ဦးထုပ်ဆောင်းတာနဲ့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်တာနဲ့ ဆက်စပ်မှုရှိလား။
ဦးထုပ်ကြာကြာဆောင်းခြင်းက ထိပ်ပြောင်စေတယ်လို့ အမျိုးသားအတော်များများက ယုံကြည်နေကြပါတယ်။ ဦးထုပ်က ဦးရေပြားလေဝင်လေထွက် လေစီးဆင်းမှုကို အဟန့်အတားဖြစ်စေတယ်။ အောက်စီဂျင်ရရှိမှုကို လျော့နည်းစေကာ ဆံပင်ကျွတ်ခြင်း ထိပ်ပြောင်ခြင်းကို ဖြစ်စေတယ်လို့ အမျိုးသားအများစုက ထင်မြင်ယူဆကြပါတယ်။
ဒါဟာ အမှန်တော့ တချို့ထိပ်ပြောင်တဲ့ အမျိုးသားတွေ လျှောက်ပြောရင်းကနေ ပျံ့နှံ့လာတဲ့ ယုံတမ်းစကားတခုသာ ဖြစ်ပါတယ်။ ဦးရေပြား အောက်စီဂျင်ရမှုဆိုတာက လေထုပေါ် မမှီခိုပါဘူး။ လေဝင်လေထွက်ကောင်းတာနဲ့လည်း သိပ်မဆိုင်ပါဘူး။ အောက်စီဂျင်ကို ဦးရေပြားက သူ့ဆီထောက်ပံ့ပေးတဲ့ သွေးကြောလေးတွေကနေတဆင့် ရရှိတာပါ။
နိုင်ငံတကာက ဆံသားသုတေသနပညာရှင်တွေ၊ အရေပြားအထူးကု ဆရာဝန်ကြီးတွေကတော့ သူတို့သုတေသန လုပ်ခဲ့တဲ့ရလဒ်တွေအရ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း နဲ့ ဦးထုပ်အမာ၊ ကတ်ဦးထုပ်၊ ဆိုင်ကယ်ဦးထုပ် တွေဆောင်းခြင်းနဲ့ လုံးဝမပတ်သက်ပါ လို့ ခိုင်မာစွာ ပြောကြားထားပါတယ်။
သို့သော် ဆံပင်ကို တအားတင်းတင်းကြီး ချည်ထားတာ၊ ကိုယ်ခေါင်းနဲ့ မဆန့်မပြဲ ဦးထုပ်ကျပ်ကျပ်လေးတွေ ဆောင်းတာတွေကတော့ ဦးရေပြားကိုထောက်ပံ့တဲ့ သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပြီး ဆံပင်တွေကျွတ်စေနိုင်ပါတယ်။
နောက်တချက်က မသန့်ရှင်းတဲ့ ဦးထုပ်တွေဆောင်းမိရင် ဦးရေပြားရောဂါ ကူးသက်မှုဖြစ်ပြီး ဆံပင်ကျွတ်စေတတ်ပါတယ်။
အဆုံးသတ်အနေနဲ့ပြောရရင်တော့ အမျိုးသားတွေမှာ ဖြစ်တဲ့ ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာတွေဟာ ဦးထုပ်ဆောင်းလို့ ဖြစ်တာမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။
Author : Dr. 528