တစ်ခါတလေမှာ အစားမှားလို့ပဲဖြစ်ဖြစ်၊ အစားစားတာများတာဖြစ်ဖြစ်၊ မအီမသာဖြစ်သလို ခံစားတတ်ကြရတယ်။ ဗိုက်ထဲ တောင့်နေသလို ခံစားကြရတတ်တယ်။ ဗိုက်တောင့်တိုင်း အစာအိမ်ရောဂါလား။
ဗိုက်တောင့်တယ်၊ နေလို့မကောင်းဘူးဆိုတာ လေကြောင့်လည်းဖြစ်နိုင်တယ်။ အစာအိမ်နဲ့လည်းဆိုင်နိုင်တယ်။ အသည်းကြီးတဲ့သူနဲ့၊ အသည်းအဆီဖုံးတဲ့ သူတစ်ချို့လည်း ဖြစ်နိုင်တယ်။ တချို့ကိုယ်ဝန်ဆောင်တွေလည်းဖြစ်နိုင်တယ်။ ခါးအညောင်းမိတဲ့သူတချို့ လည်း ဖြစ်နိုင်ပါတယ်။
ဗိုက်ထဲ တောင့်တယ်ဆိုတဲ့ ခံစားချက်က အောင့်တာလည်းမဟုတ်ဘူး။ နာတာလည်းမဟုတ်ဘူး။ ရင်ပြည့်နေသလိုမျိုးပါ။ တစ်ခါတလေတော့ အန်ချင်တာလည်းတွဲဖြစ်နိုင်တယ်။ ပက်လက်အိပ်လည်းမရ၊ ထိုင်နေလည်းမရ ဖြစ်တတ်တယ်။ ဗိုက်ကိုကြည့်တော့လည်း လေပွသလို၊ ဖောင်းနေတတ်တယ်။ ဗိုက်တောင့်တဲ့အခါ တစ်ခါတလ ကျောတွေပါ တောင့်လာတတ်ကြတယ်။ တချို့ကြတော့လည်း ခါးနဲ့ ကျောက အညောင်းမိပြီး ဗိုက်တောင့်တာမျိုးဖြစ်တတ်တယ်။
လေထိုးစာအစားများတဲ့အခါ ဥပမာအားဖြင့် လက်ဖက်၊ လက်ဖက်ရည်၊ ကောက်ညှင်း၊ ပန်းသီး၊မာလကာသီး အရွက် တွေစားပြီးတဲ့အခါတွေ ဗိုက်တောင့်တတ်တယ်။ အစားစားတာ ပုံမှန်ထက်များသွားတဲ့အခါတွေ၊ အစာကိုမြန်မြန်စားလိုက်ရတဲ့အခါတွေ၊ အစားစားချိန်လွန်ပြီးမှ အစားစားမိတဲ့အခါတွေ၊ အစားစားပြီး ခြေထောက် အအေးခံမိတဲ့အခါတွေမှာလည်း ဖြစ်တတ်တယ်။ ဒါတွေကတော့ အစာအိမ်ရောဂါနဲ့ မဆိုင်ပါဘူး။
အစာအိမ်ရောဂါရယ်လို့ပြောတဲ့အခါ အများကြီးပါ။ အစာအိမ်ရောင်တာ၊ နာတာ၊ အစာအိမ်ကင်ဆာ စသဖြင့်လည်းရှိပါတယ်။ ဒီရောဂါတွေမှာလည်း ဗိုက်တောင့်တာတွေ ဖြစ်တတ်တယ်။ ရက်ရှည် ဗိုက်ထဲတောင့်နေတတ်သလိုဖြစ်ပြီး ဘယ်လိုဆေးသောက်သောက် မသက်သာတာတွေ၊ အစားစားချင်စိတ် နည်းလာတာတွေ၊ ပိန်လာတာတွေ၊ ဖြူဖတ်ဖြူရော်ဖြစ်လာတာတွေက အစာအိမ်အပိုင်းကို သေချာစစ်ဆေးဖို့ လိုအပ်ပါလိမ့်မယ်။
