၀က်ခြံဆိုတာ လူတိုင်းသိပါတယ်။ ဝက်ခြံတွေ ထွက်လာပြီဆိုရင် လူငယ်လူလတ်ပိုင်းတွေမှာ တွေ့ရ အများဆုံးပါ။ဝက်ခြံဟာများသောအားဖြင့်မျက်နှာမှာ ပေါက်ပါတယ်။
တခြားနေရာတွေ ဖြစ်တတ်တဲ့ နေရာတွေကတော့ လည်ပင်း၊ ကျောဘက်နဲ့ ပုခုံးတွေမှာပါ။ ဝက်ခြံဟာ အနာကျက်တာ နှေးပါတယ်။ တချို့က ကျတော့ ဝက်ခြံကိုအစုလိုက်ထွက်တတ်ပါတယ်။ဝက်ခြံရဲ့ ပြင်းထန်မှုပေါ်မူတည်ပြီးစိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ အရေပြားမှာလည်း အနာရွတ်ကျန်တတ်ပါတယ်။ ကောင်းတာ တစ်ချက်က ထိရောက်တဲ့ ကုသမှုတွေ ရှိလာသလို စောစောကုရင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု လျော့နည်းစေပါတယ်။ ဝက်ခြံဖြစ်စေရတဲ့ အကြောင်း သုံးခုရှိပါတယ်။ အဆီထွက်တာများလို့ အရေပြားဆဲလ်တွေသေပြီး ကြွေကျလို့ ဘက်တီးရီးယားပိုးတွေရှိနေတဲ့အတွက်ကြောင့်ပါ။ဝက်ခြံဟာအမွှေးအရင်းထွက်ရာနေရာမှာအဆီတွေ၊ သေဆုံးနေတဲ့ ဆဲလ်တွေနဲ့ ပိတ်ဆို့တဲ့အခါ ဖြစ်လာပါတယ်။ မွှေးညင်းပေါက်ဟာ အဆီအိတ်လေး တွေနဲ့ ဆက်သွယ်ထားပါတယ်။ အဲဒိ အဆီအိတ်တွေက အဆီထုတ်ပေးပြီး အမွှေးနှင့် အရေပြားကို ချောဆီ သဘောမျိုးလုပ်ဆောင်ပေးပါတယ်။အကယ်၍အဆီနှင့် သေဆုံးသောဆဲလ်တွေဖြစ်တာများရင် မွှေးညင်းပေါက်မှာပိတ်ဆို့ကာဘက်တီးရီးယားပိုးအတွက် နေထိုင်ရာဖြစ်လာစေပါတယ်။ဝက်ခြံကိုပိုဆိုးစေတဲ့အချက်တွေကတော့ ဟော်မုန်းဓာတ်ဖြစ်တဲ့Androgen ဟော်မုန်းပါ။ ယောကျာ်း လေးတွေ၊မိန်းကလေးတွေ၊ အရွယ်ရောက်လာရင် အထွက်များပါတယ်။ အဲဒိအခါ အဆီအိတ်ကို ကြီးမား စေကာ အဆီပိုထွက်စေပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ထွက်ရှိတဲ့ ဟော်မုန်းနဲ့တားဆေးသောက်လို့ထွက်တဲ့ ဟော်မုန်းဓာတ်ဟာလည်းအဆီပိုထွက်စေပါတယ်။ နောက်တစ်ခုက ဆေးဝါးတွေပါ။ Steroid ပါသော ဆေးတွေ၊ Androgen နဲ့ Lithium ပါသော ဆေးတွေကလည်းဝက်ခြံပိုထွက်စေပါတယ်။သကြားဓာတ်များစေသောအစာ၊ကာဗွန်ဟိုက်ဒရိတ်ပါသော အစားအစာတွေကလည်း ဖြစ်စေပါတယ်။ ဝက်ခြံတစ်ခုဟာ ပုံစံနှစ်မျိုးတွေ့ရနိုင်ပါတယ်။ မရောင်သော ဝက်ခြံနှင့် ရောင်နေသော