သင့်အရေပြားကျန်းမာရဲ့လား
မိန်းမသားတစ်ယောက်မှာ အရိုး၏ကောင်းခြင်း၊ အရေ၏ကောင်းခြင်း၊ ဆံပင်၏ကောင်းခြင်း၊အသား၏ကောင်းခြင်း၊ အရွယ်၏ကောင်းခြင်းဆိုပြီး ကောင်းခြင်း ငါးဖြာရှိပါတယ်။
အခုတစ်ခါ တင်ပြချင်တာကတော့ အရေ၏ကောင်းခြင်းနဲ့ဆိုင်တဲ့ အကြောင်းပါ။ အရေပြားကျန်းမာမှသာ အရွယ်တင်နုပျိုပြီး အရွယ်၏ကောင်းခြင်းကို ရရှိမှာပါ။ အခုခေတ်မှာဆိုရင် အမျိူးသမီးတွေသာမက အမျိူးသားတွေပါ အရေပြား ထိန်းသိမ်းမှုတွေ လုပ်လာကြပါတယ်။ ဒါကြောင့် အရေပြားကျန်းမာစေမည့် နည်းလမ်းတွေကို တင်ပြလိုက်ရပါတယ်။
အသားရေစိုပြေဖို့အတွက် ရေဓာတ်က အရေးကြီးပါတယ်။ ရေလုံလောက်စွာ သောက်သုံးပါ။ တစ်နေ့ကို အနည်းဆုံးရေ နှစ်လီတာ သောက်ဖို့လိုပါတယ်။ အများဆုံးကတော့ လေးလီတာအထိ သောက်နိုင်ပါတယ်။
လူတွေအသက်ရှူသလို အရေပြားဆဲလ်လေးတွေလဲ အသက်ရှူကြပါတယ်။ ပြင်ပလေထုထဲက ဖုန်တွေ၊ အညစ်အကြေးတွေနဲ့ နေတိုင်းထိတွေ့နေရတဲ့အခါမှာ အရေပြားဆဲလ်လေးတွေ oxygen မဝကြရှာပါဘူး။ အဲ့အခါမှာ ဖရီးရက်ဒီကယ်လ်ခေါ် ဓာတ်စုလွတ် ပစ္စည်းတွေများလာပြီး အိုမင်းရင့်ရော်မှု့ကို ဖြစ်စေပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် အန်တီအောက်ဆီးဒန့်ခေါ် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါတဲ့ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေကို စားသုံးရပါမယ်။
လုံလောက်တဲ့အိပ်ချိန်နဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိဖို့လည်းလိုပါတယ်။ အိပ်ချိန်မလုံလောက်ပါက မျက်ကွင်းညိုတာ၊ အသားအရေခြောက်သွေ့တာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းသည် သွေးလည်ပတ်မှုကို ကောင်းစေပြီး ချွေးထွက်စေတာမို့ အရေပြားထဲမှာရှိတဲ့ အဆိပ်တောက်တွေကိုဖယ်ရှားနိုင်တဲ့အပြင် အသားရေလည်း စိုပြေတောက်ပစေပါတယ်။
အရေးကြီးတဲ့အချက် တစ်ချက်က အခုခေတ်မှာ စားဝတ်နေရေးအတွက် အပြင်ထွက်လှုပ်ရှားတဲ့နေကြရပါတယ်။ အဲ့လိုအပြင်ထွက်တဲ့အခါမှာ နေရောင်ကာ ခရင်လိမ်းတာ၊ အကျီလက်ရှည်ဝတ်တာ၊ ထီး၊ဦးထုပ်ဆောင်းတာတွေ လုပ်ဖို့လိုပါတယ်။ အကာအကွယ်မပါဘဲ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းဟာ အမဲစက်တွေ ဖြစ်လာတာ၊ နေလောင်ပြီး အသားရေပျက်စီးတာ၊ အရေအကြောင်းတွေ ပေါ်လာတာတွေကိုဖြစ်စေနိုင်ပါတယ်။
အဆီအဆိမ့်၊ အငန်လျှော့စားပါ။ အဆီဓာတ်များရင် အငန်ဓာတ်များရင် ဝက်ခြံပေါက် စေနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ကတော့ မျက်နှာသစ်ပစ္စည်းတွေ သုံးမယ်ဆိုရင် ဗီတာမင်တွေပါတဲ့ ပစ္စည်းမျိူးကိုသုံးပါ။ စိတ်ဖိစီးမှုကိုလည်း လျှော့ပါ။ စိတ်ဖိစီးစရာများရင် စိတ်ထောင်းကိုယ်ကြေ ဆိုတဲ့စကားအတိုင်း အိုမင်းရင့်ရော်လာနိုင်လို့ပါ။ Skin Care တွေသုံးမယ်ဆိုရင်လည်း အရည်သွေးကောင်းသော၊ ယုံကြည်စိတ်ချရသော Skin care တံဆိပ် မျိုးကိုသာ ရွေးချယ်သုံးစွဲသင့်ပါသည်။ ဒီအတွက် ပိုက်ဆံပိုကုန်ကျမှာကို မနှမြောပါနဲ့။ မိမိကျန်းမာရေးအတွက် ရင်းနှီးမြုပ်နှံတယ်လို့ပဲ သဘောထားလိုက်ပါ။
Author : သီတာနွယ်(အမရပူရ)