မိန်းကလေးတွေမှာ အလှအပပြင်ဆင်ရင်း ဘဝရဲ့ အချိန်များ ကုန်ဆုံးကြရတယ်။ အသားအရေ၊ လက်သည်း၊ ခြေသည်း၊ ဆံပင်၊ မျက်နှာ၊ တင်၊ ရင်၊ ခါး အလှအပတွေအတွက် ပိုက်ဆံအမြောင်အမြား သုံးစွဲကြပါတယ်။ ဈေးကွက်မှာလည်း လိုချင်စရာ နိုင်ငံပေါင်းစုံက အလှအပပစ္စည်းတွေ လက်ညှိုးထိုးမလွဲ ပေါများလှတယ်။ အလှပြင်ပစ္စည်းအများစုက၊ အခန့်မသင့်ရင် ဓာတ်မတည့်မှုဖြစ်စေတယ်။ ပြစ်မျိုးမဲှ့မထင်အလှပိုင်ဆိုင်ဖို့ ဆိုတာ ငွေအကုန်အကျခံစရာ မလိုပါဘူး။ ငွေမကုန်တဲ့ သဘာဝနည်းတွေရှိပါတယ်။ ယင်းနည်းတွေမှာ အိပ်ချိန်စားချိန်မှန်ဖို့၊ စိတ်ဖိစီးမှုမရှိဖို့၊ နေ့စဉ်ကိုယ်လက်အားကစား နာရီဝက်လုပ်ဖို့ (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးတစ်ခုခုလုပ်ပေးရင် ခန္ဓာကိုယ်အချိုးအစား လှပကျန်းမာစေတယ်။
(၁) ဝက်ခြံအတွက် သွားတိုက်ဆေး။ ။ ဝက်ခြံလို အဖုအပိမ့်တွေဟာ ဆယ်ကျော်သက်တွေကြားမှာ အဖြစ်များတတ်တယ်။ ဝက်ခြံတွေက မျက်နှာ၊ ရင်ဘတ်၊ ကျောကုန်း၊ ဦးရေပြား စတဲ့နေရာတွေမှာ ဖြစ်ပေါ်တတ်တယ်။ အဆီပြန်လွန်းခြင်း၊အရေပြား၊ ဆဲလ်အသေများ စုဝေလာခြင်း၊ ချွေးပေါက်ပိတ်ခြင်း၊ ဘတ်တီးရီးယားများ စတာတွေက ဝက်ခြံဖြစ်စေတယ်။ ဝက်ခြံပေါက်တဲ့ နေရာကို အဖြူရောင်သွားတိုက်ဆေး Gel မဟုတ် အနည်းငယ်လိမ်းပြီး၊ မနက်အိပ်ရာနိုးတဲ့အခါ ရေဆေးရင် ဝက်ခြံပျောက်တယ်။
၂။ ရှားစောင်းလက်ပတ်ကလည်း ဝက်ခြံ သက်သာစေတယ်။ ရှားစောင်းလက်ပတ် အနှစ်ကိုယူပြီး ဝက်ခြံနေရာကို တစ်နေ့သုံးကြိမ် လိမ်းရမယ်။ ရှားစောင်းလက်ပတ်မှာပါတဲ့ ဓာတ်က ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားများ ဖယ်ရှားပေးရမယ်။
