ရေယုန်
လူအတော်များများ ရေယုန်နာ ပေါက်ဖူးကြမှာပါ။ မပေါက်ဖူးရင်တောင်မှ ကိုယ့်ပတ်ဝန်းကျင်မှာ ရေယုန် ဆိုတဲ့စကားလုံးကို ကြားဖူးကြမှာသေချာပါတယ်။
Herpes အုပ်စုဝင် ဗိုင်းရပ်စ်ပိုးဝင်တာကြောင့် ဖြစ်ရတာပါ။ အသက်ရှူလမ်းကြောင်းကတဆင့်လည်း ဝင်တာလည်း ဖြစ်နိုင်တယ်။ ရေယုန်ဖြစ်နေတဲ့သူရဲ့အနာ သို့မဟုတ် အနာမဟုတ်တဲ့နေရာနဲ့တိုက်ရိုက်ထိတွေ့ရာကလည်း ကူးနိုင်ပါတယ်။ ရေယုန်ဖြစ်တဲ့သူမှာ အရည်ကြည်ဖုက ပေါက်တဲ့အခါကျ ထွက်လာတဲ့ အရည်စွန်းပေတဲ့ အရာတစ်ခုခုနဲ့ မိမိအရေပြားနဲ့ ထိမိရာက တဆင့်လည်းပိုးဝင်နိုင်ပါတယ်။
ရေယုံနာ ဖြစ်စေတဲ့ပိုးဟာ Herpes Simplex Virus (HSV) ဖြစ်ပြီး အကြမ်းအားဖြင့် HSV1 နဲ့ HSV2 ဆိုပြီး အမျိုးအစား (၂) မျိုး ရှိပါတယ်။ အများအားဖြင့် HSV1 က နှုတ်ခမ်းနားတစ်ဝိုက်မှာ ဖြစ်တဲ့ရေယုန်နာကို ဖြစ်စေပြီး HSV2 ကတော့ လိင်အင်္ဂါရေယုန်နာကို ဖြစ်စေပါတယ်။ သို့သော် ပုံသေမှတ်လို့ မရပါဘူး။
HSV 1 ကလည်း လိင်အင်္ဂါရေယုန် ကိုဖြစ်စေနိုင်သလို HSV2 ကလည်း နှုတ်ခမ်းနား တဝိုက်မှာြ ဖစ်တဲ့ ရေယုန်နာ ဖြစ်စေနိုင်တာမျိုးလည်း ရှိပါတယ်။
ပိုးဝင်ပြီး တစ်ရက်နှစ်ရက် အရေပြားတစ်နေရာရာမှာ နာနေတတ်တယ်။ နောက်ပိုင်းမှာ အရည်ကြည်ဖုတွေ အစုလိုက် စဖြစ်လာတတ်တယ်။ အရည်ကြည်ဖုလေးတွေက ခပ်တင်းတင်းလေးတွေပါ။ စပ်ဖျင်းဖျင်းလည်း ခံစားရတတ်တယ်။ သူတို့ရဲ့ ဘေးပတ်လည်နေရာတွေဟာလည်း နီရဲနေတတ်တယ်။ ကိုယ်ပူတာ၊ နေထိုင်မကောင်းတာ၊ ချောင်းဆိုးတာတွေပါ ခံစားရတတ်တယ်။
နှုတ်ခမ်းတို့ ရင်ဘတ်တို့မှာဖြစ်တဲ့ ရေယုန်နာက အကြမ်းအားဖြင့် ဆေးမလိုပါဘူး။ တစ်ပတ်ကြာရင်သူ့ဘာသာသူ ပြန်ပျောက်တတ်ပါတယ်။သို့သော်အရမ်းပွားလာတာ၊ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်တာတွေ ရှိရင်တော့ ဆေးခန်းပြသင့်ပါတယ်။
ရေယုန်နာဟာ ပျောက်သွားတယ်ဆိုပေမယ့် နောက်ထပ် ထပ်ခါထပ်ခါ ပြန်ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရေယုန်နာပျောက်သွားပေမယ့်လည်း Herpes ဗိုင်းရပ်စ်ဟာ Nerve cells (Ganglia) လို့ခေါ်တဲ့ အာရုံကြောထဲမှာ ကျန်နေနိုင်တယ်။ အရေပြားနဲ့ အရေပြားနုလွှာထဲမှာလည်း ကျန်နေနိုင်တယ်။ ဒီကျန်နေတဲ့ ရောဂါပိုးတွေဟာ အခြေအနေတစ်ခုခုမှာ ပြန်ပွားလာပြီး ရေယုန်နာပြန်ဖြစ်ခြင်းကို ရေယုန်ပြန်ကြွခြင်း (Recurrence) လို့ ခေါ်ပါတယ်။
