အမေရိကန်ပြည်ထောင်စုရဲ့ National Institute of Medical Health (အင်အိုင်အမ်အိတ်ချ်)၏ အဆိုအရ နှစ်စဉ် စိတ်ဓာတ်ကျရောဂါ ခံစားနေရတဲ့ အမျိုးသား၊ အမျိုးသမီး သန်းနဲ့ချီရှိတယ်လို့ သိရတယ်။ အဆိုးဆုံးက စိတ်ဓာတ်ကျရောဂါ ခံစားနေရတဲ့ ဆယ်ကျော်သက်တွေအပါအဝင် ထောင်ပေါင်းများစွာသောသူတွေ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည် ကြတယ်ဆိုတာပါပဲ။ အင်အိုင်အမ်အိတ်ချ်၏ လေ့လာဆန်းစစ်ချက်အရ၊ စိတ်ဓာတ်ကျနေသူ သုံးပုံတစ်ပုံသာ ဆေးကုသမှုခံယူကြတယ်လို့ သိရတယ်။ ဆေးကုသမှု ခံယူတဲ့ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ လူတွေဟာ ဆေးဝါးအသစ်တွေနဲ့ နောက်ထပ်မဖြစ်တော့တာကို တွေ့ရတယ်။
ကိုယ့်ဘဝနဲ့ ကိုယ်ဆေးပညာရှုထောင့်အရ စိတ်ဓာတ်ကျခြင်းကို စိတ်ညိုးငယ်မှုနဲ့ မရောထွေးပါနဲ့။ လူတိုင်းမှာ စိတ်ညိုးငယ်တဲ့ အချိန်တိုလေးတွေ ရှိတတ်ကြပါတယ်။ ကိုယ်ချစ်တဲ့သူ သေဆုံးခြင်း၊ အလုပ်ပြုတ်ခြင်းနဲ့ လင်မယားကွဲခြင်း ကိစ္စတွေကြောင့် တစ်ခါတစ်ရံ စိတ်ဓာတ်ကျခြင်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ လူအများစုဟာ ဖော်ပြပါဆုံးရှုံးမှုများကို ကျင့်သားရကြတယ်။ ဆေးပညာအရ စိတ်ဓာတ်ကျခြင်းနှင့် စိတ်ညိုးငယ်ခြင်းတို့ဟာ အချိန်နဲ့ ပြင်းထန်မှုမှာ ခြားနားပါတယ်။
စိတ်ဓာတ်ကျရောဂါကို မကုသရင် မကြာခဏ ပြန်ဖြစ်တတ်တယ်။ ဖြစ်ရပ်တိုင်းမှာ နောက်ထပ်ဖြစ်ဖို့ အခွင့်အရေ ပိုတိုးလာတယ်။ မကုသဘဲထားတဲ့ ပထမဖြစ်ရပ်ရှိသူတွေထက်ဝက်မှာ ဒုတိယအကြိမ် ဖြစ်လာတယ်။ ဖြစ်ရပ်သုံးကြိမ်ဖြစ်ပြီးတဲ့နောက် စတုတ္ထအကြိမ်ဖြစ်ဖို့ ၉၀ ရာခိုင်နှုန်း သေချာတယ်။ ဒါကြောင့် ဖြစ်စမှာ ကုသခြင်းက အရေးကြီးပါတယ်။
အင်အိုင်အမ်အိတ်ချ်၏ အဆိုအရ ပြင်းထန်တဲ့ စိတ်ဓာတ်ကျခြင်းရဲ့ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- အိပ်တဲ့ပုံစံတွင် ထင်ရှားတဲ့ အပြောင်းအလဲများ
- စားချင်စိတ်နဲ့ သို့မဟုတ် ကိုယ်အလေးချိန်လျော့ခြင်း ဒါမှမဟုတ် ပြောင်းပြန်က အစားကြူးခြင်းနဲ့ ကိုယ်အလေးချိန်တိုးခြင်း။
- ထပ်တလဲလဲ ဝမ်းနည်းပြီး၊ စိုးရိမ်ပူပန်တာ၊ အနှစ်သာရမရှိတဲ့ စိတ်နေစိတ်ထား။