၃။ နှုတ်ခမ်းခြောက်နှင့် သကြား။ ။ အလှအပနဲ့ ပတ်သတ်ရင် နှုတ်ခမ်းကို မမေ့သင့်ပါ။ နူးညံ့တဲ့ ပန်းသွေးရောင် နှုတ်ခမ်းများက ပိုမိုလှပစေပြီး၊ ခြောက်သွေ့အက်ကွဲနေတဲ့ နှုတ်ခမ်းများက အလှပျက်စေတယ်။ အရည်အသွေးနိမ့်တဲ့ နှုတ်ခမ်းအလှပြင်ပစ္စည်းများ၊ နေရောင်ခြည်နဲ့ ထိတွေ့မှုများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကဖင်းစားသုံးမှုများပြားခြင်း၊ ဟော်မုန်းမညီမျှခြင်း တို့က နှုတ်ခမ်းကို ခြောက်သွေ့စေပြီး အနက်ရောင်သမ်းစေပါတယ်။
သကြားဇွန်း(၂) ဇွန်းကို ပျားရည် (၁) ဇွန်းနဲ့ရောပြီး မိနစ်အနည်းငယ်ကြာ နှုတ်ခမ်းကို ချေးချွတ်ရမယ်။ ယင်းနည်းလမ်းကို တစ်ပတ်တစ်ကြိမ် လုပ်ဆောင်ပေးရင် ဆဲလ်အသေများ ဖယ်ရှားပေးပြီး ခြောက်သွေ့အက်ကွဲမှုမှ ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်။ နှုတ်ခမ်းကို အစိုဓာတ်ထိန်းဖို့ဆိုရင် နှုတ်ခမ်းကို သံလွင်ဆီ (သို့) အုန်းဆီနေ့စဉ် သုတ်လိမ်းဖို့ လိုပါတယ်။
သွားဝါနေခြင်းအတွက် မုန့်ဖုတ်ဆိုဒါသုံး။ ။ တောက်ပတဲ့ အပြုံးပိုင်ရှင်ဖြစ်ဖို့ ပုလဲရောင်သွားလေးတွေ ပိုင်ဆိုင်ဖို့ လက်ဖက်ရည် ကော်ဖီ အလွန်အကျွံ သောက်ခြင်း၊ ကွမ်းစားခြင်း ရှောင်ပြီး ဆေးလိပ်ဖြတ်ဖို့လိုပါတယ်။ မုန့်ဖုတ်ဆိုဒါ လေးပုံတစ်ပုံခန့်ကို သွားတိုက်ဆေးအနည်းငယ် ရောပြီး၊ တစ်ပတ်တစ်ကြိမ်သွားတိုက်ပေးသင့်တယ်။ မုန့်ဖုတ်ဆိုဒါမှာပါတဲ့ ဓာတ်က သွားများရှိ အစွန်းအထင်းတွေကို ချွတ်ပါတယ်။ သည်နည်းအသုံးပြုပြီးချင်း ဘာမှ မစားမသောက်သင့်ပါဘူူး။
နောက်တစ်နည်းက လတ်လတ်ဆတ်ဆတ် လိမ္မော်ခွံ့နဲ့ ညအိပ်ရာမဝင်ခင် သွားတိုက်ပေးရင်ရတယ်။ လိမ္မော်သီးမှာ ပါဝင်တဲ့ အစွန်းချွတ်ဓာတ်ဟာ သွားများဖြူဖွေးစေပါတယ်။
(၅) မျက်လုံးအစ်ခြင်းနဲ့ သခွါးသီး။ ။ တစ်ခါတစ်ရံ အိပ်ရာကနိုးလာတဲ့အခါ မျက်ကွင်းညိုတာကြုံရမယ်။ သခွါးသီးကိုလှီးပြီး၊ မှိတ်ထားတဲ့ မျက်လုံးများပေါ် (၁၀) မိနစ်ကြာတင်ထားရမယ်။ သခွါးသီးရဲ့ ဓာတ်သဘာဝက မျက်လုံးတစ်ဝိုက် ရောင်ရမ်းခြင်း လျော့စေပါတယ်။
စတီးဇွန်းနည်းက ရေခဲသေတ္တာထဲ (၁၅) မိနစ်ကြာ ထည့်ထားတဲ့ စတီးဇွန်းရဲ့ အဖျားကနေကိုင်ပြီး ဇွန်းခွက်ကို မျက်လုံးမှိတ်ထားပြီး တစ်မိနစ်ကြာ တင်ထားရမယ်။ ယင်းအအေးဓာတ်က မျက်လုံးတစ်ဝိုက်က အရေပြားကို တင်းရင်းစေပြီး သွေးလှည့်ပတ်မှု ကောင်းမွန်စေတယ်။
