော့ အသည်းခြောက်နေပြီ၊ အသည်းမကောင်းဘူး စသဖြင့် ထင်တတ်ကြတယ်။ ရေဖျဉ်းစွဲတယ်ဆိုတိုင်း အသည်းတစ်ခုထဲနဲ့တော့မဆိုင်ပါဘူး။ အသည်းခြောက်တာကတော့ အများဆုံးကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပေါ့။ ဒါပေမယ့် တခြားသော ရောဂါတွေမှာလည်း ရေဖျဉ်းစွဲနိုင်ပါတယ်။ အနည်းအများတော့ ကွာနိုင်ပါတယ်။
ဘယ်လိုရောဂါမျိုးတွေလဲ
တစ်ကိုယ်လုံးဖောတတ်တဲ့ ကျောက်ကပ်ယောင်ရောဂါမှာလည်းဖြစ်တတ်တယ်။ မျက်နှာရော ခြေထောင်ရော ဖောတဲ့အပြင် ဗိုက်ထဲမှာပါ ရေဖျဉ်းစွဲတတ်ပါတယ်။ ကျောက်ကပ်ရောဂါတိုင်းတော့ တစ်ကိုယ်လုံးမဖောတတ်ပါဘူး။
သားဥအိမ် ကင်ဆာ တွေမှာလည်း ဗိုက်ကြီးဖောင်းနေတတ်တယ်။ သားဥအိမ်အလုံးကိုက ကြီးနေတာကြောင့်လည်း ဖောင်းတတ်တယ်။ ကင်ဆာကြောင့် ဗိုက်ထဲမှာလည်း ရေဖျဉ်းဆွဲနိုင်ပါတယ်။ တခြားသောကင်ဆာတွေမှာလည်း ရေဖျဉ်းစွဲတတ်ပါတယ်။ မုန့်ချိုအိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ စတာတွေမှာ ပိုဖြစ်တတ်ပါတယ်။
အူတီဘီမှာလည်း ရေဖျဉ်းစွဲနိုင်ပါတယ်။ ပမာဏကတော့ နည်းတတ်တယ်။ နှလုံးမကောင်းတာကြောင့်လည်း ဖြစ်တတ်တယ်။ မုန့်ချိုအိတ် ရောင်ရမ်းတဲ့ရောဂါ တွေမှာလည်း ရေဖျဉ်းစွဲနိုင်ပါတယ်။
ရေဖျဉ်း ဖြစ်လာပြီဆို ပမာဏ အနည်းအများပေါ်မူတည်ပြီး လူနာခံစားရတာ ကွာပါတယ်။ ပမာဏနည်းနေတုန်းမှာတော့ လူနာက ဗိုက်နည်းနည်းတင်းရုံလောက်ကလွဲပြီး သိပ်မခံစားရတတ်ဘူး။ ပမာဏများတဲ့အခါမှာတော့ ဗိုက်တင်းတာကို ဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။ ပက်လက်အိပ်လည်းမရ၊ ထိုင်လို့လည်းမရ ဗိုက်ထဲ အင့်ပြီး တင်းနေတတ်တယ်။ လူနာလည်း မောနေတတ်တယ်။
ရေဖျဉ်း တင်းလွန်းတဲ့အခါ ဗိုက်ကြီးတစ်ခုလုံး ပြောင်တင်းပြီး အရေပြားပေါ်မှာ သွေးကြောတွေလည်း သိသိသာသာ မြင်တွေ့ရတတ်ပါတယ်။ ရေဖျဉ်းအပြင် နဂိုရောဂါအခံရဲ့ လက္ခဏာတွေလည်း တွေ့ရတတ်ပါတယ်။
ရေဖျဉ်းဖြစ်တဲ့အခါ ရေတွေစုနေတာဆိုပြီး ဆီးဆေးပေးတာလည်းရှိသလို ဖောက်ထုတ်ပေးလည်းရှိပါတယ်။ အဓိကကတော့ အသည်းခြောက်လို့ဖြစ်လာတဲ့ ရေဖျဉ်းစွဲခြင်းတွေမှာ ဖောက်ထုတ်ပေးဖို့ လိုတတ်ပါတယ်။ ရေဖျဉ်း တင်းနေလွန်းလို့တစ်ရက်ထဲ အကုန်ထုတ်မယ်လို့လည်း လုပ်လို့ မရပါဘူး။ ဘယ်လောက်ပဲ တင်းနေပါစေ၊ တစ်ခါထုတ်ရင် နှစ်ပုလင်း သုံးပုလင်းထက် မပိုပါဘူး။ ရေဖျဉ်း ဖောက်ထုတ်ပြီးရင် လူနာအခြေအနေကိုလည်း ပြန်ကြည့်ရပါတယ်။
ဖောက်ထုတ်ပြီးတဲ့ ရေတွေကို ဓာတ်ခွဲခန်းပို့ စစ်ပေးဖို့လည်း လိုတတ်တယ်။ ရောဂါသိပြီးသားလိုမျိုး ဖြစ်တဲ့ အသည်းခြောက်တာကြောင့် ဖြစ်တဲ့ ရေဖျဉ်းဆို ဖောက်ထုတ်ရင်တောင် ရလာတဲ့ ရေတွေကို ဓာတ်ခွဲခန်းပို့ စစ်ပေးရပါတယ်။ ရေဖျဉ်းဖြစ်လာရင် ဒါတစ်ခုတည်း ကုနေလို့လည်းမရပါဘူး။ ရေဖျဉ်းကိုဖြစ်စေတဲ့ ရောဂါအခံကိုလည်း သေချာကုသဖို့လိုပါတယ်။ မဟုတ်ရင် ရေဖျဉ်း ထုတ်လိုက်ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေမှာပါပဲ။ ကုလို့ပျောက်တာရှိသလို မပျောက်နိုင်တာတွေမှာတော့ ခဏခဏ ရေဖျဉ်းပြန်စွဲတတ်ကြတာလည်းရှိတော့ ဆေးရုံလည်း ခဏခဏ ပြန်တက်နေရတတ်ပါတယ်။
Author : Dr. CST