ဝက်ခြံအဓိက ထွက်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ် ။ အဓိက ဝက်ခြံထွက်တဲ့နေရာတွေက အားလုံးသိပြီးသားဖြစ်မှာပါ မျက်နှာမှာထွက်ပါတယ်။ နှာဖူး၊ နှာခေါင်း၊ မေးစေ့က T zone လို့ခေါ်တဲ့ နေရာတွေမှာ အများဆုံးတွေ့ရပါတယ်။ ဒီနေရာတွေမှာပဲပေါက်တာတော့ မဟုတ်ပါဘူး မျက်နှာရဲ့ ဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက်တွေမှာ အဖြစ်များတာက နဖူးမှာ အရင်ဆုံး ထွက်ပြီး လူကြီးတွေဆိုရင်တော့ မေးစေ့ နဲ့ မေးရိုး နေရာတွေမှာ အဖြစ်များပါတယ်။ လည်ပင်း၊ ရင်ဘတ်၊ နဲ့ ကျောကုန်းတွေမှာလည်း ဝက်ခြံ ထွက်တတ်ပါတယ်။ ဒါပေမယ့် အဖြစ်နည်းပါတယ်။
အရေပြားမှာ အဆီဂလင်းတွေ များရင်ပိုပြီး ဖြစ်နိုင်ပါတယ်။ ဝက်ခြံလုံးဝ မထွက်တဲ့နေရာက အဆီ ဂလင်း လုံးဝ မရှိတဲ့ ခြေဖဝါး လက်ဖဝါး လိုနေရာတွေပဲ ကျန်ပါတယ်။ အဆီဂလင်းပိုကြီးပြီး ပိုများတဲ့ အဆီပြန်တဲ့ oily skin တွေက ခြောက်သွေ့တဲ့အရေပြား dry skin တွေထက် ဝက်ခြံပိုထွက်များပါတယ်။ ဝက်ခြံ အထွက်နည်းများက ဘာတွေပေါ်မူတည်နေလဲ ဆိုရင်ခန္တာကိုယ်က ဟော်မုန်းထွက်များတာ၊ မျက်နှာသန့်ရှင်းရေးအားနည်းတာတွေ၊ ကိုယ်ခံအားနည်းတာတွေပေါ်မူတည်ပါတယ်။ မျက်နှာပေါ်မှာ ချွေးပေါက်တွေပိတ်တာလောက်ဆိုရင်တော့ သိပ်မဆိုးသေးပါဘူး ။
အများစု 60% လာက်သော ဝက်ခြံတွေက ဒီလိုမျိုး သိပ်မဆိုးတာတွေ အဖြစ်များပါတယ်။ နည်းနည်းလေး ဆိုးလာတာကတော့ အရည်ကြည်ဖုတွေ ရောင်ရမ်းနေတာကို တွေ့ရပါတယ်။ အရည်အိတ်တွေ nodules ကဲ့သို့ အကျိတ်ကြီးတွေ လိုဖြစ်လာရင်တော့ ပိုပြီးဆိုးလာတာကို တွေ့ရမှာပါ။ အဲလိုဆိုရင်တော့ ပျောက်ဖို့ကို အချိန်ပိုကြာလာမှာပါ။ လနဲ့ချီပြီး ကြာနိုင်ပါတယ်။ ဝက်ခြံပေါက်ပြီးနောက်ပိုင်း ရောင်ရမ်းမှုကြောင့် အရောင်ထင်ကျန်တာတွေက ပျောက်ကင်းအောင် ဖယ်ရှားနိုင်ဖို့ ခက်ခဲပါတယ်။
အချိန်ကြာနိုင်ပါတယ်။ ဝက်ခြံပျောက်သွားပေမယ့် ကျန်ခဲ့တဲ့အမာရွတ်တွေကို သေချာအချိန်ပေးပြီး ကုသရပါတယ်။ လိုအပ်ရင် လေဆာနဲ့ကုသရတာတွေ၊ chemical peeling လို့ခေါ်တဲ့ အရေပြားကို ဆေးလိမ်းပြီး သန့်စင်တာတွေကို အချိန်ကြာကြာယူပြီး ကုသရပါတယ်။ စိတ်ရှည်ရပါတယ်။
အစားအသောက်ကလည်း အရမ်းအရေးကြီးပါတယ်၊ ဝက်ခြံအဖြစ်များတဲ့ အစားအသောက်တွေက နို့ထွက်ပစ္စည်း၊ ပြည့်ဝဆီ တွေအစားများရင် ဝက်ခြံအထွက်များနိုင်ပါတယ်။ အိပ်ရေးဝဝအိပ်၊ ရေများများသောက်၊ stress နည်းအောင်နေမယ်ဆိုရင် အကောင်းဆုံးပါပဲနော် ။ ကျန်းမာ လှပကြပါစေ။
Dr. Lynn