သဘာဝ က ပေးတဲ့ဆေးတစ်ခွက် (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားအားကစား
အခုလို မိုးရာသီနဲ့ ဆောင်းရာသီတို့ မှာ လူအတော်များများ ကိုယ်လက်လှုပ်ရှားမှု နည်းတတ်ကြပါတယ်။ အကျိုးဆက်အနေနဲ့ ကိုယ်၊စိတ် လေးလံထိုင်းမှိုင်းခြင်း၊ ကိုယ်ခံအားနည်းခြင်း တို့ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူတိုင်း လူတိုင်း နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု သို့မဟုတ် အားကစား တစ်ခုခု ကို ပုံမှန် လုပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလို့ဆိုရာတွင် ရေကူးခြင်း၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်း နှင့် ကခုန်ခြင်း တို့ပါဝင်ပါတယ်။ အဆိုပါ ကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်လုပ်ခြင်းဖြင့် ဘာအကျိုးကျေးဇူးတွေ ရှိလဲ ဆိုတာဖော်ပြပေးလိုက်ရပါတယ်။
ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ခြင်းဖြင့်ရရှိနိုင်သော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ
၁.သင်၏စိတ်အားပျော်ရွှင်စေခြင်း
-လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် စိတ်ခံစားမှု ကို မြှင့်တင်စေသည့်အပြင် စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်မှုဖြစ်ခြင်း နှင့် စိတ်ဖိစီးမှု များကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်းဟာ စိတ်ဓါတ်ကျခြင်းကို ဖြေလျော့ပေးသော ဆီရိုတိုနင် နှင့် နော်အယ်ရီနယ်လင် ဓါတ်ကို မြှင့်တင်ပေးပါတယ်။ ထို့အပြင် အင်ဒေါ်ဖင် ဓါတ်ကိုပါတက်စေသော ကြောင့် ပျော်ရွှင်မှု ကိုမြှင့်တင်ပေးပါတယ်။ လေ့လာချက် တစ်ခု အရ စိတ်ကျ ရောဂါ ခံစား နေရသူ ၂၄ ယောက်အား ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ခိုင်းစေခြင်းဖြင့် စိတ်ကျဝေဒနာ အား အတော်သက်သာစေတာတွေ့ရပါတယ်။
၂.ကိုယ်အလေးချိန်ကျရန် ကူညီပေးခြင်း
-ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဟာ ဝိတ်တက်ခြင်းနှင့် အဝလွန်ခြင်း အားဖြစ်စေသော အဓိက အကြောင်းအရာ တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လေ့ကျင့်ခန်း တစ်ခုခု ပုံမှန်လုပ်ခြင်းဖြင့် ကယ်လိုရီများ ကို လောင်ကျွမ်းစေကာ ကိုယ်အလေးချိန်ကျ ရန်ကူညီပေးပါတယ်။
၃.သင်၏ ကြွက်သား နှင့် အရိုးအား ကောင်းစေခြင်း
-ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ခြင်းသည် ကြွက်သား နှင့် အရိုး တည်ဆောက်ခြင်း နှင့် ထိန်းသိမ်းခြင်းကို အထောက်အကူပြုပါတယ်။ လုံလောက်သော အသားဓါတ်နှင့် အလေးမခြင်း ကဲ့သို့သော လေ့ကျင့်ခန်း နှင့် ပေါင်းလိုက်လျှင် ကြွက်သား တည်ဆောက်ခြင်းကို လွန်စွာ အထောက်အကူပြုစေပါတယ်။ ထို့အပြင် အသက်ကြီးလျှင် ဖြစ်တတ်သော အရိုးပါးခြင်း အားလည်း ကာကွယ် ပေးနိုင်ပါတယ်။
၄.သင်၏ စွမ်းအင်၊ ခွန်အားကို မြှင့်တင်ပေးခြင်း
-လေ့ကျင့်ခန်း လုပ်ခြင်းမှာ ရောဂါ ဝေဒနာ တော်တော် များများ ကြောင့် အားမရှိသူများ အတွက် စွမ်းအင်ကို မြှင့်တင်ပေးနိုင်သော အရာတစ်ခုပင်ဖြစ်ပါတယ်။ နာတာရှည် နုံးခြင်းကို ခံစားနေရသူတို့ အတွက်လည်း ကိုယ်လက်လှုပ်ရှား မှု တစ်ခုခုလုပ်ခြင်း မှာ လွန်စွာ အကျိုးရှိသော ကုသမှုပင်ဖြစ်ပါတယ်။
၅.နာတာရှည်ရောဂါများ ဖြစ်ပွားမှုကို လျော့ချပေးခြင်း
-ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အင်ဆူလင် တက်စေခြင်း၊ နှလုံးကျန်းမာခြင်း၊ သွေးပေါင်ချပေးခြင်း နှင့် သွေးထဲရှိ အဆီပမာဏ ကျခြင်း တို့ကို ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းလျှင် အဆီ များခြင်း၊ ဆီးချို နှင့် နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများခြင်း တို့ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပုံမှန် ကိုယ်လက် လှုပ်ရှားမှု တစ်ခုခု လုပ်ခြင်းဟာ အထက်ပါ အခြေအနေများ ကို အထိုက်အလျောက် ကာကွယ် နိုင်ပါလိမ့်မယ်။
၆.အသားအရေ လှစေခြင်း
-ကိုယ်လက်လှုပ်ရှားမှု လုပ်လျှင် အန်တီအောက်ဆီဒန့်ထွက် ကာ အရေပြား ရှိဆဲလ်များ ယိုယွင်း ပျက်ဆီးမှုကို ဖြစ်စေပါတယ်။ ထို နည်းတူစွာ လေ့ကျင့်ခန်းမှာ သွေးလည်ပတ်မှုကို ကောင်းစေ ကာ အရေပြား အိုမင်းမှုကို နှေးကွေးစေပါတယ်။
၇.သင်၏ ဦးနှောက်ကျန်းမာရေး ကို ကောင်းစေကာ မှတ်ဉာဏ်ကို အထောက်အကူပြုစေခြင်း
-နှလုံးခုန် မြန်စေပြီး သွေးလည်ပတ်မှု ကောင်းစေကာ ဦးနှောက်ထဲ သို့ အောက်ဆီဂျင်ဝင်ရောက်ရန် အားပေးပါတယ်။ ထို့အပြင် ဦးနှောက်ဆဲလ် ကြီးထွားမှုကို လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် မှတ်ဉာဏ်အားကို တိုးပွားစေပါတယ်။
၈.စိတ်ဖြေလျော့ပြီး၊ အိပ်ပျော်စေရန်အားပေးခြင်း
-လေ့လာချက် တစ်ခုအရ တစ်ပတ်လျှင် ၁၅၀ မိနစ် ခန့် လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကောင်းမွန်စွာ အိပ်ပျော်စေခြင်းကို ၆၅ ရာခိုင်နှုန်း ပိုမို ကောင်းမွန်စေတယ်လို့ အဆိုရှိပါတယ်။ ဒါကြောင့် အိပ်မပျော်ခြင်း ဝေဒနာ ခံစားနေရသူအနေဖြင့် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု ပြုလုပ်သင့်ပါတယ်။
ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ်ခြင်းဖြင့် သာယာကောင်းမွန် ပြီး ကျန်းမာသော ဘဝများ ကို အရယူကြပါစို့…..
Dr. Z