အသည်းမှာ အဆီဖုံးတဲ့ သူနဲ့ အသည်းကြီးတဲ့သူ တစ်ချို့လည်း အစားနည်းနည်း စားပြီးတာနဲ့ ဗိုက်ထဲ ပြည့်သွားသလိုတွေ ခံစားရတတ်တယ်။ အစာမကြေသလိုတွေလည်း ခံစားရတတ်တယ်။ အဆီဖုံးတဲ့ပမာဏနဲ့ အသည်းကြီးတဲ့ပမာဏပေါ်လည်း မူတည်နိုင်တယ်။ လူတိုင်းတော့မဖြစ်တတ်ကြဘူး။
ကိုယ်ဝန်ဆောင်ချိန်ကတော့ ခဏခဏကိုဖြစ်တတ်ပါတယ်။
အစားလေးနည်းနည်းမှားလိုက်တာနဲ့ လေစာတွေစားလိုက်မိတာနဲ့ ဗိုက်ထဲမအီမသာဖြစ်တတ်တယ်။ နဂိုကလည်း ဟော်မုန်းအပြောင်းအလဲကြောင့် ပျို့ အန်ချင်တာ၊ မစားချင်တာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်လရင့်လာတဲ့အခါ ပိုဆိုးပါတယ်။ ကိုယ်ဝန်ကရင်ခေါင်းကို ထောက်ပြီဆို ဗိုက်တောင့်တာတွေ ပိုဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အချိန်မှာ တစ်နေကုန် ခါးနဲ့ ကျောကို အနားမပေးဘဲ မတ်မတ်နေတာများလည်း ဗိုက်ထဲတောင့်လာတတ်တယ်။
တချို့ အလုပ်အကိုင်တွေကြောင့် တစ်နေကုန် ကျောမှီမရဘဲ အညောင်းမိတတ်တဲ့သူတွေမှာလည်း ခါးနဲ့ကျောညောင်းနေပြီး ဗိုက်ထဲလည်းတောင့်လာတတ်ကြပါတယ်။ ဗိုက်တောင့်လာပြီဆို လေတက်လိုက်နိုင်တယ်ဆို သက်သာတတ်ကြတယ်။ ဗိုက်တောင့်တဲ့အခါ မတ်မတ်နေပေးပါ။ ထိုင်နေလည်းကျောကိုအမှီတစ်ခုနဲ့ မတ်မတ်ထားပါ။
ကိုယ်ဝန်ဆောင်ကလွဲလို့ တစ်ခြားသူတွေမှာဆိုရင် နောက်ကျောကိုဆေးလိမ်းပြီး ဖြည်းဖြည်းနှိပ်ပေးလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်ကိုတော့ အနှိပ်မခံစေချင်ပါဘူး။ ဗိုက်တောင့်နေတဲ့သူတွေက ခြေလည်းအအေးမခံပါနဲ့။ လိုအပ်ရင် ပရုတ်ဆီဖြစ်ဖြစ် လိမ်းထားပါ။ ဘာအစားမှ ထပ်မစားပါနဲ့ဦး။ လေဆေးပြားတွေ နှစ်ပြားလောက်ဝါးစားပေးလို့ ရပါတယ်။ မတ်မတ်နေပြီးလမ်းလျှောက်ပေးလို့လည်းရပါတယ်။ လေတက်တာတွေ လေလည်လိုက်တာတွေဆို ပြန်ပြီးသက်သာပါတယ်။ ဗိုက်တောင့်တာ ဘယ်လိုမှမသက်သာခဲ့ရင် နေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်နေတယ်ဆိုရင်တော့ အစားလည်းသေချာရှောင်ရမယ်။ လိုအပ်ရင် ဆေးခန်းပြပြီး စစ်ဆေးရပါလိမ့်မယ်။
Author : Dr. CST