- မျှော်လင့်ချက်ကင်းမဲ့၍ အဆိုးမြင်တဲ့ ခံစားချက်များ။
- စိတ်မသန့်ခြင်း၊ အသုံးမကျခြင်းနဲ့ ခိုကိုးရာမဲ့ဖြစ်ခြင်းတို့ကို ခံစားရမှုများ။
- မောပန်းခြင်းနဲ့ အင်အားလျော့ခြင်း။
- သေဆုံးခြင်း ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းနဲ့ ပတ်သက်လို့ စဉ်းစားခြင်း၊ ပြောဆိုခြင်းများ၊ ကိုယ့်ကိုယ်ကို သေကြောင်းကြံမှု၊ ခြိမ်းခြောက်မှုများနဲ့ ကြိုးပမ်းမှုများ။
တစ်ခါတစ်ရံ အဆိုပါလက္ခဏာတွေဟာ ညင်သာပြီး၊ ခဏတာဖြစ်တတ်လို့ ရောဂါခံစားနေရတာကို ၎င်းရဲ့မိသားစုနဲ့ မိတ်ဆွေတွေက တလွဲထင်ကြပြီး ဆရာဝန်တွေလည်း မျက်စေ့လျှမ်းသွားတတ်တယ်လို့ စိတ်ဓာတ်ကျမှု ကာကွယ်ရေး အစီအစဉ်မှ ညွှန်ကြားရေးမှူး အယ်လင်ဖရင့်က ဆိုတယ်။
တစ်မူထူးခြားသော အပြုအမူ စိတ်ဓာတ်ကျမှုရဲ့ လက္ခဏာတွေရဲ့ အဓိကဟာ အပြောင်းအလဲ ဖြစ်ပါတယ်။
- ရုတ်တရက် တိတ်ဆိတ်သွားခြင်း။ ခါတိုင်းစကားများများပြောလေ့ရှိသူက ရုတ်ချည်းတိတ်ဆိတ်သွားခြင်း။
- ပုံကြီးချဲ့ပြောခြင်း – မမှုလောက်တဲ့ ကိစ္စအဖြစ် တစ်ချိန်က ထင်မြင်ယူဆထားတဲ့ ကိစ္စတွေကို ပုံကြီးချဲ့ကာ စိုးရိမ်ပူပန်လာခြင်း။
- မေ့လျော့ခြင်း – လိပ်စာတွေမေ့လို့ နှစ်ခါပြန်ကြည့်ရခြင်းနဲ့ ချိန်းထားတဲ့ကိစ္စကို မေ့သွားလို့ နောက်တစ်ခါ ပြန်မေးရခြင်းကို ခံစားရတဲ့သူဟာ အယ်လိဇိုင်းမားဆိုတဲ့ အသက်ကြီးသူများရဲ့ ဝေဒနာကို ခံစားနေရပြီလို့ ထင်နေရတဲ့ အသက် ၄၀ အရွယ်ရှိလူကို ဆရာဝန်က စိတ်ဓာတ်ကျရောဂါအနေနဲ့ ကုသပေးလိုက်ရတယ်။
- ဝေဖန်တာကို မခံနိုင်ခြင်း – စိတ်ဓာတ်ကျနေတဲ့သူတွေဟာ ၎င်းတို့ရဲ့ ဝမ်းနည်းခြင်း၊ ထီးတည်းဖြစ်ခြင်းတို့ကို ဖုံးကွယ်ဖို့ ဒေါသထွက်ပြတယ်။ အထိမခံတာ၊ ကျွဲမြီးတိုတာတွေဟာ ဖြစ်ရပ်တွေကို ပိုဆိုးစေနိုင်တယ်။
- ပုံမှန်အတိုင်း ပုန်းကွယ်နေလိုခြင်း – အမြဲတက်တက်ကြွကြွရှိပြီ၊ ရည်မှန်းချက်ကြီးသူဟာ အိမ်မှာ ပုံမှန်အတိုင်းနေနေတယ်။ တက်ကြွလှုပ်ရှားမှု အမျိုးမျိုးကို အကြံပြုပေမယ့် မလုပ်လိုကြောင်း ငြင်းဆိုတယ်။ ဆက်ရန်…….
Author : နှင်းအေးဝေ, Healthcare Journal , vol 8, no 30 (11.8.17)