သူဇာတစ်ယောက် အခုတစ်လော ဝလာသည်။ ယောကျ်ားသင်္ဘော တက်သွားပြီးမှ ပိုဝလာသည်ကို အမျိုးများကစောင်းတကြည့်ကြည့်နဲ့။ ကိုကို သင်္ဘောထွက်သွားတော့ သူဇာတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ ကိုကို့ကိုလည်း သတိရသည်။
“အမျိုးသား သင်္ဘောထွက်သွားမှနင်က ဘာလို့ အဲဒီလောက်ကြီးဝနေရတာလဲ မိသူဇာရယ်” သူငယ်ချင်းဖြစ်သူ အင်ကြင်းမှ သူဇာအိမ်ကို အလည်လာရင်း အပြစ်တင်သည်။
“ကို စိုးနိုင်သွားတာ ငါးလတောင်ကြာနေပြီ။ သူလည်း ပြန်လာတော့မယ်။ ပြန်လာရင် နင့်ကို မှတ်မိပါမလား”သူဘာသာ တရိပ်ရိပ်တက်လာသော ကိုယ်အလေးချိန်ကို သူဇာ ဘယ်လိုမှ မထိန်းသိမ်းနိုင်ပါ။
“ငါအရင် က ပိန်ပိန်လေးပါဟယ်။ အခုမှ ဘာလို့ ဝလာမှန်းငါမသိဘူး”
“နင် တားဆေးတွေ ဘာတွေရောသောက်နေလို့လား။ တားဆေးတွေက ဝတတ်တယ်။ ငါဆိုတားဆေးတွေကြောင့် ဝနေတာ”
“ငါ ဘာတားဆေးမှ မသုံးဘူး။ ကိုကိုနဲ့ မင်္ဂလာဆောင်ကတည်း က တားဆေးမသုံးဘူး။ ကလေးတန်းယူမယ်ဆိုပြီး တားဆေးမသုံးခဲ့တာ”
“နင် အစားတွေ အများကြီးစားနေလို့ဖြစ်မယ်။ ဒါကြောင့် ဝတာ”
“နင်က လည်း ငါ့အကြောင်းမသိတာလည်း မဟုတ်ဘူး။ နင်နဲ့ငါနဲ့ ခင်လာတာ ဟိုးငယ်ငယ်ကတည်းကပါ။ ငါ အစားတွေအများကြီး မစားတတ်တာလဲသိရဲ့သားနဲ့။” အင်းကြင်းနှင့် သူဇာတို့က ဟိုးငယ်ငယ်ကတည်းက ချစ်ခင်ကြသော သူငယ်ချင်းများဖြစ်သည်။ တစ်ယောက်အကြောင်း တစ်ယောက် အူမချီးခါးမကျန် သိသော သူငယ်ချင်းများ။
“အေးပါဟယ်။ ဒါပေမဲ့ နင်က ဝလာတာတော့ အမှန်ပဲလေ။ ကိုစိုးနိုင်ကြီးလည်း ပြန်လာတော့မယ်။ နင် ဝလာရင် ကိုစိုးနိုင်ကြီး နင့်ကို စိတ်ပျက်သွားဦးမယ်” အင်ကြင်းတစ်ယောက် သူဇာကို စလိုက်သည်။ သူဇာတစ်ယောက် မျက်စိမျက်နှာပျက်နှင့်။
“ငါလည်း ပိန်ချင်တာပါပဲဟာ။ ကိုကို သွားခါစက ဆိုရင် အစားတောင် မစားနိုင်ဘူး။ ကိုကို့ ကိုပဲ သတိရနေတာ။ ဒါလည်း ငါမပိန်ဘူး”
“နင် exercise တော့လုပ်ရတော့မယ်။ exercise လုပ်ရင် ပိန်ပါတယ်။”
“အေး ငါလည်း လုပ်မယ်လို့စဉ်းစားထားပါတယ်။”
“Gym သွားကစားပေါ့။ အိမ်မှာ တစ်ယောက်တည်း ဆိုတော့ ပျင်းနေမှာပဲလေ”
“ငါတစ်ယောက်တည်း သွားရမှာ ပျင်းလို့”