ဝက်ခြံဆိုပြီးပါ။ ပွင့်နေတဲ့ မွှေးညင်းပေါက်တွေဟာ အဆီ၊ ဆဲလ်အသေ၊ ဘက်တီးရီးယားပိုးမွှားတွေနဲ့ ပိတ်တဲ့အခါ မရောင်သော ဝက်ခြံဖြစ်လာပါတယ်။ အဲ့ဒါကို Comedones လို့ ခေါ်ပါတယ်။ အဲဒါလေးတွေက အရေပြားကနေ ပွင့်နေတတ် သလို ပိတ်နေတတ်တာလည်း ရှိပါတယ်။ ရောင်နေတဲ့ ဝက်ခြံဆိုတာကျတော့ လေးမျိုးရှိနိုင်ပါတယ်။ တစ်မျိုးက Papules လို့ ခေါ်တဲ့ ကြွတက် နေတဲ့ ဖုလေးတွေပါ။ သေးတဲ့ ဖုလေးတွေဟာ နီပြီး နာတတ်ပါတယ်။ အဲဒိကမှ နဲနဲဆိုးလာရင် Pustules လို့ခေါ်တဲ့ ပြည်ရှိနေတဲ့ ဝက်ခြံတွေပေါ့။ နောက်တစ်ခုက Nodules လေးတွေပါ။ သူတု့ိကျတော့ အရွယ်အစား ကြီးပြီး အရေပြားအောက်ရှိတဲ့ ဖုလေးတွေပါ။ သူတို့ကလည်း နာပါတယ်။ နောက်ဆုံးတစ်မျိုးကတော့ Cysts လို့ခေါ်တဲ့ အိတ်ကလေးတွေပါ။ သူလဲနာတယ်။ အရေပြားအောက်ထဲမှာရှိနေတဲ့ ဖုလေးထဲမှာ ပြည်နဲ့ ပြည့်နေ တတ်ပါတယ်။ အဲဒိဟာ အရေပြားမှာ အနာရွတ်ဖြစ်စေပါတယ်။ ဝက်ခြံရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက ဘာတွေဖြစ်နိုင်လဲဆို အရင်ဆုံး ဝက်ခြံထွက်လာရင် စိတ်ညစ်ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်လာပါတယ်။ နောက်ဆုံးစိတ်တိုပြီး အဲ့ဒိဝက်ခြံကို ညစ်ထွက် ဖောက်ထုတ်လျှင် အခန့်မသင့်လျှင် ပိုးဝင်တတ်ပါတယ်။ ပေါက်သွားလို့ အနာပြန်ကျက်သွားရင်လည်း အရေပြား အနာရွတ်အနေနဲ့ ကျန်ခဲ့တတ်ပါတယ်။ ဝက်ခြံဟာ ကိုယ်ဘာသာ အိမ်တွင်းကုထုံးတွေ၊ စပ်ဆေးတွေ သောက်လို့မရရင် ဆရာဝန်နဲ့ လာပြသင့် ပါတယ်။ ဝက်ခြံကို စောစောစီးစီး ကုသပေးရင် အရေပြားအနာရွတ်ဖြစ်တာကျဆင်းစေသလို၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတာကိုလည်း လျော့စေပါတယ်။ လိုအပ်လို့ရှိရင် အရေပြား ဆရာဝန်ဆီလွှဲပေးရတတ်ပါတယ်။ ဝက်ခြံကုသမှုမှာ လိုအပ်တာက အဆီထွက်ရှိမှု နည်းရမယ်။ အရေပြားဆဲလ်အသစ်တွေဖြစ်တာ မြန်ရ မယ်။ ဘက်တီးရီးယားပိုးကောင်တွေ သေရမယ်။ ရောင်ရမ်းမှုလျော့ကျစေရပါမယ်။ ကုသချိန် လေးပတ်ကနေ ရှစ်ပတ်လောက်ထိ ကြာတတ်ပါတယ်။ အရေပြားမှာရှိတဲ့ ဝက်ခြံတွေဟာလည်း