မုတ်ချိုအိတ်ကင်ဆာဆိုတာကို အရင်က လူသိနည်းလှပါတယ်။ နိုင်ငံကျော် အဆိုတော် တစ်ဦး ဒီရောဂါနဲ့ သေသွားတဲ့အခါမှ မုတ်ချိုအိတ်ကင်ဆာ ဆိုတာကို လူတွေ စသတိထားမိတာပါ။ ဒီလိုတွေ သတိထားမိစေဖို့ နိုဝင်ဘာလရဲ့ နေ့တစ်နေ့မှာ မုတ်ချိုအိတ်ကင်ဆာနေ့ ရယ်ဆိုပြီး သတ်မှတ်ပေးခဲ့ပါတယ်။
မုတ်ချိုအိတ်ကင်ဆာ ဘာကြောင့်ဖြစ်ရတယ် မသိပေမယ့် ဆေးလိပ်သောက်သုံးခြင်း ၊ အဝလွန်ခြင်း ၊ ကိုယ်အလေးချိန်များခြင်း စတာတွေနဲ့ ဆက်စပ်လျှက် ရှိပါတယ်။ မုတ်ချိုအိတ်ကင်ဆာဖြစ်ပွားမှု့ရဲ့ ၂၀ ကနေ ၃၀% လောက်ဟာ ဆေးလိပ်နှင့် ဆေးတံ သောက်သုံးမှု့၊ ကွမ်းစားမှု့တွေကြောင့် ဖြစ်ရတာပါ။ ဆေးလိပ်သောက်တတ် သူတွေဟာ မသောက်သူတွေထက် မုတ်ချိုအိတ်ကင်ဆာ ဖြစ်ပွားဖို့ ရာခိုင်နှုန်း ၂ ဆလောက် မြင့်မားပါတယ်။ ကိုယ်အလေးချိန်များခြင်း ၊ အဝလွန်ခြင်းတွေဟာလည်း မုတ်ချိုအိတ်ကင်ဆာကို ဖြစ်ပွားမှု့ကို များစေတဲ့ အချက်တွေပါပဲ။
မုတ်ချိုအိတ်ကင်ဆာဟာ အသက် ၄၀ အောက်ဆို မဖြစ်သလောက် ရှားပါတယ်။ အမျိုးသားများတွင် အဖြစ်များပြီး မိဘမျိုးရိုးရှိရင်လည်း ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါသည်တွေနဲ့ နာတာရှည် မုတ်ချိုအိတ်ရောင်ရမ်းနေတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အစာအိမ်ရောင် H pylori ပိုးရှိတဲ့သူ ၊ အသည်းခြောက်အသည်းကြွတ်တဲ့ သူတွေမှာလည်း ပိုဖြစ်နိုင်ပါတယ်။
နေထိုင်မှု့ ပုံစံအနေနှင့် အသင့်စား အသားတွေ အစားများသူ ( ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် အစရှိသဖြင့်) ၊ ဟင်းသီးဟင်းရွက် အစားနည်းသူနဲ့ ကိုယ်လက်လှုပ်ရှားမှု့ နည်းတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။ ကော်ဖီသောက်တာများတဲ့သူတွေမှာ ပိုဖြစ်တယ်ဆိုပေမယ့် ဒီအဆိုကိုတော့ သုတေသနပြု အတည်ပြု ကြော်ငြာတာမျိုးတော့ မရှိသေးပါဘူး။ အရက်သောက်သုံးတဲ့တွေမှာ နာတာရှည် မုတ်ချိုအိတ်ရောင်ရမ်းတာ ဖြစ်နိုင်ပြီး ထိုမှတဆင့် မုတ်ချိုအိတ်ကင်ဆာကို ပြောင်းသွားနိုင်ချေ ရှိပါတယ်။
မုတ်ချိုအိတ်ကင်ဆာဟာ များသောအားဖြင့် လက္ခဏာ မပြတတ်တဲ့အတွက် ရောဂါ လွန်မှ သိရတာများပါတယ်။ တချို့တွေမှာတော့ ဝမ်းဗိုက်အပေါ်ပိုင်းက နာပြီး အဲဒီအနာက ခါးကို ပျံ့သွားတာမျိုး ၊ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းသွားတာမျိုးတွေ ခံစားရတတ်ပါတယ်။ ဒါတင်မကဘဲ အသားတွေ ဝါလာတာ၊ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်တတ်ပါတယ်။ ဖျားပြီး ချမ်းတုန်တာတွေ ၊ ပျို့ချင် အန်ချင်သလို ဖြစ်တာတွေ ၊ အစာမကြေတာတွေလည်း ခံစားရနိုင်ပါတယ်။ အဖြစ်နည်းပေမယ့် ဘေးနားမှာ ရှိတဲ့ အူသိမ်ကို ပျံ့သွားရင် သွေးအန်တာတွေ သွေးဝမ်းသွားတာတွေလည်း ရှိနိုင်ပါတယ်။
