ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူခြင်း အကြောင်းများ
အသက်ကြီးလာလို့ ဆံပင်ဖြူတာကတော့ လွန်ဆန်လို့မရတဲ့ လောကဓမ္မတာပါ။ သို့သော် တချို့တွေလည်း အသက်ကြီးတဲ့ထိကို ဆံပင်မဖြူတဲ့သူတွေလည်း ရှိပါတယ်။ အခုခေတ်မှာတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကို ဆံပင်ဖြူလာတဲ့သူတွေ များလာတာကို တွေ့ရှိရပါတယ်။
ဆံပင်ဖြူတယ်ဆိုတာဟာ အများအားဖြင့် အသက် ၄၀ သို့မဟုတ် ၅၀ လောက်မှာသာ စဖြူပါတယ်။ အရွယ်မတိုင်ခင်(ငယ်ငယ်ရွယ်ရွယ်)နဲ့ ဆံပင်ဖြူတာကို Premature gray hair လို့ခေါ်ပါတယ်။
ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကတော့များစွာရှိပါတယ်။ အဲ့ဒါတွေကတော့
၁။ မယ်လနင် (Melanin) ဆိုတဲ့ ဓါတ်ထုတ်လုပ်မှု နည်းလာခြင်း
မယ်လနင်ဆိုတာက ဆံပင်အရောင်ကိုဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ်ပါ။ ဆံပင်အရောင်မည်းနက်နေရတဲ့အကြောင်းက မယ်လနင်ကြောင့် ဖြစ်ပါတယ်။ မယ်လနင်များရင် ဆံကေသာဟာ ပိတုန်းရောင်လို မည်းနက်တောက်ပြောင်နေပြီး မယ်လနင်နည်းပါက ဆံပင်ဖြူလာတတ်ပါတယ်။
အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ ကိုယ်ခန္ဓာက မယ်လနင်ဓါတ် ထုတ်လုပ်မှုနည်းလာလို့ ဆံပင်ဖြူလာပါတယ်။ သို့သော် အသားဓါတ်နဲ့ အာဟာရ လုံလောက်စွာ မရပါကလည်း ကိုယ်ခန္ဓာက မယ်လနင်ထုတ်လုပ်မှု လျော့နည်းလာကာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတတ်ပါတယ်။ ဒါ့ကြောင့် ဆံပင်နက်ဖို့ဆိုရင် အသား ငါး ဟင်းရွက် လုံလောက်မျှတစွာ စားဖို့လိုပါတယ်။
၂။ မျိုးရိုးဗီဇ
ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူရတဲ့ အကြောင်းတွေထဲမှာ မျိုးရိုးဗီဇကလည်း အကြောင်းတခုအနေနဲ့ပါပါတယ်။ မိမိရဲ့ မိဘဘိုးဘွားတွေက အရွယ်မတိုင်မှီ ဆံပင်ဖြူခဲ့တယ်ဆိုရင် မိမိမှာလည်း အသက်မကြီးခင် ဆံပင်ဖြူနိုင်ခြေများပါတယ်။
၃။ ဓါတုဗေဒပစ္စည်း (Chemical) တွေနဲ့ ဆံပင် ထိတွေ့မှုများတာ
ဆိုလိုတာက ဆံပင်ကို ခဏခဏဆေးဆိုးတာ၊ ဖြောင့်တာ၊ ကောက်တာတွေဟာ ဆံသားရဲ့အရောင်နဲ့ အရည်အသွေးကို ထိခိုက်စေပြီး အရွယ်မတိုင်မှီ ဆံပင်ဖြူခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဓါတုဗေဒပစ္စည်းပါတဲ့ ခေါင်းလျှော်ရည် သို့မဟုတ် ဆပ်ပြာတွေနဲ့ ခေါင်းလျှော်ခြင်းတွေကလည်း ဆံပင်ဖြူစေနိုင်ပါတယ်။
၄။ စိတ်ဖိစီးမှုများခြင်း
ပူပန်ကြောင့်ကြမှုများခြင်းနဲ့ စိတ်ဖိစီးစရာ စိတ်ညစ်စရာများခြင်းတွေကလည်း အရွယ်မတိုင်မှီ ဆံပင်ဖြူခြင်းကို ဖြစ်စေတဲ့အကြောင်းတွေပါပဲ။ သုတေသနတွေအရ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဓါတ်တိုးဖြစ်စဉ်တွေဟာ ဆံပင်ရဲ့အရင်းမှာရှိတဲ့ ဆံချည်မျှင်အိတ်တွေကို ထိခိုက်စေတယ်လို့ ပြောထားပါတယ်။
၅။ ရောဂါများ
နာတာရှည်ဖျားတာ၊ သွေးအားနည်းရောဂါအခံရှိတာ၊ သိုင်းရွက်ဂလန်းနဲ့ ပစ်ကျူထရီဂလန်းရောဂါတွေဖြစ်တာ၊ ဗီတာမင် B12 ချို့တဲ့တာတွေဟာ အရွယ်မတိုင်မှီ ဆံပင်ဖြူခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် ကင်ဆာဆေးဝါး၊ ဓါတ်ရောင်ခြည်ကုထုံးတွေ ခံယူနေရတဲ့သူမှာလည်း အရွယ်မတိုင်မှီ ဆံပင်ဖြူနိုင်ပါတယ်။
Dr 528