ရေယုန်ပြန်ဖြစ်စေနိုင်တဲ့ အခြေအနေတွေကတော့ အိပ်ရေးမဝခြင်း ခန္ဓာကိုယ်ပင်ပန်းခြင်း၊ စိတ်ပင်ပန်းခြင်း၊ အာဟာရချို့တဲ့ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဖျားနာခြင်း၊ ကိုယ်ခံအားကျဆင်းခြင်း၊ ဓမ္မတာရာသီပေါ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ရေယုန်အနာဟာ အများအားဖြင့် နှုတ်ခမ်းနားတစ်ဝိုက်မှာ အရည်ကြည်ဖုလေး စုနေတဲ့ပုံစံနဲ့ ပေါက်တတ်ပါတယ်။ သို့သော် မျက်လုံး၊ ပါးစပ်၊ ရင်ဘတ်၊ ခါး၊ လိင်အင်္ဂါ စတဲ့ တခြားနေရာတွေမှာလည်းပေါက်နိုင်ပါတယ်။ ပွားလည်း ပွားလွယ်တယ်။ တစ်နေရာကနေ တစ်နေရာကိုလည်း ကူးနိုင်တယ်။ဥပမာ နှုတ်ခမ်း သို့မဟုတ် ရင်ဘတ်မှာပေါက်နေတဲ့ရေယုံကို လက်နဲ့ထိတွေ့ပြီး ထိုလက်နဲ့ မျက်စိကိုပွတ်ရင် မျက်စိမှာပါ ရေယုန်ဖြစ်နိုင်ပါတယ်။
ရေယုန်နာက မျက်စိကိုကူးသွားရင် သို့မဟုတ် မျက်စိမှာဖြစ်ရင် မျက်စိနာမယ်။ Herpes simplex keratitis လို့ခေါ်ပါတယ်။ မျက်ကြည်လွှာကိုထိခိုက်ပြီး အမြင်အာရုံဝေဝါးမယ်။ အလင်းရောင်ကို မကြည့်နိုင်ဘူး။ ဆေးမကုဘဲထားရင် တိမ်ဖြစ်ပြီး မျက်ကြည်လွှာလဲရတာထိ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ရေယုန်နာဖြစ်ရင် အရည်ကြည်ဖုတွေကို သန့်သန့်ရှင်းရှင်းထားပေးပါ။ အညှော်ရှောင်ပါ။လက်နဲ့သွားပြီး မကိုင်ပါစေနဲ့။ ကိုယ်ခံအား ကောင်းစေတာတွေ စားပေးပါ။ ကောင်းကောင်း အနားယူပါ။ အိပ်ရေးဝအောင် အိပ်ပါ။ အရည်များများ သောက်ပါ။ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ပါ။ စိတ်မဖိစီးစေပါနဲ့။ ဗီတာမင်စီ သောက်ပေးပါ။ ရေယုန်ပေါက်ရင် ရေချိုးလို့လည်း ရပါတယ်။ အရည်ကြည်ဖုတွေကို Acyclovir Cream လိမ်းပေးနိုင်ပါတယ်။
လူထူထပ်တဲ့ နေရာတွေကို မသွားပါစေနဲ့။ ရေယုန်ဖြစ်နေသူနဲ့ နှုတ်ခမ်းချင်းနမ်းတာ၊ လိင်ဆက်ဆံတာရှောင်ပါ။ ကူးနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ ရေယုန်နာဟာ တစ်ခါဖြစ်ပြီးလည်း ပြန်ဖြစ်နိုင်တဲ့အတွက် အစာအာဟာရမျှတအောင်စားပါ။ စိတ်ဖိစီးမှု နည်းအောင်နေပါ။ ကျန်းမာရေး လိုက်စားပါ။ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ပါလို့ ထပ်ပြီးမှာချင်ပါတယ်။
Author : Dr. 528