ကင်ဆာကျိတ်ဟာ သည်းခြေပြွန်ကို သွားဖိတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ်၊ အသည်းကို ပျံ့သွားတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် အသားတွေဝါတာ ၊ ဆီးတွေ အရောင်ရင့်တာ ၊ ဝမ်းအရောင်ကျ ဖျော့သွားတာတွေ ဖြစ်တတ်ပါတယ်။ အသားယားတာမျိုးတွေလည်း ရှိနိုင်ပါတယ်။
ဒါ့အပြင် သွေးပြန်ကြောအတွင်းမှာ သွေးခဲပိတ်ဆို့တဲ့ပုံမျိုးနဲ့လည်း ရောဂါ လက္ခဏာ ပြတတ်ပါသေးတယ်။ ကင်ဆာကိုယ်တိုင်ကကော ၊ ကင်ဆာကို ကုတဲ့ဆေးတွေ ခွဲစိတ်ကုသမှု့တွေကြောင့်ရော သွေးပြန်ကြောအတွင်း သွေးခဲတာတွေ ဖြစ်နိုင်ချေ များပါတယ်။ ခြေထောက်မှာ ရှိတဲ့ သွေးပြန်ကြောတွေမှာ သွေးခဲရင် ခြေသလုံးက ရောင်ရမ်း နီရဲပြီး အရမ်းနာကျင်တာမျိုးတွေ ရှိတတ်တယ်။ အဆုတ်ထဲက သွေးပြန်ကြောမှာ သွေးခဲပိတ်ရင်တော့ ရုတ်တရက် မောတာ၊ ရင်ဘတ် အရမ်းအောင့်တာ၊ ချောင်းခြောက်ဆိုးရင်း သွေးတွေ ပါလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါတရံ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တတ်ပါတယ်။
တချို့တွေမှာတော့ ဆီးချိုရောဂါ လက္ခဏာတွေ ရုတ်တရက် ပေါ်လာတာမျိုးလည်း ရှိတယ်။ မုတ်ချိုအိတ်ကင်ဆာဟာ ပျံ့နှံတဲ့ အခါမှာ အသည်းကို ပျံ့တာ များတယ်။ အသည်းကို ပျံ့တဲ့အခါမှာ အသည်းကင်ဆာ လက္ခဏာပုံမျိုးနဲ့လည်း ခံစားနိုင်ရသေးတယ်။ ပြီးတော့ ကိုယ်တွင်းဟော်မုန်းတွေကို ထုတ်နိုင်တဲ့ ကင်ဆာ အမျိုးအစားဆို ထုတ်တဲ့ ဟော်မုန်းတွေပေါ် လိုက်ပြီး လက္ခဏာတွေ ကွဲပြားတတ်တယ်။
ရောဂါ လက္ခဏာတွေဟာ များပြားလွန်းတဲ့အတွက် ဒီမုတ်ချိုအိတ်ကင်ဆာမှန်းသိအောင် စစ်ဆေးကြည့်ဖို့လိုတယ်။ အာထွာဆောင်းရိုက်တာ ၊ ကွန်ပျူတာဓာတ်မှန်ရိုက်တာတွေ လုပ်လို့ရတယ်။ ပါးစပ်က အစာပြွန်ကို မျိုပြီး မုတ်ချိုအိတ်အတွင်းကို ကြည့်တာ အသားစယူတာတွေလည်း လုပ်လို့ရတယ်။
ကုသပုံတွေကတော့ ကင်ဆာရဲ့ အဆင့်၊ အမျိုးအစား ၊ ဖြစ်တဲ့နေရာ ပေါ်မူတည်ပြီး ကွဲပြားတယ်။ ဖြစ်နိုင်ရင်တော့ ခွဲထုတ်တာကောင်းပေမယ့် လူနာရဲ့ ရောဂါ အခံရှိမရှိ ၊ ခံနိုင်ရည် စတဲ့ အချက်တွေ အများကြီးကို ထည့်သွင်းစဉ်းစားရတယ်။ ကင်ဆာဆေးသွင်းတာ ၊ ဓာတ်ကင်ဆာ စတာတွေလည်း လုပ်လို့ရတယ်။
ဒီရောဂါကို ကာကွယ်ဖို့အတွက် ဆေးရယ် သီးသန့် မရှိပေမယ့် ဆေးလိပ်မသောက်ဘူး၊ ကိုယ်အလေးချိန်ထိန်းမယ်၊ အရက်ကို လျော့သောက်မယ်ဆိုရင်တော့ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်တွေကနေ အနည်းအကျဉ်း လျော့ချပေးနိုင်မှာပါ။ အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ ဆုတောင်းရင်း…….
Author : ရွက်သစ်