သည်းခြေကျောက်အကြောင်း သိကောင်းစရာ အပိုင်း(၂)
အရင် အပိုင်း(၁) မှာတုန်းက သည်းခြေကျောက်ဆိုတာ ဘာလဲ၊ ဘယ်ကနေ စဖြစ်တာလဲ၊ ကျောက်အမျိုးအစားနဲ့ ဖြစ်နိုင်တဲ့အကြောင်းတွေကို ရေးခဲ့ပါတယ်။
အခုအပိုင်း(၂) မှာတော့ သည်းခြေကျောက်ရှိမှန်း ဘယ်လိုစစ်ဆေးနိုင်လဲ။ သည်းခြေကျောက်ရှိရင်ဘယ်လိုဝေဒနာတွေ လက္ခဏာတွေဖြစ်နိုင်လဲ နဲ့ ကုသနည်းတွေ ကာကွယ်နည်းတွေကို တင်ပြပါပေးပါမယ်။
အများအားဖြင့် သည်းခြေအိတ်ထဲမှာ ကျောက်တည်ရင် လက္ခဏာ မပြတတ်တာ များပါတယ်။ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုလုပ်ရင်းနဲ့ သို့မဟုတ် အကြောင်းတခုခုကြောင့် အာထရာဆောင်း ရိုက်ရင်းနဲ့ ကျောက်တည်မှန်း သိကြတာ များပါတယ်။
လက္ခဏာမပြတတ်သလို ကုစရာလည်း မလိုတတ်ပါဘူး။ သည်းခြေပြွန် (Common bile duct) ရဲ့အကျယ်က ၆မီလီမီတာ ရှိတဲ့အတွက် ၆မီလီမီတာ အရွယ်အစားထက် သေးတဲ့ကျောက်တွေဟာ သူ့ဘာသာ အူထဲကနေပြီး မစင်စွန့်ရာမှ ကိုယ်ခန္ဓာအပြင်ကို ထွက်သွားနိုင်လို့ပါ။
သို့သော် သည်းခြေကျောက်က အရွယ်အစားတအားကြီးပြီး သည်းခြေပြွန်အထွက်နား(သည်းခြေအိတ်ရဲ့လည်ပင်းနား) မှာ သွားပိတ်ရင်တော့ သည်းခြေရည် စီးဆင်းမှုမရှိတော့ဘဲ သည်းခြေအိတ် ရောင်ရမ်းလာကာ လူကို ဒုက္ခပေးလာနိုင်တဲ့အတွက် ကုဖို့လိုပါပြီ။
အဲ့လိုအခါမှာ အစာမကြေတာ၊ ချွေးဒီးဒီးကျအောင် ဗိုက်ညာဖက်ခြမ်းမှာ ဆက်တိုက် နာကျင်တာ (အထူးသဖြင့် အဆီများတဲ့ အစားစာတွေ စားပြီးတဲ့အခါမှာပါ) ဖျားတာ စတဲ့ ဝေဒနာတွေကို ခံစားရနိုင်တယ်။ ဒါ့အပြင် အသားဝါ၊ မျက်လုံးဝါ၊ ဝမ်းရောင်ဖျော့သွားတာ တွေပါ ဖြစ်နိုင်တယ်။
ကုသမှု မခံယူပါဘဲ နေပါက နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အသည်း(liver)မှာ ပိုးဝင်တာ၊ အနီးအနားမှာရှိတဲ့ မုန့်ချိုအိတ်(pancreas) ရောင်ရမ်းတာတွေပါ ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တာ၊ ဗိုက်မခံမရပ်နိုင်အောင် တအားနာတာတွေဖြစ်တာ စတဲ့ အရေးပေါ်အခြေအနေတွေ ဖြစ်လာရင်တော့ ခွဲစိတ်ကုသမှု လုပ်ရနိုင်ပါတယ်။ အဲ့အခါမှာ သည်းခြေအိတ်ပါ ဖြတ်ထုတ်လိုက်ရတာမျိုးလည်း ရှိနိုင်တယ်။ သည်းခြေအိတ်ဖြတ်ထုတ်လိုက်ရင် အဆီစားများတဲ့အခါ အစာမကြေတာ၊ ဝမ်းပျက်တာ စတဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေတော့ ခံစားရနိုင်တယ်။
သည်းခြေကျောက်တည်တိုင်း ခွဲစိတ်ကုစရာမလိုပါဘူး။ အရွယ်အစား ၂ စင်တီမီတာထက် နည်းတဲ့ သည်းခြေကျောက်တွေအတွက် ESWL(Extracorporeal Shock Wave Lithotripsy) လို့ခေါ်တဲ့ ခန္ဓာကိုယ်အပြင်ကနေ အသံလှိုင်းသုံးပြီး ကျောက်ချေတဲ့နည်းကို သုံးနိုင်ပါတယ်။
သည်းခြေကျောက်မှာသာမက ဆီးလမ်းကြောင်းမှာတည်တဲ့ ကျောက်အချို့မှာလည်း ဒီနည်းသုံးနိုင်ပါတယ်။ တခြားနည်းက သောက်ဆေးနဲ့ကုတာပါ။ Urodeoxycholic acid ပါတဲ့ဆေးတွေ ပေးလေ့ရှိပါတယ်။ သို့သော် သောက်ဆေးနဲ့ ကျောက်ကိုချေဖျက်တာက ရေရှည်စွဲသောက်ဖို့ လိုတဲ့အပြင် အောင်မြင်မှု ရာခိုင်နှုန်းလည်း နည်းပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ် ဆိုတဲ့ လက်စွဲဆောင်ပုဒ်အတိုင်း သည်းခြေကျောက် ဖြစ်ပွားမှုနည်းအောင် ဆောင်ရန်ရှောင်ရန်တွေကို တင်ပြလိုပါတယ်။
ကိုယ်အလေးချိန်မတက်အောင် ရှောင်ပါ။ အကယ်၍ ကိုယ်အလေးချိန်က တက်နေပါက ကိုယ်အလေးချိန်ကို အချိန်တိုအတွင်းမှာ ကျအောင် တရားလွန်လျှော့တာမျိုးကို ရှောင်ပါ။ ဟော်မုန်းဆေးများကို ဆရာဝန်နဲ့မပြသဘဲ ဆရာဝန်ညွန်ကြားမှုမရှိဘဲ ရေရှည်သောက်တာကို ရှောင်ပါ။ အဆီအဆိမ့်အငန် ရှောင်ပါ။ ရေများများသောက်ပါ။ ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ။ ဟင်းသီးဟင်းရွက် များများစားပါ။ ဗီတာမင်စီ သောက်ပါ။
Author : Dr. 528