“အမယ်လေးတော် ငါကပဲ အဖော်လိုက်ပေးရဦးမှာလား။” အင်ကြင်းတစ်ယောက် သူငယ်ချင်းကို ဘုတောတောလိုက်သည်။
“အေးပေါ့ဟယ်။ ငါတစ်ယောက်တည်းဆိုရင် သွားရမှာကို ပျင်းနေတာ နင်လိုက်ခဲ့လေနော်”
“ငါမှာက နင့်လို လူလွတ်မဟုတ်ဘူး။ ကလေးနှစ်ယောက်လည်း ရှိသေးတယ်။”
“လိုက်ခဲ့ပါဟယ်။ နင်လည်း ဝနေတာဆိုတော့ တူတူ သွားကစားရင် ငါတို့နှစ်ယောက်စလုံး weight ကျမယ်လေ” သူဇာတစ်ယောက် အင်ကြင်းကို အဖော်ငြိနေလိုက်သည်။
“ငါက မနက်ပိုင်းပဲအားတာ။ မနက်စောစော သွားကစားကြတာပေါ့။ ကလေးတွေ မနိုးခင်လေး gym မှာ သွားပြီးကစားလိုက်မယ်။ ပြီးမှ ငါ့ယောကျ်ား ရုံးသွားဖို့ ပြင်ဆင်ပေးမယ်။ ”
“ငါ မနက် အစောကြီးမထနိုင်ဘူး ဟယ်။ ညနေပိုင်းလောက် သွားကစားကြရအောင်။ ”သူဇာတစ်ယောက်ဈေးဆစ်ပြန်သည်။
“ဟဲ့ ညနေဆိုရင် ကလေးတွေ ကျောင်းက ပြန်လာတော့မယ်။ ကလေးအဖေလည်း ရုံးကပြန်လာမယ်လေ။ ငါ ညနေပိုင်း အလုပ်သိပ်ရှုပ်တယ်။ မနက်ခင်း စောစောလေးပဲသွားတာကောင်းပါတယ်။ ကလေးတွေလည်း မနိုးသေးဘူး။ ယောကျ်ားလည်း မထသေးခင် သွားကစားကြတာပေါ့။ ပြီးရင် ပြန်ရုံပဲ”
“အစောကြီးမထနိုင်ပါဘူးဆိုမှ”
“ဟဲ့ နင်က အစောကြီးမထနိုင်ရအောင် နင့်မှာ ဘာအလုပ်တွေများရှိနေလို့လဲ။ ငါ့လို ရုံးသမားလည်း မဟုတ်ပဲနဲ့။ အိမ်မှာတစ်နေကုန်နေနေတဲ့ သူကများ။ ငါက ညနေဆိုရင် ကလေး ကိစ္စ ယောကျ်ား ဝေယျာ ဝစ္စတွေရှိသေးတယ်။”
“ညဖက်တွေဆိုရင် ငါကိုကိုနဲ့တစ်ခါတစ်လေ online မှာ စကားပြောတယ်။ ကိုကို ကမ်းကပ်တဲ့ အချိန်ေလေး ပြောရတာလေ။ ည သန်းခေါင်ကျော်တွေ ဖြစ်ဖြစ်သွားတတ်တယ်”
“နေ့တိုင်းပြောတာလဲ မဟုတ်ပါဘူး” အင်ကြင်းတစ်ယောက် မျက်စောင်းထိုးရင်း ပြောလိုက်သည်။
“နေ့တိုင်းတော့လဲ ဘယ်ဟုတ်မလဲ။ ညဖက်ဆိုရင် Facebook လေးကြည့်လိုက် TV လေးကြည့်လိုက်နဲ့ ငါ ညဉ့်နက်မှ အိပ်ဖြစ်တယ်။ မနက်စောစောလည်းမထဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ကိုရီးယား ဇာတ်လမ်းတွဲတွေ ဝယ်ကြည့်တဲ့နေ့ဆိုရင် မနက်ခင်းမှ အိပ်တာ”
“သေပါတော့ မိသူဇာရယ်။ နင်ဒါကြောင့် ဝနေတာပေါ့။ ညမအိပ်ပဲ ညဉ့်နက်သန်းခေါင်အထိနေတယ်။ မနက်မိုးလင်းခါနီးမှ အိပ်တယ်။ ဟုတ်တယ်မလား”
