ဇီဝက ဆီ လာပြကြတဲ့ လူနာတွေ အပြောများတာက
“ဆရာရေ ခေါင်းတွေ မူးလို့ သွေးပေါင်ကျနေသလား ၊မသိဘူး ။” ဆိုတဲ့ စကားပါပဲ။ မိမိတို့ဘာသာ ရောဂါ ခေါင်းစဉ်တပ်ပြီးသား ဖြစ်လေ့ရှိပါတယ်။ ခေါင်းမူးတိုင်းတော့ သွေးပေါင်ကျတယ်လို့ မဆိုသာပါ။ သွေးပေါင်သည် တစ်ယောက်နဲ့ တစ်ယောက် ကွာခြားမှု ရှိပါတယ်။ မိဘ မျိုးရိုး ၊ ခန္ဓာကိုယ် အချိုးအစား ၊နေထိုင်စားသောက်မှု စရိုက်ပေါ်တွေမှာ မူတည်ပါတယ်။ ဒါကြောင့် သွေးပေါင်ကျတယ် ဆိုတာ ဘယ်လောက်မှ ကျတာလဲဆိုတာတစ်ဦးနဲ့ တစ်ဦး မတူတတ်ပါ။ သွေးပေါင် ၉၀/၆၀ ဆိုရင်တော့ သွေးပေါင်ကျတာ သေချာပါတယ် ။
သွေးပေါင်ကျတာရဲ့ လက္ခဏာတွေက
– ခေါင်းမူးမယ် ၊ရိတ်တိပ် ရိတ်တိပ် ဖြစ်မယ်
-အထိုင်အထ ၊အိပ်ရာက အထ စတာတွေမှာ မိုက်ခနဲ ဖြစ်မယ်
-အမြင်တွေ ရုတ်တရက် ပြာသွားမယ်
-ပျို့ချင်သလို အန်ချင်သလို ဖြစ်မယ်
-နုံးချိမယ်
ဘာကြောင့် သွေးပေါင်ကျတာလဲ
-အဖြစ်အများဆုံးက ခန္ဓာကိုယ်က အရည်ဓာတ် ဆုံးရှုံးလို့ပါ
(ချွေးထွက်များခြင်း ၊ဝမ်းပျက်ဝမ်းလျှောခြင်း ၊အအန်များခြင်း)
-ခန္ဓာကိုယ်က သွေးထွက် သွေးသွန်လို့
-နှလုံးရောဂါအချို့
-ဟိုမုန်းလ် ရောဂါအချို့
မိမိ ဘာသာ ဘာလုပ်ထားနိုင်သလဲ
-ရေများများသောက်ပါ ။တစ်နေ့ကို အနည်းဆုံး ရေ ဖန်ခွက် ၈ခွက်သောက်ပါ
-ဓာတ်ဆားထုပ် အငန် ၁ထုပ်ကို ရေ ၁လီတာဘူးနဲ့ ဖျော်သောက်ပါ
-မလိုအပ်ဘဲ ဆားကို လျော့မစားပါနဲ့
-ခြေသလုံးကြွက်သားကို ကွေးချည် ဆန့်ချည် လုပ်ပါ
(သင်သွေးပေါင်ကျရင် သွေးတွေဟာ ခြေထောက်မှာ စုပုံ နေတတ်လို့ပါ)
-အိပ်ရာမှ ဖြည်းဖြည်းထပါ ၊ ရုတ်တရက် ဆတ်ကနဲ မထပါနဲ့
-အစာကို တစ်ခါတည်း အများကြီး ဗိုက်တင်းကယ်အောင် မစားပါနဲ့။ ကစီဓာတ် အများကြီးပါတာ စားတာ ရှောင်ပါ ။ဘာလို့လဲ ဆိုရင် ထမင်းစားပြီးရင် သွေးက အစာချေတဲ့ အစာအိမ်ဆီ အသွားများတော့ သင့်ဦးနှောက်ကို အရောက်နည်းသွားလို့ မကြည်မလင် ခံစားရတတ်တယ်။
-ထမင်းစားပြီးရင် လမ်းလျှောက်ပါ
ဘယ်အချိန်မှာ မိသားစု ဆရာဝန်နဲ့ တိုင်ပင်မလဲ
-သွေးပေါင်ကျရတဲ့ အကြောင်းအရင်းများ ရှိက ၊တခြား ရောဂါအခံတွေ ရှိက
-ခြေဖျားလက်ဖျား အေးစက် ၊ဆီးနည်း ၊သတိမကောင်း ၊ သတိလစ်က မိမိတို့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်ပါ။
Author: ခေတ်သစ် ဇီဝက