တီဘီရောဂါလို့ ဆိုလိုက်တာနဲ့ လူတော်တော်များများသည် ဖျားမယ် ၊ ချောင်းဆိုးမယ် ၊ ပိန်မယ်နဲ့ အဆုတ်မှာ အနာဖြစ်မယ်လို့ သိပြီးသားပါ။ ဒါ့အပြင် အဆုတ်ပြင်ပ တီဘီရောဂါတွေသည်လည်း အများကြီး ရှိပါသေးတယ်။ ထိုအထဲကမှ အရေပြားမှာ ဖြစ်တတ်တဲ့ တီဘီရောဂါတွေထဲက အရေပြား တီဘီ အ
ကြောင်း ပြောပြချင်ပါတယ်။
အရေပြားတီဘီကို ဘယ်လို ခေါ်သလဲ
-အရေပြားတီဘီကို ဆေးပညာ အရ လူးပတ်စ် ဗားဂရပ်စ် Lupus vulgaris လို့ ခေါ်ပါတယ်
အရေပြားတီဘီ ဘာကြောင့်ဖြစ်တာလဲ
-အဆုတ်တီဘီလိုပဲ တီဘီရောဂါပိုး Mycobacterium tuberculosis ကြောင့် ဖြစ်တာပါ ။
ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲ
-အထူးသဖြင့် အေးတဲ့ဒေသမှာ နေထိုင်သူတွေ
-အမျိုးသမီးတွေ
-ခုခံအားကျဆင်းစေတဲ့ ရောဂါများရှိသူ ၊ဆေးဝါးများ သောက်သုံးနေရသူတွေ
-တစ်ကိုယ်ရေ သန့်ရှင်းရေး ညံ့ဖျင်းသူတွေ
ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေမှာ အတွေ့များလဲ
-နေရောင်ထိနိုင်တဲ့နေရာတွေ ၊အထူးသဖြင့် မျက်နှာ ၊လက် ၊ခြေ ၊တင်ပါး
အရေပြား တီဘီလက္ခဏာတွေက ဘာတွေလဲ
-အရေပြားမှာ အုပ်စုလိုက် အဖုကလေးတွေဖြစ်မယ်
-အဖုလေးတွေက မနာတတ်
-အဖုလေးတွေသည် နီညိုရောင်ကနေ ခရမ်းရောင်အထိ အရောင်သွေး မျိုးစုံ ရှိတတ်
-အဖုတွေဟာ အရေပြားအပေါ်ကို ကြွတတ်
-အနာရဲ့ မျက်နှာပြင်ဟာ ပြောင်လက်နေပြီး အခွံအနာဖေးလေးတွေ ရှိတတ်
-အရေပြား တီဘီကြာလာတဲ့အခါ အနာဟာ ဘေးကို ဆက်ပွားမယ် ၊ အနာရဲ့အလယ်မှာ အမာရွတ်ရှိမယ် ၊ထိုအမာရွတ်ရဲ့ ဘေးမှာ စတင်မာလာတဲ့ တစ်သျှူး
များလည်း တွေ့ရမယ်
-ပြန်ရည်အကျိတ်တွေလည်း ကြီးနေတတ်
အရေပြား တီဘီကနေ ဘာဆက်ဖြစ်နိုင်လဲ
-အရေပြား တီဘီကို သေချာ မကုရင် တီဘီရောဂါ ပိုဆိုးနိုင်သလို အရေပြား တီဘီကနေ အရေပြား ကင်ဆာအဖြစ် ပြောင်းသွားမယ်
သင့်ဆရာဝန်က သင့်ကို ဘယ်လို ကုသမှု ပေးမလဲ
-လိုအပ်တဲ့သွေးတွေ သလိပ်တွေ ဓာတ်မှန်တွေ စစ်မယ်
-အဆုတ် တီဘီနဲ့ အဆုတ်ပြင်ပ ခန္ဓာကိုယ်ရှိ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများမှာ တီဘီ ရှိ ၊မရှိ ရှာဖွေစစ်ဆေးမယ်
-တီဘီဆေးတွေ တိုက်မယ်
-ဗိုက်တာမင် ဒီ Vitamin D2 (calciferol) ဆေးပြားလည်း တိုက်ကျွေးပါလိမ့်မယ်
-တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ခိုင်းပါလိမ့်မယ်
-အအိပ်အနေ အစားအသောက်မှန်ဖို့ လိုပါတယ်
Author : ခေတ်သစ် ဇီဝက