“ဟုတ်တယ်။ငါကိုကိုသွားကတည်း ဒီလိုမျိုးပဲ”
“ဒါကြောင့်နင်ဝနေတာပေါ့။ ညဖက် မအိပ်တဲ့သူတွေက ဝတတ်တယ်လေ။”
“ဟုတ်လို့လား။” သူဇာတစ်ယောက် မယုံသင်္ဂါနှင့် မေးလိုက်သည်။
“ငါက မဟုတ်ပဲနဲ့ နင်ကို လျှေက်ပြောနေတာ မဟုတ်ဘူးနော်။ ညဖက်သန်းခေါင်ကျော်မှ အိပ်တတ်တဲ့သူတွေမှာ ကိုယ်အလေးချိန်တိုးလာတယ်ဆိုတာ လူတိုင်းသိတယ်။”
“ငါမသိဘူး” သူဇာတစ်ယောက်ပြန်ငေါ့လိုက်သည်။
“မသိတာက ပိန်းလို့ပဲ။ ညဖက်မအိပ်ပဲ နေ့ခင်းဖက်တွေ အိပ်နေတာမလား။ နင်အဝလွန်တာတောင်ဖြစ်လာဦးမယ်။ ရေရှည်မှာ ဆိုရင် နင့်ရဲ့ကျန်းမာရေး ကို ထိခိုက်လိမ့်မယ်။ ငါက စေတနာနဲ့ပြောတာ။”
“အေးပါဟယ်”
“gym သွားမဆော့ချင်ရင်တောင် နင်အိပ်ချိန်လေးကို ပုံမှန်ဖြစ်အောင်လုပ်လိုက်။ နင် အရင်လိုပြန်ပိန်သွားလိမ့်မယ်။ နင်က အစားအသောက်လည်း အများကြီးစားနေတာ မဟုတ်ပါဘူူး။ စိတ်ချ။ ပြန်ပိန်သွာလိမ့်မယ်။”
“ဟုတ်လို့လား”
“ဟုတ်တာပေါ့။ယောကျ်ားလည်း ပြန်လာခါနီးပြီ။ ပိန်ပိန်လေးဖြစ်အောင်ကြိုးစားလိုက်စမ်းပါ။”
“အေးပါဟယ်။ ငါလည်း အရင်လို ခန္ဓာကိုယ် လှလှလေး ဖြစ်ချင်ပါတယ်။”
“အေး .ဒါဆိုငါပြောသလို ညဖက်ကို နောက်ကျမှ အိပ်တဲ့ အကျင့်ကို ပြင်။ ဟုတ်ပြီလား။” အင်ကြင်းတစ်ယောက် သူဇာကို နားချလိုက်သည်။
“အိုကေ ကြိုးစားကြည့်မယ်လေ” အင်ကြင်းတစ်ယောက် ကြိုးစားကြည့်မယ်လို့ပြောသည်ကို သဘောကျပုံမရ။
“အမယ်လေးတော် ငါ့ကိုဂတိတွေပေးမနေနဲ့ နင်သာ ကြိုးစားပြီး ဝိတ်ချ. ပြောကို မပြောချင်ဘူး။ စိတ်လေပါတယ်” အင်ကြင်းတစ်ယောက်အမျိုးမျိုး မြည်တွန်တောက်တီးပြီး ပြန်သွားလေသည်။
သူဇာတစ်ယောက် ကိုကိုသွားပြီးကတည်း က အိပ်ချိန်များက မမှန်ကန်ခဲ့။ ညဖက် ညဉ့်နက်သန်းခေါင်အထိ ကိုရီးယားကားများကြည့်လို ကြည့်။ Online တွေ Facebook ကြည့်လိုကြည့်နှင့် သူဇာတစ်ယောက် ညဖက်အိပ်ချိန်များနည်းပါးခဲ့သည်။ ဒါကြောင့် ဝသည်ဟုလည်း အင်ကြင်းက ပြောသွားသည်။ ကိုကို ပြန်လာခါနီး ကိုယ်အလေးချိန်လေး ကျနေချင်သည်။ ကြိုးစားကြည့်ရဦးမည်။ ဒီနေ့ ည က စ၍ ကြိုးစားကြည့်မည်။
Author – ဒေါက်တာအေးချမ်းမိုး