ကြော်ငြာ အားကိုးနှင့်
“ညာဖက်ရင်ခေါင်းက အောင့်သလိုလို ဖြစ်ဖြစ်နေတယ်” ကျော်စွာတစ်ယောက် သူငယ်ချင်းဖြစ်သူအား ငြီးမိသည်။
“ဆေးခန်းသွားပြသင့်တယ်ထင်တယ်. ခဏခဏ ဖြစ်နေတာ မပေါ့သင့်ဘူး”
ချမ်းငြိမ်းမှ အကြံဉာဏ်ပေးသည်။
“အစားလည်း အခုတလော သိပ်မစားချင်ဘူး ကွာ”
“မင်းက အရက်တွေ သိပ်သောက်တာကိုး။ ညာဖက်ဆိုတာ အသည်း လည်း ဖြစ်နိုင်တာပဲ။ မင်း သောက်တာ များလို့ အသည်းနေရာက အောင့်တာနေမှာပေါ့” ချမ်းငြိမ်းမှ ကရုဏာနှင့် ပြောသည်။
“ငါက အရက်သောက်ပေမဲ့ အသည်း အားဆေးတွေ လည်း သောက်တာပဲလေ။ မဦးမချွတ်နဲ့။” ကျော်စွာတစ်ယောက် ချမ်းငြိမ်းကို ပြန်ပြောလိုက်သည်။ ချမ်းငြိမ်းမှ ” မင်းသောက်တာကိုလည်း ကြည့်ဦးလေ။ တစ်ခါ တစ်လေ အလုပ်ကိစ္စဆိုပြီးသောက်နေတာ နေ့တိုင်းနီးပါးဖြစ်နေပြီ။ ဒီနှစ်ပိုင်း မင်း အလုပ်များတာကို အကြောင်းပြပြီး နေ့တိုင်းနီးပါး သောက်ဖြစ်နေတယ်။ ဘာပဲ ဖြစ်ဖြစ်ကွာ။ မပေါ့နဲ့။မင်း ဆရာဝန်တော့ သွားပြကြည့်လိုက်” ချမ်းငြိမ်းကား ဆေးခန်းသွားပြရန်တိုက်တွန်းသည်။
“အေးပါကွာ ”
ဆေးခန်းသွားပြမည် ပြမည်နှင့် အလုပ်မအားသည်နှင့် သွားမပြဖြစ်။ အခုတလော ပိုအောင့်လာသည်နှင့် ညနေဖက် ရုံးဆင်းချိန်တွင် ဆေးခန်းသို့ သွားပြလိုက်သည်။ ဆရာဝန်မှ စမ်းသပ်ပြီး USG ရိုက်ခိုင်းလိုက်သည်။ USG စာရွက်လေး ကိုင်ကာ ဆရာဝန်အား နောက်တစ်ကြိမ်ထပ်တွေ့သည်။
ဆေးစာရွက်များကို ကြည့်ပြီး ဆရာဝန်မလေးမှ
“အသက် က ၃၂ နှစ်နော်”
“ဟုတ်ကဲ့ပါ”
“အရက်သောက်တာ ကြာပြီလား”
“ကျွန်တော် ၂၀ ကျော်လောက်က စသောက်ဖြစ်တာပါ” နည်းနည်းလျော့ပြောလိုက်သည်။ အမှန် က အသက် ၂၀ မတိုင်ခင်ကတည်းက အရက်ကသောက်တတ်နေပြီ။
“နေ့တိုင်း သောက်ဖြစ်လား”
“ဟုတ်ကဲ့ အရင်တုန်းကတော့ တစ်ခါတစ်လေမှ သောက်တာပါ။ အခုတလော အလုပ်ကိစ္စတွေကြောင့် ရက် ဆက် သောက်သလိုဖြစ်နေတာ။ နေ့တိုင်းတော့ ကျွန်တော် မသောက်ပါဘူး။ အလုပ်ကိစ္စ သူငယ်ချင်းတွေနဲ့တွေ့တဲ့ အချိန်တွေပဲသောက်တာပါ”
လျော့လျော့ပေါ့ပေါ့ ဖြစ်အောင် နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။
“အခုတော့ ကို ကျော်စွာတစ်ယောက် အရက်ဖြတ်ရတော့မယ်။ ကိုကျော်စွာရဲ့ အသည်းက ပုံမှန်မဟုတ်တော့ဘူး။ အသည်း စခြောက်နေပါပြီ။ ဆိုးဆိုးရွားရွားကြီး မဟုတ်ပေမဲ့ ဒီလိုပဲ အရက်တွေ အမြဲ ဆက်သောက်နေမယ်ဆိုရင်တော့ အသည်း ပျက်စီးနှုန်းပိုမြန်နိုင်ပါတယ်။ ဒါကြောင့် အရက်ကို လုံးဝဖြတ်လိုက်ပါ။ ” ဆရာဝန်မလေး၏ စကားကား ကျွန်တော့်နားထဲသို့ သံရည်ပူများ အတိုင်းစီးဝင်လာသည်။ အရက်အလွန်ကြိုက်သော ကျွန်တော့်ကို အရက်ဖျက်လိုက်ပါဟု ပြောနေပြီ။”