(၆) အဆီပြန်တဲ့ အသားအရေအတွက် ကြက်ဥအကာ။ ။ အဆီပြန်တဲ့ အသားအရေက အိုမင်းရင့်ရော်ခြင်းကို စောစောမဖြစ်စေပေမယ့် ထိန်းသိမ်းရခက်တဲ့ အသားအရေမျိုးဖြစ်တယ်။ အဆီပြန်တဲ့ အသားအရေက မျက်နှာကို ပြောင်ဝင်းနေစေတဲ့ အပြင် ဝက်ခြံပေါက်ဖို့လည်း အားပေးပါတယ်။
ကြက်ဥအကာက အဆီများစုပ်ယူပါတယ်။ ကြက်ဥအကာကို ခလောက်ပြီး၊ မျက်နှာပေါ်လိမ်းပေးကာ အခြောက်ခံပြီး၊ ရေနွေးနဲ့ ဆေးကြောရမယ်။ တစ်ပတ်နှစ်ကြိမ် လုပ်သင့်တယ်။ ကြက်ဥအကာနဲ့ ရှောက်ရည်ရောစပ်ပြီးလည်း အသုံးပြုနိုင်တယ်။
နောက်တစ်နည်းက ခရမ်းချဉ်သီး တစ်ဝက်နဲ့ မျက်နှာကို ပွတ်တိုက်ပေးရမယ်။ (၁၅) မိနစ်ခန့်ထားပြီး ရေအေးနဲ့ ဆေးရမယ်။ တစ်ပတ် (၂) ကြိမ် လုပ်ဆောင်ရင် အဆီပြန်တဲ့ အသားအရေ လျော့တယ်။
(၇) အမည်းစက်များအတွက် မုန့်ဖုတ်ဆိုဒါ။ ။ အမည်းစက်များဆိုတာ အဆီပိတ်နေတဲ့ ချွေးပေါက်များ ဖြစ်တယ်။ ယင်းတို့က နှာခေါင်းနဲ့ နဖူးမှာ ရှိတတ်တယ်။ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို ရေအနည်းငယ်ရောပြီး အမည်းစက်ဖြစ်တဲ့ နေရာများပေါ် လိမ်းရမယ်။ စက္ကန့်အနည်းငယ်ကြာထားပြီး ရေဆေးပါ။ ယင်းနည်းလမ်းကို တစ်ပတ်နှစ်ကြိမ် လုပ်ဆောင်ပေးသင့်တယ်။
(၈) ဗောက်ပြဿနာအတွက် အုန်းဆီမွှေးနှင့် ရှောက်ရည် ။ ။ ဗောက်ပြဿနာကလည်း စိတ်အနှောက်အယှက် ဖြစ်ရတယ်။ အုန်းဆီအနည်းငယ်ကို ရှောက်ရည်နဲ့ ရောပြီး ဦးရေပြားပေါ်လိမ်းပေးရမယ်။ မိနစ် (၃၀) ခန့်ထားပြီးနောက် ခေါင်းလျှော်နိုင်တယ်။ ယင်းနည်းလမ်းနဲ့ တစ်ပတ် (၂) ကြိမ်လုပ်ဆောင်ရမယ်။ ဗောက်သေတဲ့ဆေး ကီတိုကိုနကော (Ketoconatal) ပါ ခေါင်းလျှော်ရင် shampoo ကဗောက်ထခြင်း ပျောက်စေပါတယ်။ အညွှန်းအတိုင်း ခေါင်းဦးရေပြားမှာ စိုနေစေပြီးမှ ရေလျှော်သင့်တယ်။
Author – ဒေါက်တာလွင်သန့်