မသက်သာခင်မှာ ပိုဆိုး သွားပါတယ်။ပြီးမှသက်သာသွားပါတယ်။ကုသမှုပိုင်းမှာလိမ်းဆေးရှိသလို့ သောက်ဆေးလည်းရှိပါတယ်။ သောက်ဆေးကိုတော့ကိုယ်ဝန် ဆောင်တွေမှာမသုံးသင့်ပါဘူး။လိမ်းဆေးတွေထဲမှာဆိုရင် အဓိကပါရမဲ့ဆေးက Benzoyl Peroxide တို့ Slicylic Acid ပါသော ဆေးလိမ်းပေးလို့ ရပါတယ် လိမ်းဆေးကို သိပ်မဆိုးတဲ့ ဝက်ခြံတွေမှာ သုံးပါတယ်။ စစလိမ်းချင်းမှာ အရေပြား ခြောက်သွေ့ခြင်း၊ အရေပြား အလွှာလိုက်ကွာကျတတ်ပါတယ်။ ဆေးလိမ်းပြီး တစ်လ လောက်ဆို သက်သာသွားပါတယ်။ အဲဒိ လိမ်းဆေးမှမရရင် အရေပြားဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း Tretinoin ဆေးတွေ၊ Adapalene ဆေးတွေ၊ Tazanotene ဆေးတွေ လိမ်းလို့ ရပါတယ်။ ဒီဆေးတွေဟာ ဆဲလ်အသစ်ဖြစ်ပေါ်မှုကို ဖြစ်ပေါ်စေကာ မွှေးညင်းပေါက်ပိတ်ခြင်းကိုကာကွယ်ပေးပါတယ်။ဘက်တီးရီးယားပိုးကိုလည်း သေစေပါတယ်။ သောက်ဆေးကျတော့အဓိကပိုးသတ်ဆေးပါ။ပိုးသတ်ဆေးကိုကျတော့ဆိုးတဲ့ဝက်ခြံတွေမှာသုံးပါတယ်။ ဘက်တီးရီးယားကို သေစေသလို ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ ဝက်ခြံမှာ ပိုးသတ်ဆေးနဲ့ စကုလေ့ မရှိပါဘူး။ ဘာကြောင့်လဲဆို ဆေးမတိုးတာတွေ ဖြစ်သွားမှာစိုးလို့ပါ။ လိုအပ်ရင်လိမ်းဆေးနဲ့ သောက်ဆေးတွဲတတ်ပါတယ်။သက်သာလာရင် ဖြေးဖြေးချင်းဆေးကို လျော့ပေးရပါတယ်။ လေ့လာချက်အရ Benzoyl Peroxide ဆေးလိမ်းပြီးမှ ပိုးသတ်ဆေးသောက်လျှင် ဆေးမတိုးတာ မဖြစ်ဘူးလို့ ပြောပါတယ်။ မိမိဘက်ကလည်း ဆောင်ရန် ရှောင်ရန်လေးတွေလည်း ရှိပါတယ်။ မျက်နှာကို ဆပ်ပြာနဲ့ ဆေးကြော သန့်စင်ပေးပါ။ ဝက်ခြံကို ကုတ်တာခြစ်တာဆီများသော အလှကုန်ပစ္စည်းမလိမ်းပါနဲ့။ အပြင်က ပြန်လာလျှင် လည်း မိတ်ကပ်ကို ဖျက်ပါ။ ဝမ်းမချုပ်ပါစေနဲ့။ ရေဓာတ်များသော အစားအစာများစားပေးပါ။ ဒါဆို ဝက်ခြံကင်းသော မျက်နှာဖုံးများ ပိုင်ဆိုင်ပြီး မိမိကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ အပြင်ထွက် နိုင်ပြီပေ့ါ။
AUTHOR – ဒေါက်တာဇွဲကောင်းချစ်
Credit to Health Care Journal (Vol-7, No-17)