အရင်တုန်းက ဇီဝကတို့ နိုင်ငံမှာ ဆီးချို သွေးချိုသည် လူတန်းစား တစ်ရပ်မှာသာ ဖြစ်တဲ့ရောဂါ လို့ မှတ်ယူကြပါတယ်။ အခုတော့ အသက်အရွယ်မရွေး ၊ လူမျိုးဘာသာမရွေး ၊ ဆင်းရဲချမ်းသာမရွေး ၊ကျား မ မရွေး ဖြစ်နေကြပါတယ်။ ဒါကြောင့် သွေးချိုဆီးချိုကျဆေးမှာ အသုံးများတဲ့ မက်ဖော်မင် Metformin ဆေးအကြောင်းတစေ့တစောင်း အများပြည်သူ ကျန်းမာရေးသုတ တိုးအောင် ဆောင်းပါး ရေးသား လိုက်ပါတယ်။
မက်ဖော်မင်ဆိုတာ ဘာဆေးလဲ
-မက်ဖော်မင်သည် သွေးချို ဆီးချို ထိန်းဆေးတစ်မျိုးဖြစ်ပါတယ်။ ဘယ်လိုထိန်းပေးလဲဆိုရင်ခန္ဓာကိုယ်ထဲမှာ သွေးချိုထုတ်လုပ်မှု လျော့နည်းစေတယ် ၊ ပိုလျှံနေတဲ့ သွေးတွင်း အချိုဓာတ်တွေကို တစ်သျှုးတွေ ယူသုံးနိုင်အောင် ကူညီပေးတယ်။ အထက်ပါနည်းတွေနဲ့ သွေးတွင်းအချိုဓာတ်တွေကို ချပေးတယ်။
မက်ဖော်မင်ဆေးကို ဘယ်ရောဂါတွေမှာ အသုံးများသလဲ
-အားလုံးသိပြီးသားပါ သွေးချို ဆီးချိုရောဂါသည်တွေမှာ သုံးပါတယ်။ အဓိကကတော့ အမျိုးအစား ၂ သွေးချိုရောဂါသည်တွေပါ။ အထူးသဖြင့် ဝတဲ့သူတွေမှာ အသုံးများတယ်။
-ဒါ့အပြင် အင်ဆူလင်ကို တစ်သျှုးတွေက မတုန့်ပြန်တဲ့အခြေအနေနဲ့ တွဲတဲ့ PCOS Polycystic ovarian syndrome သားဥအိမ်မှာ ရေအိတ်တည်တဲ့ ရောဂါမှာလည်း သုံးပါသေးတယ်။
သတိထားရန်များ
-မက်ဖော်မင်သည် ကျောက်ကပ် မပျက်စီးစေပါ။
-ဒါပေမယ့် ဆီးချိုကြောင့်ပဲ ဖြစ်ဖြစ် ၊တခြား အကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ် ကျောက်ကပ်ပျက်နေရင် မက်ဖော်မင်ကို မသုံးကြပါ။
-ကျောက်ကပ်ပျက်နေသူတွင် မက်ဖော်မင်ကို ဆက်လက်သုံးစွဲက သွေးထဲတွင် လက်တစ်အက်ဆစ်များ များလာကာ အသက်ရှူမြန်ခြင်း ၊သတိလစ်ခြင်းများ ရတတ်တယ်။
-ဒါကြောင့် သွေးချိုဆီးချိုသမားများအနေနဲ့ မက်ဖော်မင်ကို မိမိသဘောနဲ့ နှစ်ရှည်လများ မသောက်သင့်။ ၆လ တစ်ခါဖြစ်စေ ၊ ၁နှစ် တစ်ခါဖြစ်စေ ကျောက်ကပ်ကောင်း ၊ မကောင်း စစ်ဖို့ လိုတယ်။
သွေးချိုဆီးချိုရောဂါသည် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ မက်ဖော်မင်သောက်လို့ ရလား
– သွေးချိုဆီးချိုရောဂါသည် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ မက်ဖော်မင် သောက်လို့ရပါတယ်။
မက်ဖော်မင် ဘေးထွက် အာနိသင်များ
-ပျို့ခြင်း အန်ခြင်း အဖြစ်များ
-ဝမ်းပျက် ဝမ်းလျောတတ် ၊ ဒါပေမယ့် ခဏတာပါ။
-ဗိုက်အောင့်တတ်
-အသည်းရောင်တတ်
-သွေးတွင်း လက်တစ် အက်ဆစ် ဓာတ် တတ်တက်
-အခန့်မသင့်ရင် အသားယားတတ် ၊နီမြန်းတတ်
Author : ခေတ်သစ် ဇီဝက