“ကျွန်တော် အသည်း အားဆေးတွေကိုလည်း ငယ်ငယ်ကတည်းက ပုံမှန်သောက်နေတာပဲလေ။” အရက်သောက်နေတဲ့ အတွက် အသည်းကို ကာကွယ်တဲ့ ဆေးတွေကို သောက်ခဲ့တာပဲ။ ဒီဆေးတွေက ကျွန်တော့် အသည်းကို မကာကွယ်နိုင်ခဲ့ဘူးလား။”
ကိုကျော်စွာတစ်ယောက် ဆရာဝန်မလေးအား စောတက တက်ခဲ့သည်။
“အခု ကြော်ငြာနေတဲ့ ဆေးတွေက အသည်းကို လုံးဝကြီး မကာကွယ်နိုင်ပါဘူး။ ဒီလိုမျိုး အသည်း အားကောင်းဆေးတွေ သောက်နေလို့ အသည်းကို ကာကွယ်ပြီးသားဖြစ်တယ်။ အရက်သေစာ သောက်စားလို့ရတယ်လို့ ယူဆ နေကြတယ်။ ဟုတ်လား” ဆရာဝန်မလေးကား ကိုကျော်စွာ ကို မေးခွန်းပြန်မေးလိုက်သည်။
” ဟုတ်ကဲ့ပါ ဆရာမ ” ကျော်စွာတစ်ယောက် အမှန်အတိုင်း ထောက်ခံလိုက်သည်။ ကိုယ်တွေ ထင်ထားသည်က ဒီလိုမျိုး အသည်းအားဆေးတွေ သောက်နေလျှင် အသည်းကို ကာကွယ်ပြီးသားဖြစ်သည်ဟု ထင်နေသည်။
“လူငယ်တွေဟာ အသည်း အားဆေး သောက်လို့ရတယ်ဆိုပြီး အရက်သေစာတွေကို အလွယ်တကူ အမြဲ သောက်နေတာဟာ ရင်လေး စရာပဲ။ ” ဆရာဝန်မလေးမှ နဖူးမှ ချွေးကို သုတ်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
“ကျွန်တော် အမြဲလည်း မသောက်ပါဘူး။ တချို့ ကျွန်တော့ သူငယ်ချင်းတွေတောင် ဘာမှ မဖြစ်ကြသေးဘူး။ ”
“လူတစ်ယောက်နဲ့တစ်ယောက် မတူလို့ပါ။ ”
“အသည်းခြောက်တာကို ပြန်ကောင်းအောင်ကုလို့ရလားဆရာမ” အနာရှိလျှင် ဆေးရှိသည်။ ဒီလိုမျိုး ထိုင်ကာ စိတ်ညစ်နေတတ်သည့် လူစားမျိုးလည်း မဟုတ်ပါ။
“အသည်းခြောက်တာက အခုမှ အစပါ။ အသည်း က ခြောက်ပြီး ရင် အကောင်း ပြန်မဖြစ်တော့ပါဘူး။ ဒီထက် ပိုဆိုးမသွားအောင် ပဲ ဂရုစိုက်ရပါမယ်။ ဒါကြောင့် ဒီနေ့က စပြီး အသည်း ထိခိုက်စေတဲ့ အစားအစာတွေ မစားမသောက်ပဲနေပါမယ်။ အရေး အကြီးဆုံးကတော့ အရက်လုံး၀ မသောက်ပါနဲ့။ အသည်းကို ထိခိုက်စေမဲ့ အကိုက်အခဲပျောက်ဆေးတွေလည်း ကိုယ့်သဘောနဲ့ကိုယ်မသောက်ပါနဲ့။ ”
“တစ်ခါတစ်လေရော ဆရာမ” ကျော်စွာ တစ်ယောက်ဈေးဆစ်ကြည့်သည်။ သို့သော် မရပါ။
“တစ်ခါတစ်လေ လည်း သောက်လို့မရပါဘူး။သောက်ခဲ့ရင် အသည်းကို ပိုထိခိုက်ပါမယ်။”
” ဟုတ်ကဲ့ပါဆရာမ”
“ကျွန်မ အသည်း အထူးကုဆရာဝန်တစ်ယောက်ဆီ လွဲစာရေးပေးလိုက်ပါမယ်။ အသည်း ဆရာဝန်နဲ့ ဆက်ပြလိုက်ပါနော်”
“ဟုတ်ကဲ့ပါဆရာမ။ ကျေးဇူးတင်ပါတယ်။ ”
ကျော်စွာ တစ်ယောက် ညဖက်လာနေကျ ကြော်ငြာလေးကို မြင်ယောင်ရင်း အိမ်အပြန် ခြေလှမ်းများကား နှေးကွေးလျှက်.
Author : Dr. အေးချမ်းမိုး